ပေါက်စီစက်ရုံ လုပ်သားတွေကိစ္စ လူ့အခွင့်အရေးကော်မရှင် စစ်ဆေးနေ

ဒဂုံဆိပ်ကမ်းမြို့နယ်က ပေါက်စီစက်ရုံရှေ့မှာ နိုဝင်ဘာလ ၂၀ ရက်နေ့က လူစုလူဝေးဖြစ်ခဲ့စဉ်

Photo: ညီညွတ်သော ဒီမိုကရက်တစ်မျိုးဆက်များအဖွဲ့ချုပ်

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်က ပေါက်စီမုန့်တိုက်မှာ အလုပ်လုပ်နေကြတဲ့ ကလေးတွေကို အလုပ်ရှင်က ညှဉ်းပန်းနှိပ်စက်နေကြောင်း စွပ်စွဲချက်ကို လူမှုကွန်ရက် စာမျက်နှာတွေကတဆင့် ကြားသိရလို့ စုံစမ်းစစ်ဆေးနေတယ်လို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ကော်မရှင်က အခင်းဖြစ်ပွားတဲ့နေရာကို ကွင်းဆင်းစုံစမ်း လေ့လာခဲ့ပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများကို တွေ့ဆုံမေးမြန်းခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

သက်ဆိုင်ရာကို မြေပြင်တွေ့ရှိချက်နဲ့ သုံးသပ်အကြံပြုချက်တွေ ပေးပို့သွားမယ်လို့လည်း ကြေညာချက်မှာ ထည့်သွင်းရေးသားထားပါတယ်။

နိုဝင်ဘာလ ၁၉ ရက်နေ့က ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ အမှတ် (၈၇) ရပ်ကွက်၊ မဂ္ဂင်လမ်းနဲ့ ကျန်စစ်သားလမ်းထောင့်၊ အမှတ် (၆၂၅) နေအိမ်မှာ အလုပ်ရှင်က အလုပ်သမားတွေကို ညှင်းပန်းနှိပ်စက်တယ် ဆိုတဲ့သတင်းတွေကြောင့် ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေရာမှာ အသက် ၈ နှစ်ကနေ ၄၅ နှစ်အရွယ်အထိ အလုပ်သမား ၁၈ ဦး တွေ့ရှိခဲ့ပါတယ်။

အလုပ်သမားတွေထဲက အသက် ၁၉ နှစ်အရွယ် အလုပ်သမားတစ်ဦးက အလုပ်ရှင်က ဆူပူကြိမ်းမောင်း၊ ရိုက်နှက်တယ်လို့ စွပ်စွဲထားပြီး ကျန် ၁၇ ဦးက အဆင်ပြေတယ်လို့ ပြောကြကြောင်း၊  ရိုက်နှက်ခံရတယ်ဆိုတဲ့ အလုပ်သမားရဲ့ တိုင်ကြားချက်ကြောင့် အလုပ်ရှင် ဦးအောင်ကျော်မင်းကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၉၄၊ ၃၂၃၊ ၅၀၆ နဲ့ အမှုဖွင့်အရေးယူထားကြောင်း ဒဂုံဆိပ်ကမ်းမြို့နယ် ရဲတပ်ဖွဲ့မှူး၊ ရဲမှူး ကျော်စွာက ပြောပါတယ်။

ဒါ့အပြင် လုပ်ငန်းလိုင်စင်မရှိဘဲ လုပ်ငန်းလည်ပတ်နေတဲ့အတွက် စည်ပင်သာယာရေးအက်ဥပဒေအရ အမှုဖွင့်ထားတယ်လို့ သူက ဆိုပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေနဲ့ အဲဒီနေရာကို ရောက်လာတဲ့ လူအုပ်စု ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပါသေးတယ်။

အဲဒီဖြစ်စဉ်မှာ ရဲတပ်ဖွဲ့ဝင် ၂၈ ဦး ဒဏ်ရာရခဲ့ကြပါတယ်။

ပေါက်စီလုပ်ငန်းမှာ လုပ်နေတဲ့ လုပ်သားတွေကို ဆေးစစ်ရာမှာ ၁၀ ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိတာကြောင့် ရိုးမရိပ်သာ ကုသရေးစင်တာကို ပို့ဆောင်ထားပြီး ကျန်လုပ်သားတွေရဲ့ ကျန်းမာရေး အခြေအနေကို စောင့်ကြည့်နေပါတယ်။

ဆက်စပ်သူတွေဖြစ်တဲ့ ရဲတပ်ဖွဲ့ဝင် ၁၁ ဦးလည်း စောင့်ကြည့်ခံနေရပြီး အဲဒီထဲက ဒဂုံဆိပ်ကမ်း ရဲစခန်းမှူးမှာ ပိုးတွေ့ရှိခဲ့ပါတယ်။ အလုပ်ရှင်အမျိုးသား ဦးအောင်ကျော်မင်းနဲ့ သူရဲ့အစ်မဖြစ်သူမှာလည်း ပိုးတွေ့တဲ့အတွက် သူတို့ကိုလည်း ရိုးမရိပ်သာမှာ ဆေးဝါးကုသပေးနေတယ်လို့ ရဲမှူး ကျော်စွာက ပြောပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/dagon-seikkan-workers-case-investigation-11232020075550.html

ပေါက်စီစက်ရုံ လုပ်သားတွေကိစ္စ လူ့အခွင့်အရေးကော်မရှင် စစ်ဆေးနေ  ပေါက်စီစက်ရုံ လုပ်သားတွေကိစ္စ လူ့အခွင့်အရေးကော်မရှင် စစ်ဆေးနေ Reviewed by THITHTOOLWIN on 01:24 Rating: 5

No comments:

Powered by Blogger.