ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားနှုန်းထိန်းချုပ်ဖို့ အိမ်မှာပဲနေကြဖို့ တိုက်တွန်း


ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဟာ မြန်မာနိုင်ငံမှာ အယောက် ၇ သောင်းကျော်ရှိနေပါပြီ။ သေဆုံးသူက ၁၆၀၀ ကျော် ရှိပါတယ်။ ဗိုင်းရပ်စ်ပိုးတွေ ပိုပြန့်ပြီး ကူးစက်နိုင်တဲ့ ဆောင်းရာသီကို ရောက်တော့မှာဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ ခရီးသွားတာ၊ လူစုလူဝေးလုပ်တာတွေကို ရှောင်ပြီး အိမ်မှာသာနေကြဖို့ နိုဝင်ဘာ ၁၉ ရက်မှာ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

အခုချိန်မှာ ရောဂါပြန့်ပွားမှုတိုးလာတာတွေရှိတာကြောင့် အခုလို အိမ်မှာနေဖို့ပန်ကြားတာဖြစ်တယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။

ဒါ့အပြင်၂၀၂၀ အထွေထွေရွေးကောက်ပွဲအကြို ကာလနဲ့ ရွေးကောက်ပွဲနောက်ပိုင်း ဖြစ်ပေါ်ခဲ့တဲ့ လူစုလူဝေးတွေကြောင့် ရောဂါကူးစက်မှုရှိမရှိ စောင့်ကြပ်နေတယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေဟာ ရွေးကောက်ပွဲကာလအပြီးမှာ ပိုတက်လာတာကို တွေ့ရတယ်လို့ နိုဝင်ဘာ ၁၆ ရက်က ပြည်သူများသို့ အစီရင်ခံတင်ပြတဲ့ မိန့်ခွန်းမှာ ထည့်ပြောပါတယ်။

အရင်ကူးစက်ခံရသူ ၁ ထောင်ဝန်းကျင် ရှိနေတာကနေ ရွေးကောက်ပွဲအပြီး ၁ ပတ်အကျော်မှာ တစ်ရက်ကို ၁၅၀၀ ကျော်အထိ မြင့်တက်လာတာကို ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွေအရ တွေ့ရပါတယ်။

လူဦးရေ ၅၂ သန်းရှိတဲ့ မြန်မာနိုင်ငံမှာ ၂၀၁၆ ခုနှစ်၊ ဧပြီလကနေ ၂၀၁၉ မတ်လအထိ အမြဲတမ်းဝန်ထမ်း ဆရာဝန်ထမ်း ၁၈၀၀၀ နီးပါးသာ ရှိပါတယ်။ ဒီနှုန်းအရဆိုရင် လူ ၃၀၀၀ မှာ ဆရာဝန် တစ်ယောက်နှုန်း လောက်သာ ဆေးကုသခွင့်ရတဲ့အနေအထားပါ။ ဒါကြောင့် ကိုရိုနာဗိုင်းရပ်ကပ်ဘေးကြားထဲမှာ ပြည်သူတွေအနေနဲ့ ကျန်းမာရေးအရ ဂရုပြုနေထိုင်ကြဖို့ အထူးလိုအပ်နေပါတယ်။

ဗိုင်းရပ်စ်ပိုးတွေဟာ ရာသီဥတုပူတာကို ကြောက်ကြပြီး ရာသီဥတုအေးတာကို ကြိုက်တဲ့အတွက် ဆောင်းရာသီမှာ လူတွေကိုပိုးကူးစက်နိုင်တာဖြစ်တယ်လို့ အထွေထွေရောဂါကု ဒေါက်တာ ကျော်စွာဦးက ပြောပါတယ်။

ရွေးကောက်ပွဲ မဲဆွယ်ကာလတွေအတွင်းမှာတင် လူတွေတော်တော်များများ အပြင်ထွက်လာကြပါတယ်။ ရွေးကောက်ပွဲပြီးသွားတဲ့အခါမှာလည်း အောင်နိုင်ရေးအတွက် လူတွေစုရုံးခဲ့ကြပါတယ်။ အခုဆိုရင်လည်း လူအများစုက ဒီဗိုင်းရပ်ကူးစက်မှုတွေကို သိပ်မကြောက်ကြတာကို တွေ့ရတယ်လို့ ကျန်းမာရေးအသိပညာတွေကို အွန်လိုင်းကနေတဆင့် အသိပညာပေးနေတဲ့ ဒေါက်တာထက်ဝင်းက ပြောပါတယ်။

ပုဂံဒေသဟာ ခရီးသွားတွေကို အမှီပြုရတဲ့ ရှေးဟောင်းဒေသဖြစ်ပြီး ၂၀၁၉ မတ် လကတည်းက ခရီးသွားတွေ ရပ်ဆိုင်းခဲ့ကြရပါတယ်။ရောဂါကူးစက်မှုတွေ လျော့ပါးရင်  ဒီနှစ်ဆောင်းရာသီမှာ ခရီးသွားတွေ ပြန်များလာ မလားဆိုတဲ့ မျှော်လင့်ချက်က ဝေးသွားပြီလို့ ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသက ဘုရားဖူးကားမောင်းသူ ကိုမျိုးဆက်စံက ပြောပါတယ်။

အခုလို ကိုဗစ်ရောဂါကူးစက်နှုန်းထိမ်းချုပ်နိုင်အောင် တတ်နိုင်သမျှအိမ်မှာပဲနေကြဖို့ ကျန်းမာရေး ဝန်ကြီးဌာနကနှိုးဆော်ထားပေမယ့်၊ အမိန့်ထုတ်ပြီးတားမြစ်တာမျိုးတော့ လုပ်မှာမဟုတ်ဘူးလို့ မန္တလေးတိုင်းဝန်ကြီးချုပ်လဲဖြစ် အာဏာရပါတီရဲ့ ဒုခေါင်းဆောင်လဲဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်က ဒီနေ့ ပြောပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ရွေးကောက်ပွဲပြီးနောက်ပိုင်းမှာ ဗိုင်းရပ်စ်ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ အစိုးရအဖွဲ့တွေက ဦးဆောင်ပြီး မျက်နှာနဲ့ နှာခေါင်းစည်းတွေ မဖြစ်မနေတပ်ဖို့ လက်ကမ်းစာစောင်တွေဝေတာ၊ လက်ကိုင်အသံချဲ့စက်တွေနဲ့ အသိပညာပေးတာတွေ လုပ်ကြပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/stay-at-home-myanmar-11202020045915.html

ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားနှုန်းထိန်းချုပ်ဖို့ အိမ်မှာပဲနေကြဖို့ တိုက်တွန်း  ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားနှုန်းထိန်းချုပ်ဖို့ အိမ်မှာပဲနေကြဖို့ တိုက်တွန်း Reviewed by THITHTOOLWIN on 00:03 Rating: 5

No comments:

Powered by Blogger.