နိုင်ရိုဘီမြို့က မှောင်ခိုစျေးကွက်မှာ ကလေးတွေ ကြိုက်သလောက် ဝယ်လို့ရနေ

တစ်နေ့ကျရင် သူပြန်လာမယ်လို့ မျှော်လင့်တယ်ဆိုတဲ့ ရေဘက်ကာ

ရက်ဘက္ကာရဲ့ သားလေး ညဘက်မှာ အခိုးခံခဲ့ရ။ တနေ့ သားလေးပြန်လာမယ်လို့ မျှော်လင့်နေဆဲပါ လို့ သူက ပြောပါတယ်။

ကင်ညာနိုင်ငံက ကြီးထွားလာနေတဲ့ မှောင်ခိုစျေးကွက်ကြီးတစ်ခုမှာ ရောင်းချဖို့ ကလေးတွေ အခိုးခံနေရပါတယ်။ ကလေးတစ်ယောက်ကို ပေါင် ၃၀၀ လောက်နဲ့ ရောင်းနေတဲ့ ကလေးမှောင်ခိုဂိုဏ်းတွေထဲ ဘီဘီစီ Africa Eye ဌာနက ထိုးဖောက် စုံစမ်း သတင်းယူခဲ့ပါတယ်။

ရက်ဘက္ကာရဲ့ သားလေးက အခုဆို ၁၀ နှစ်သားလောက် အရွယ် ရှိပါပြီ။ သူနေနေတဲ့ နိုင်ရိုဘီမြို့မှာ ဒါမှမဟုတ် တခြား တစ်နေရာရာမှာ ရှိကောင်းရှိနေနိုင်ပါတယ်။ ဆုံးပါးသွားကောင်း ဆုံးပါးသွားနိုင်တယ်လို့လည်း သူ့ရင်ထဲက သိနေပါတယ်။

သားဦးလေးဖြစ်တဲ့ သူ့သားလေး လောရင့်စ် ဂျိုဆိုင်းယား ကို နောက်ဆုံးတွေ့ခဲ့ရတာက သားလေး တစ်နှစ်သားအရွယ်မှာပါ။ ရက်ဘက္ကာကတော့ ၁၆ နှစ်ပါ။ ၂၀၁၁ ခုနှစ် မတ်လ ညတစ်ည မနက်လင်းအားကြီး ၂ နာရီလောက်မှာ သူ့သားလေး အခိုးခံခဲ့ရပါတယ်။ အဲဒီအချိန်က ရက်ဘက္ကာဟာ ဓာတ်ဆီဆွတ်ထားတဲ့ လက်ကိုင်ပုဝါကို ရှူရင်း ဆေးမှိန်းနေတာပါ။ ဂျက်လေယာဉ်တွေမှာ သုံးတဲ့ ဓာတ်ဆီက နိုင်ရိုဘီမြို့ လမ်းတွေမှာ ပေါပေါ ဝယ်လို့ ရပါတယ်။

သူစိမ်းတွေဆီ ချဉ်းကပ် ပိုက်ဆံတောင်းနိုင်ဖို့ ရဲဆေးတင်တဲ့အနေနဲ့ ဒီဓာတ်ဆီကို ရှူခဲ့တာပါ။ သူ အသက် ၁၅ နှစ်လောက်မှာ ရက်ဘက္ကာရဲ့ အမေက သူ့ကို ကျောင်းမထားနိုင်တော့သလို ဆက်လည်း ကျွေးမထားနိုင်တော့ ပါဘူး။ ဒါ့ကြောင့် သူကျောင်းက ထွက်ခဲ့ရပြီး လမ်းပေါ် ရောက်သွားခဲ့ရပါတယ်။ သူ့ကို ယူမယ်လို့ ကတိပေးခဲ့တဲ့ သူ့ထက် အသက်ကြီးတဲ့ လူတစ်ဦးနဲ့ တွေ့ခဲ့ကြပါတယ်။ ဒါပေမဲ့ မယူဘဲ ကိုယ်ဝန်ရှိလာတဲ့အခါ ပစ်သွားခဲ့ပါတယ်။

အဲဒီနောက် လောရင့်စ် ဂျိုဆိုင်းယား လေး မွေးလာပါတယ်။ တစ်နှစ်နဲ့ လပိုင်းလောက် ပြုစုလာခဲ့ရာမှာ အဲဒီညက မျက်စိခဏ မှိတ်လိုက်ခဲ့အပြီး သူ့သားလေးကို ဘယ်တော့မှ ပြန်မတွေ့ရတော့ပါဘူး။

"ကျွန်မမှာ နောက်ထပ် ကလေးတွေ ရခဲ့ပေမဲ့ ဒီသားလေးက ကျွန်မရဲ့ သားဦးလေးပါ။ သူ့ကြောင့် ကျွန်မ မိခင်တစ်ဦး ဖြစ်လာတာပါ။"

"ကီယမ်ဘူ၊ ကေးအိုးလ် ရပ်ကွက်တွေက ကလေးဂေဟာတိုင်းမှာ သားလေးကို လိုက်ရှာခဲ့ပေမဲ့ မတွေ့ခဲ့ပါဘူး။"

ရက်ဘက္ကာဟာ နိုင်ရိုဘီမြို့က လမ်းတွေပေါ်မှာပဲ ခုထိ ဆက်နေနေတုန်းပါ။ သူက သေးသေးသွယ်သွယ်၊ ပါးရိုးမြင့်မြင့်နဲ့ ဆံပင်တိုကို ကျစ်ထားပါတယ်။ အခု သူ့မှာ နောက်ထပ် ကလေး ၃ ယောက် ထပ်ရထားပါပြီ။ ၈ နှစ်၊ ၆ နှစ်နဲ့ ၄ နှစ်အရွယ် သမီးလေးတွေပါ။ တစ်ကြိမ်မှာ အငယ်ဆုံး သမီးလေးကို အဲဒီပတ်ဝန်းကျင်မှာ ကျင်လည်နေတဲ့ လူတစ်ယောက်က ခိုးဖို့ လုပ်တာကို မိခဲ့ဖူးပါတယ်။ ကလေးလေးက ဖျော်ရည်ဝယ်ခိုင်းလို့ ကလေးကို ခေါ်သွားခဲ့တာပါလို့ အဲဒီလူက အကြောင်းပြပါတယ်။ တကယ်က ကလေးက တစ်နှစ်တောင် မရှိသေးတဲ့ အရွယ်ပါ။

ကားတစ်စီးဆီ သွားတဲ့ အဲဒီလူနောက်ကို ရက်ဘက္ကာ လိုက်ကြည့်တော့ မိန်းမတစ်ဦး စောင့်နေတာ တွေ့ရပါတယ်။ နောက်တစ်နေ့မှာ အဲဒီလူ ပြန်ရောက်လာပါတယ်။

ရက်ဘက္ကာနဲ့ အငယ်ဆုံးသမီးလေး၊ အမြဲမပြတ် စောင့်ကြည့်နေရတယ်။ ကိုယ်အိပ်နေတုန်း ကိုယ့်ကလေးကို သူဌေးတွေက လာခိုးတတ်တယ်။

တခြား အိမ်ခြေမဲ့တွေနဲ့အတူ ရက်ဘက္ကာ ကျင်လည်ကျက်စားနေရာ နိုင်ရိုဘီမြို့က လမ်းတွေတဝိုက်မှာ ဒီလို ဇာတ်လမ်းမျိုးတွေ ဝေးဝေးသွားရှာစရာ မလိုပါဘူး။

အက်စ်သာရဲ့ ၃ နှစ်အရွယ် သားလေးလည်း ၂၀၁၈ ခုနှစ် သြဂုတ်လတုန်းက ပျောက်သွားခဲ့ပါတယ်။

"ကျွန်မကလေး ပျောက်သွားကတည်းက ဆောက်တည်ရာ မရ ဖြစ်ခဲ့ပါတယ်" လို့ သူက ပြောပြပါတယ်။ "မွန်ဘာဆာမြို့အထိတောင် ကျွန်မ သားလေးကို လိုက်ရှာခဲ့တယ်"လို့ ဆိုပါတယ်။

ကယ်ရယ်လ်ရဲ့ ၂ နှစ်အရွယ် သားငယ်လေးကတော့ ညလယ်ခေါင်မှာ အခိုးခံခဲ့ရတာပါ။ ခုဆို ၅ နှစ်ရှိသွားပါပြီ။

"သားလေးကို ကျွန်မအရမ်းချစ်ပါတယ်။ တကယ်လို့ ကျွန်မသားလေးကို ပြန်ခေါ်လာပေးမယ်ဆိုရင် ခိုးသွားတဲ့သူတွေကို ကျွန်မ ခွင့်လွှတ်မှာပါ"လို့ ကယ်ရယ်လ် ကပြောပါတယ်။

မှောင်ခိုစျေးကွက်မှာ ရောင်းချဖို့ နိုင်ရိုဘီမြို့မှာ ရှိတဲ့ ခိုကိုးရာမဲ့ အမျိုးသမီးတွေဆီက ကလေးငယ်တွေကို လိုက်ရှာ ခိုးယူနေကြတာပါ။

Africa Eye ရဲ့ တစ်နှစ်ကြာ စုံစမ်းမှုတွေအတွင်း မှောင်ခိုစျေးကွက်မှာ အကြီးအကျယ် အမြတ်တင် ရောင်းဖို့ အိုးမဲ့အိမ်မဲ့ မိခင်တွေဆီကနေ ကလေးတွေကို လိုက်ရှာ ခိုးနေကြတယ် ဆိုတဲ့ အထောက်အထားတွေ တွေ့ခဲ့ပါတယ်။

လမ်းတွေမှာ ဖွင့်ထားတဲ့ ဆေးခန်းတွေမှာ တရားမဝင် ကလေးမှောင်ခိုရောင်းဝယ်နေတာတွေ၊ အစိုးရဆေးရုံကြီးတစ်ခုမှာ မွေးကင်းစကလေးတွေ အော်ဒါလုပ် ခိုးယူနေတာတွေကို Africa Eye က စုံစမ်းဖော်ထုတ်နိုင်ခဲ့ပါတယ်။

အစိုးရရာထူးတွေကို ဒီလို အသုံးချ လုပ်ဆောင်နေတာတွေကို ဖော်ထုတ်ဖို့ ကြိုးစားခဲ့မှုတစ်ခုအတွင်း ဆေးရုံတာဝန်ရှိပုဂ္ဂိုလ်တစ်ဦးဆီကနေ စွန့်ပစ်ကလေးငယ်တစ်ဦးကို ဝယ်ဖို့ Africa Eye က စီစဉ်ခဲ့ပါတယ်။ အဲဒီပုဂ္ဂိုလ်က ကလေးပိုင်ဆိုင်ခွင့် တရားဝင် စာရွက်စာတမ်းတွေကို သုံးပြီး နှစ်ပတ်သား ကလေးငယ်တစ်ဦးကို သူတို့ကို တိုက်ရိုက် ရောင်းခဲ့ပါတယ်။

ကလေးခိုးသူတွေထဲမှာ မတတ်သာလို့ အခြေအနေအရ အခွင့်ရရင်ရသလို ကလေးခိုးရောင်းတတ်သူတွေကအစ ဂိုဏ်းဖွဲ့ ကလေးခိုးသူတွေအထိ အမျိုးမျိုးအစားစား ရှိပါတယ်။ မကြာခဏဆိုသလို သူတို့အချင်းချင်း ပေါင်းပြီးလည်း လုပ်တတ်ကြပါတယ်။ မတတ်သာလို့ အခြေအနေအရ အခွင့်ရရင်ရသလို ကလေးခိုးရောင်း တတ်သူတွေထဲမှာ အနီတာ လို လမ်းပေါ်ရောက်နေတဲ့ အရက်နဲ့ မူးယစ်ဆေးစွဲနေသူ အမျိုးသမီးတွေ ပါပါတယ်။ သူတို့က မွေးကင်းစနဲ့ ၃ နှစ်အောက် ကလေးတွေရဲ့ အမေတွေကို ပစ်မှတ်ထားပြီး ရက်ဘက္ကာ လို အမျိုးသမီးတွေဆီက ကလေးတွေကို ခိုးယူ ရောင်းစား ငွေရှာကြတာပါ။

အနီတာရဲ့ အကြောင်းကို အမည်မဖော်လိုတဲ့ သူ့သူငယ်ချင်းတယောက်ဆီကနေ Africa Eye က ဖော်ထုတ်သိခဲ့ရတာပါ။ အယ်မာ လို့ သူ့ကိုယ်သူ အမည်ပေးထားတဲ့ အဲဒီသူငယ်ချင်းက လမ်းပေါ်က ကလေးတွေ ခိုးဖို့ အနီတာ့မှာ နည်းလမ်းတွေ အမျိုးမျိုး ရှိတယ်လို့ ပြောပြပါတယ်။

"တခါတလေ အနီတာက သူကလေးခိုးဖို့ ကြံနေတာကို ကလေးအမေ သိနေသလားဆိုတာ သိဖို့ ကလေးအမေကို အရင် စကားပြောကြည့်တယ်"လို့ အယ်မာက ပြောပြပါတယ်။ "တခါတလေ ကလေးအမေကို အိပ်ဆေးပေး ဒါမှမဟုတ် ကော်ရှူခိုင်းထားတယ်။ တခါတလေ ကလေးတွေနဲ့ သူက ချော့မြူ ကစားချင်ဟန်ဆောင်တယ်။

ကလေးတွေ ရအောင် ခိုးဖို့ အနီတာ့မှာ နည်းမျိုးစုံ ရှိပါတယ်။

လမ်းမပေါ်က အိမ်ခြေမဲ့ မိခင်တွေဆီက ကလေးတွေ ခိုးပြီး ရောင်းစားနေတဲ့ အမျိုးသမီးတစ်ဦးကို သူ့သူငယ်ချင်း အယ်မာရဲ့ အကူအညီနဲ့ ဖော်ထုတ်နိုင်ခဲ့

ကလေးဝယ်မယ့်သူတွေအဖြစ် ဟန်ဆောင်ပြီး Africa Eye က လူတွေက ကလေးခိုးရောင်းသူတွေ မကြာခဏ လာလေ့ရှိတဲ့ နိုင်ရိုဘီမြို့က အရက်ဆိုင်တစ်ခုမှာ အနီတာနဲ့ တွေ့ဖို့ ချိန်းခဲ့ပါတယ်။ အနီတာက ကလေးတွေ ထပ်ခိုးဖို့ သူ့ကို သူ့အထက်ကလူက အတင်းဖိအားတာ ခံနေရတယ်လို့ ပြောပြခဲ့ပြီး မကြာသေးခင်က သူကလေးခိုးခဲ့ပုံ တစ်ခု အကြောင်း ပုံဖော်ပြောပြပါတယ်။

"အဲဒီကလေးအမေက လမ်းပေါ် ရောက်လာတာ မကြာသေးဘူး။ လမ်းပေါ်က အခြေအနေတွေ သိပ်မသိသေးတဲ့ပုံပဲ။ သူ့ကလေးကို စိတ်ချလက်ချ လွှတ်ထားခဲ့တယ်။ အခု အဲဒီကလေး ကျွန်မလက်ထဲ ရောက်နေပြီ"လို့ အနီတာက ပြောပြပါတယ်။

သူ့အထက်က လူက ဒေသခံ စီးပွားရေးသမား အမျိုးသမီး တစ်ဦးဖြစ်ပြီး ကလေးတွေကို သူခိုးအငယ်စားတွေဆီကဝယ်၊ ပြီးရင် အမြတ်တင် ပြန်ရောင်းလေ့ ရှိတယ်လို့ အနီတာက ပြောပြပါတယ်။ ကလေးဝယ်တဲ့သူတစ်ချို့က ကလေးမရနိုင်တဲ့ အမျိုးသမီးတွေ ဖြစ်ပြီး မွေးစားဖို့ ဝယ်တာမျိုး ဖြစ်တယ် လို့ သူက ပြောပါတယ်။ ဒါပေမဲ့ တချို့ကတော့ ယဇ်ပူဇော်ဖို့ ကလေးတွေကို လာဝယ်ကြတာလို့ ဆိုပါတယ်။

"ဟုတ်တယ်၊ ဒီကလေးတွေကို ယဇ်ပူဇော်ဖို့ သုံးတာ ဟုတ်တယ်။ ဒီကလေးတွေက လမ်းပေါ် ပျောက်သွားပြီး ဘယ်တော့မှ ပြန်မတွေ့ရတော့ဘူး။"

ကလေးဝယ်တဲ့သူတချို့က ကလေးတွေကို ယဇ်ပူဇော်ဖို့ ဝယ်ကြတာ လို့ အနီတာက ပြောပါတယ်။ ဒီအကြောင်း အယ်မာကလည်း ပြောပြထားပြီးဖြစ်ပါတယ်။

တကယ်က ကလေးတစ်ဦးကို အနီတာ ရောင်းလိုက်ပြီ ဆိုတာနဲ့ အဲဒီကလေးရဲ့ ကံကြမ္မာ ဘယ်လို ဖြစ်လိမ့်မလဲ ဆိုတာ သူလုံးဝ မသိပါဘူး။ ကလေးတွေကို အဲဒီ ဒေသခံ စီးပွားရေးသမား အမျိုးသမီးဆီမှာ ရောင်းတဲ့အခါ မိန်းကလေးဆိုရင် ကင်ညာ ရှီလင် ၅ သောင်း (ပေါင် ၃၅၀) ၊ ယောက်ျားလေးဆိုရင် ရှီလင် ၈ သောင်း (ပေါင် ၅၅၀) ရတယ်လို့ အနီတာက ပြောပြပါတယ်။ ဒါဟာ လမ်းပေါ်က အမျိုးသမီးတစ်ယောက် ဆီက ကလေးကို ခိုးပြီးသွားရောင်းရင် ရနိုင်တဲ့ နိုင်ရိုဘီမြို့က လက်ရှိ အကြမ်းဖျင်းစျေးပါ။

အဲဒီစီးပွားရေးသမား အမျိုးသမီးက ကလေးအရောင်းအဝယ် လုပ်နေတဲ့ကိစ္စကို ဘယ်တော့မှ ထုတ်မပြောဘူး လို့ အယ်မာက ပြောပါတယ်။

"အဲဒီအမျိုးသမီးက ယဇ်ပူဇော်တဲ့ သူတွေကို ကလေးတွေ ရောင်းနေတာ သိသလားလို့ အနီတာကို ကျွန်မ မေးကြည့်တော့ အနီတာက ယဇ်ပူဇော်တဲ့သူတွေကိုပဲရောင်းရောင်း ဘယ်သူ့ကိုပဲရောင်းရောင်း သူဂရုမစိုက်ဘူးတဲ့။ သူပိုက်ဆံရရင်ပြီးရော၊ ဘယ်သူ့ကို ရောင်းလိုက်သလဲဆိုတာ မေးမကြည့်ဘူးလို့ ပြောပါတယ်"

ပထမတကြိမ် တွေ့အပြီးမှာ အနီတာက နောက်တစ်ခါ ထပ်တွေ့ဖို့ ချိန်းပါတယ်။ သူချိန်းတဲ့နေရာကို ရောက်သွားတဲ့အခါ အနီတာက ကလေးငယ်လေးချီပြီး ထိုင်နေတာ တွေ့ရပါတယ်။ ကလေးလေးက ၅ လသမီးလေးလို့ ပြောပါတယ်။ ကလေးအမေကို အယုံသွင်းပြီး အခုလေးတင် ခိုးလာတာလို့ ဆိုပါတယ်။

"ကလေးအမေက ကျွန်မကို ကလေးပေးချီတာနဲ့ စက္ကန့်ပိုင်းအတွင်း ကလေးပိုက်ပြီး ထွက်ပြေးလာခဲ့တာ"လို့ အယ်နီတာက ပြောပါတယ်။ ဒီကလေးမလေးကို ရှီလင် ၅ သောင်းနဲ့ ဝယ်မယ့် လူတစ်ယောက် ရှိတယ်လို့ သူက ပြောပါတယ်။ Africa Eye ရဲ့ သတင်းပေး အယ်မာက ကြားဝင်ပြီး သူ့မှာ ရှီလင် ၈ သောင်းနဲ့ ပေးဝယ်မယ့်သူ့ ရှိတယ်လို့ ဝင်ပြောပါတယ်။ "ကောင်းတယ်။ မနက်ဖြန် အရောင်းအဝယ် လုပ်ကြမယ်" လို့ အနီတာ ကပြောပါတယ်။

နိုင်ရိုဘီမှာ ငါးလ သမီးလေး အခိုးခံလိုက်ရတယ်လို့ ယူဆရ

ညနေ ၅ နာရီမှာ တွေ့ဖို့ ချိန်းထားတာပါ။ ဒါပေမဲ့ ကလေးရဲ့ အသက်အန္တရာယ် စိုးရိမ်ရတာကြောင့် Africa Eye က ရဲကို အကြောင်းကြားခဲ့ပါတယ်။ အနီတာကို ဖမ်းဆီး၊ ကလေးကို ကယ်ဖို့အတွက် ရဲက ကလေးဝယ်မယ့်သူအဖြစ် အကွက်ဆင်ခဲ့ပါတယ်။ ဒီကလေးမလေး ပျောက်မသွားခင် ကယ်ထုတ်ဖို့ နောက်ဆုံး အခွင့်အလမ်း ဖြစ်ပါလိမ့်မယ်။

ဒါပေမဲ့ အနီတာက လုံးဝ ပေါ်မလာခဲ့ပါဘူး။ ရက်ပေါင်းများစွာ သူ့ကို လိုက်ရှာခဲ့ပေမဲ့ မတွေ့တော့ပါဘူး။ သီတင်းပတ် အတော်ကြာတဲ့အခါမှာတော့ သူ့ကို အယ်မာ ရှာတွေ့ခဲ့ပါတယ်။ အနီတာဟာ ပိုက်ဆံအများကြီး ပိုပေးတဲ့ သူဆီမှာ အဲဒီကလေးမလေးကို ရောင်းလိုက်ပြီး ရတဲ့ပိုက်ဆံနဲ့ နိုင်ရိုဘီမြို့က ကျူးကျော်ရပ်ကွက် တစ်ခုမှာ အိပ်ခန်းနှစ်ခန်းပါ သွပ်ကာအိမ်လေးတစ်လုံး ဆောက်ခဲ့တယ်လို့ အယ်မာက ပြောပြပါတယ်။ ကလေးမလေးကတော့ ပါသွားပါပြီ။ ရဲက ဒီကိစ္စကို ဆက်စုံစမ်းထောက်လှမ်းဖို့ အနီတာကို လွှတ်ထားပြီး စောင့်ကြည့်နေဆဲပါ။

ကင်ညာနိုင်ငံမှာ ကလေးမှောင်ခို ရောင်းဝယ်နေမှုနဲ့ ပတ်သက်လို့ အစိုးရ အစီရင်ခံစာ၊ ကျယ်ပြန့်တဲ့ စစ်တမ်းကောက်ယူမှု စတဲ့ ခိုင်လုံတဲ့ အချက်အလက်တွေ လုံးဝ မတွေ့ရပါဘူး။ ပျောက်ဆုံးနေတဲ့ ကလေးတွေကို လိုက်ရှာဖို့နဲ့ မှောင်ခိုစျေးကွက်တွေမှာ ခြေရာခံ လိုက်ရှာဖို့ တာဝန်ယူထားတဲ့ အေဂျင်စီတွေမှာ အထောက်အကူ အရင်းအမြစ်ချို့တဲ့၊ ဝန်ထမ်း မလုံလောက်မှုတွေ ရှိနေပါတယ်။ ကလေးအခိုးခံရတဲ့ မိခင်တွေအတွက် စောင့်ရှောက်မှု ပေးနေတဲ့ နေရာအနည်းအပါးထဲက တစ်ခုကတော့ အစိုးရမဟုတ်တဲ့ ပရဟိတအဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ Missing Child Kenya အဖွဲ့ပါ။ ဒီအဖွဲ့ကို တည်ထောင်ခဲ့သူ မာယာနာ မွန်ယန်ဒို က သူတို့အဖွဲ့ လှုပ်ရှား ဆောင်ရွက်နေတဲ့ ၄ နှစ်တာ ကာလအတွင်း ကလေးခိုးမှုပေါင်း ၆၀၀ လောက် တွေ့ကြုံ ခဲ့ရတယ်လို့ ပြောပြပါတယ်။

"ဒီကိစ္စဟာ ကင်ညာမှာ အရမ်းကို ကြီးမားတဲ့ ကိစ္စကြီး တစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအကြောင်း ဖော်ပြ တိုင်ကြားမှုက အရမ်းကို နည်းပါတယ်။ Missing Child Kenya အဖွဲ့က ကြိုးစားဖော်ထုတ်နေပေမဲ့ အပြင်ပန်းအလွှာလေးကိုတောင် မထိနိုင်သေးပါဘူး။ ဒီကိစ္စကို လူမှုဖူလုံစောင့်ရှောက်ရေး စီမံကိန်းတွေမှာ ဦးစားပေးအနေနဲ့ တုံ့ပြန်ဆောင်ရွက်တာမျိုး လုံးဝ မရှိသေးပါဘူး"လို့ မွန်ယန်ဒိုက ပြောပါတယ်။

ဒီလိုဖြစ်ရတာဟာ ကလေးအခိုးခံရသူတွေဟာ ရက်ဘက္ကာတို့လို ခိုကိုးရာမဲ့၊ ပြောရေးဆိုခွင့်မရှိသူ အမျိုးသမီးတွေ ဖြစ်နေလို့ပါ။ သူတို့ဟာ သတင်းမီဒီယာတွေ အာရုံစိုက်လာအောင် ဒါမှမဟုတ် အာဏာပိုင်တွေဘက်က အရေးယူမှုတွေ လုပ်လာအောင် တွန်းအားပေးဖို့ လူအားငွေအား မရှိကြသူတွေ ဖြစ်ပါတယ်။

ဒီအကြောင်းကို ဖော်ထုတ်တိုင်ကြားမှု နည်းတာဟာ ခံရသူတွေရဲ့ စီးပွားရေးအခြေအနေ အနေအထားနဲ့ အခိုင်အမာ ဆက်စပ်နေပါတယ် လို့ မွန်ယန်ဒိုက ပြောပါတယ်။

"ပျောက်သွားတဲ့ ကလေးကို တစ်ယောက်ယောက် လိုက်ရှာပေးနိုင်မလားလို့ တစ်နေရာရာကို သွားပြောနိုင်ရလောက်အောင် သူတို့မှာ လူအားငွေအား အရင်းအမြစ်၊ ကွန်ရက်နဲ့ သတင်းအချက်အလက် မရှိကြပါဘူး။"

ဒီ ကလေးမှောင်ခိုစျေးကွက်ကြီး ရှင်သန် ကြီးထွားလာအောင် အနောက်က တွန်းအားပေးနေတာက ကလေးမရသူတွေအပေါ် ရှုတ်ချလေ့ရှိတဲ့ ရိုးရာဓလေ့တစ်ခုကြောင့် ဖြစ်ပါတယ်။

"အာဖရိကန်လူမျိုးတွေရဲ့ အိမ်ထောင်မှာ အမျိုးသမီးတွေ ကလေးမရတာဟာ ကောင်းတဲ့အရာ တစ်ခု မဟုတ်ပါဘူး။ အိမ်ထောင်ကျပြီ ဆိုရင် ကလေးမွေးရမယ်။ ယောက်ျားလေး ဖြစ်ရမယ်လို့ မျှော်လင့်ထားကြပါတယ်။ တကယ်လို့ ကလေးမရနိုင်ဘူး ဆိုရင်တော့ အိမ်ကနေ နှင်ချခံရကောင်း ခံရဖွယ် ရှိပါတယ်။ ဒီတော့ ကလေးခိုးဖို့ လုပ်လာကြတာပေါ့"လို့ မွန်ယန်ဒိုက ပြောပြပါတယ်။

နိုင်ရိုဘီမြို့ ကေးအိုးလ် ကျူးကျော်ရပ်ကွက်က ကလေးငယ်တစ်ဦး၊ အဲဒီမှာ ကလေးမှောင်ခိုရောင်းဝယ်မှု အကြီးအကျယ် ကြီးထွားနေတယ်လို့ ဒေသခံ သတင်းထောက်တစ်ဦးက ပြော

ဒီလိုအခြေအနေမျိုးမှာ ကလေးမရနိုင်တဲ့ အမျိုးသမီးတစ်ဦးအနေနဲ့ အနီတာရဲ့ အထက်က စီးပွားရေးသမား အမျိုးသမီးလို ကလေးမှောင်ခိုသမားတစ်ဦးနဲ့ ဆက်သွယ်မယ့်ပုံ ရှိပါတယ်။ အဲဒီမှောင်ခိုအမျိုးသမီးကလည်း လမ်းပေါ်က ကလေးတွေကို အခွင့်ရရင် ရသလို ခိုးပေးမယ့် အနီတာ လို လူတွေကို အသုံးချပါလိမ့်မယ်။ ဒါမှမဟုတ်ရင်တော့ ကလေးမရနိုင်တဲ့ အမျိုးသမီးက ဆေးရုံတစ်ခုထဲ ဝင်ခွင့်ရသူတစ်ဦးဦးကို ဆက်သွယ်ကောင်း ဆက်သွယ်ပါလိမ့်မယ်။

Africa Eye ရဲ့ လေ့လာ စုံစမ်းချက်အရ ကလေးမှောင်ခိုဂိုဏ်းတွေဟာ နိုင်ရိုဘီမြို့က အစိုးရ ဆေးရုံကြီး တချို့အတွင်းမှာ လှုပ်ရှားလည်ပတ်နေတာလို့ သိရပါတယ်။ အဆက်အသွယ် သတင်းပေးတစ်ဦးကနေတဆင့် Mama Lucy Kibaki ဆေးရုံက ဖရက်ဒ် လက်ပါရန် ဆိုသူ ဆေးခန်း လူမှုဖူလုံရေးဝန်ထမ်းတစ်ဦးကို ချဉ်းကပ်ခဲ့ပါတယ်။ လက်ပါရန် ရဲ့ အလုပ်က အဲဒီဆေးရုံမှာ မွေးတဲ့ ခိုကိုးရာမဲ့ ကလေးငယ်တွေရဲ့ ဘဝကို ကာကွယ်စောင့်ရှောက်ဖို့ ဖြစ်ပါတယ်။

ဒါပေမဲ့ လက်ပါရန် ဟာ ကလေးမှောင်ခိုလုပ်ငန်းမှာ တိုက်ရိုက်ပါဝင် ပတ်သက်နေတယ်လို့ Africa Eye ရဲ့ သတင်းပေးက ပြောပါတယ်။ သတင်းပေးက လက်ပါရန်နဲ့ တွေ့ဖို့ စီစဉ်ခဲ့ပြီး ကလေးမရလို့ ကလေးတစ်ယောက် အရမ်းဝယ်ချင်နေတဲ့ အမျိုးသမီးတစ်ဦးကို တွေ့ထားတယ် ဆိုပြီး သူ့ကို ပြောခဲ့ပါတယ်။

ဆေးရုံက ဒီကလေးလေး ငါ့မှာ ရှိတယ်လို့ လက်ပါရန်က ပြန်ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်ပတ်လောက်က ဒီကောင်လေးကို ဆေးရုံမှာ လာချသွားပြီး ပြန်လာမခေါ်ကြတော့ဘူး လို့ ဆိုပါတယ်။

နောက်ဆုံးတစ်ခေါက် ကလေးရောင်းတုန်းက ပြဿနာဖြစ်မလို့ အတော်ကြောက်သွားခဲ့သေးတယ်လို့ လက်ပါရန်က Africa Eye က လူတွေနဲ့ တွေ့ချိန်မှာ ပြောခဲ့ပါတယ်။ ဒီတွေ့ဆုံမှုကို Africa Eye က လျှို့ဝှက်မှတ်တမ်းတင်ထားပါတယ်။ နောက်ပိုင်း ပြဿနာမတက်အောင် အစီအစဉ်တစ်ခု လုပ်ချင်တယ် လို့ သူက ပြောပါတယ်။

Mama Lucy ဆေးရုံကနေ ကလေးတယောက်ကို ခိုးပေးဖို့ ဖရက်ဒ် လက်ပါရန်က ကင်ညာ ရှီလင် ၃ သိန်း လက်ခံယူခဲ့

လက်ပါရန် ခိုးပေးမယ့် စွန့်ပစ် ကလေးလေးလို ကလေးငယ်မျိုးတွေကို အစိုးရရဲ့ ကလေးဂေဟာတွေဆီ ခေါ်သွားရမှာ ဖြစ်ပြီး နောက်ကြောင်းရာဇဝင်၊ လူမှုဖူလုံရေး အချက်အလက်တွေနဲ့ ပြည့်စုံတဲ့ မွေးစားမိဘတွေထံ တရားဝင် လွှဲပေးရမှာ ဖြစ်ပါတယ်။ ဖရက်ဒ် လက်ပါရန် လို လူတွေက တရားမဝင် ရောင်းစားနေတဲ့အတွက် အဲဒီကလေးတွေ ဘယ်သူ့လက်ထဲ ရောက်သွားမလဲ ဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။

ရို့စ် ဆိုတဲ့ အမျိုးသမီးအဖြစ် ဟန်ဆောင်ထားတဲ့ Africa Eye ရဲ့ သတင်းထောက်က ဆေးရုံနားက ရုံးခန်းတစ်ခုမှာ လက်ပါရန်နဲ့ တွေ့ခဲ့ပါတယ်။ ရို့စ်ရဲ့ အကြောင်းကို လက်ပါရန်က သာမန်ကာလျှံကာလောက် မေးခွန်းအနည်းအပါး မေးခဲ့ပါတယ်။ ရို့စ်က သူ့မှာ အိမ်ထောင်ရှိတယ်၊ ဒါပေမဲ့ ကလေးမရနိုင်လို့ ကလေးမွေးပေးဖို့ ခင်ပွန်းသည်ရဲ့ မိသားစုဘက်က ဖိအားပေးတာ ခံနေရတယ် လို့ ပြန်ဖြေခဲ့ပါတယ်။

"ကလေးမွေးစားဖို့ ကြိုးစားခဲ့ဖူးသလား"လို့လက်ပါရန်က မေးပါတယ်။

"စဉ်းစားခဲ့ဖူးပါတယ်။ ဒါပေမဲ့ မွေးစားဖို့ လုပ်ရတာ အတော်လေး စာရင်းရှုပ်မယ့်ပုံမို့ ဆက်မလုပ်ခဲ့ဘူး"လို့ ရို့စ်က ပြန်ဖြေခဲ့ပါတယ်။

ရို့စ်ပြောတာ ဟုတ်တယ်လို့ လက်ပါရန်က ပြောပါတယ်။ အဲဒီကလေးကို လိုချင်ရင် ရှီလင် ၃ သိန်း ပေါင် ၂ ထောင် ပေးရမယ်လို့ ဆိုပါတယ်။

တကယ်လို့ ဒီစျေးကို လက်ခံတယ်ဆိုရင် ဒီအရောင်းအဝယ်မှာ ကျွန်တော်ရယ်၊ ခင်ဗျားရယ်၊ သူရယ် ဒီ ၃ ယောက်ပဲ ပါတယ်နော်လို့ ရို့စ်နဲ့ သတင်းပေးကို လက်ညှိုးထိုးပြရင်း လက်ပါရန်က ပြောပါတယ်။ "ကျွန်တော့်မှာ လူကို မယုံတတ်တဲ့ ပြဿနာ ရှိတယ်။ အရမ်းကို အန္တရာယ်များတယ်။ ကျွန်တော်အရမ်းစိတ်ပူတယ်"

အရောင်းအဝယ် စီစဉ်ဖို့ ဆက်သွယ်ပါ့မယ်လို့ သူက ပြောပါတယ်။

အဒါမာရဲ့ ရွေးချယ်မှု

အနီတာ လို လမ်းပေါ်မှာ ကလေးတွေလိုက်ခိုးနေသူတွေနဲ့ လက်ပါရန်လို လာဘ်စားတဲ့ အစိုးရ တာဝန်ရှိပုဂ္ဂိုလ်တွေအကြားမှာ နိုင်ရိုဘီမြို့က ကလေးမှောင်ခိုလုပ်ငန်းရဲ့ နောက်အလွှာတစ်လွှာ ရှိပါသေးပါတယ်။ နိုင်ရိုဘီမြို့က ကျူးကျော်ရပ်ကွက် တချို့နားမှာ ကိုယ်ဝန်ဆောင်တွေအတွက် သားဖွားဆောင်တွေပါတဲ့ တရားမဝင် လမ်းဘေးဆေးခန်းတွေ တွေ့နိုင်ပါတယ်။ ဒီယာယီဆေးခန်းတွေက ကလေးမှောင်ခိုသမားတွေ ကျက်စားရာ နေရာတွေပါ။

Ghetto ရေဒီယိုရဲ့ ဒေသခံ သတင်းထောက်တစ်ဦးဖြစ်တဲ့ ဂျူးဒစ် ကနိုင်သာနဲ့ ပေါင်းပြီး Africa Eye အဖွဲ့က နိုင်ရိုဘီမြို့က အဆင်းရဲဆုံး လူထောင်ပေါင်းများစွာ နေထိုင်နေတဲ့ ကေးအိုးလ်ရပ်ကွက်က ဆေးခန်းတစ်ခုကို ချဉ်းကပ်ခဲ့ပါတယ်။ ကနိုင်သာရဲ့ အပြောအရ ကေးအိုးလ်ရပ်ကွက်မှာ ကလေးအရောင်းအဝယ် လုပ်ငန်းက အကြီးအကျယ် ကြီးထွားနေတယ်လို့ သိရပါတယ်။

သူတို့ ချဉ်းကပ်ခဲ့တဲ့ ဆေးခန်းဟာ မေရီ အောမား လို့ အများ သိကြတဲ့ အမျိုးသမီးတစ်ဦးက ဖွင့်ထားတာပါ။ အောမားဟာ နိုင်ရိုဘီမြို့က ဆေးရုံကြီး တချို့မှာ သူနာပြုအဖြစ် လုပ်ခဲ့ဖူးပါတယ်။ ကနိုင်သာ က ကလေးဝယ်မယ့်သူအဖြစ် ဟန်ဆောင်ပြီး ဆေးခန်းထဲ ဝင်သွားကြပါတယ်။ ဆေးခန်းထဲမှာ ကလေးမွေးဖို့ ရောက်နေကြပါတယ်။

"ဒီတစ်ယောက်က ကိုယ်ဝန် ၈ လခွဲနဲ့၊ ကလေးမွေးခါနီးဆဲဆဲ အခြေအနေရောက်နေပြီ"လို့ အောမားက တိုးတိုးလေး ပြောပြပါတယ်။ မမွေးသေးတဲ့ ကလေးလေးကို ကနိုင်သာကို ရှီလင် ၄ သောင်းခွဲ (၃၁၅ ပေါင်) နဲ့ ရောင်းမယ်လို့ စျေးပြောပါတယ်။

ကလေးမွေးပြီးရင် ကလေးအမေရဲ့ အခြေအနေ ဘယ်လိုရှိမလဲ ဆိုတာကို အောမားက စိုးရိမ်တဲ့ပုံမျိုး မတွေ့ရပါဘူး။

"သူပိုက်ဆံရပြီးတာနဲ့ ထွက်သွားမှာပဲ"လို့ သူ့လက်ကို ခါပြရင်း ပြောပြပါတယ်။

"သူတို့ဘယ်တော့မှ ပြန်မလာဖို့ ကျွန်မတို့ အသေအချာ ပြောထားတယ်"

သူ့ရဲ့ လမ်းဘေးဆေးခန်းထဲမှာ ကလေးအရောင်းအဝယ်အတွက် မေရီ အောမား စျေးညှိနေ

အဲဒီနေ့က ဆေးခန်းမှာ အောမား ရောင်းဖို့ စျေးညှိနေတဲ့ ဗိုက်ထဲက ကလေးရဲ့ မိခင်က အဒါမာ ပါ။

အဒါမာဟာ ပိုက်ဆံပြတ်ပြီး မွဲနေပါတယ်။ ရက်ဘက္ကာ လိုပဲ သူလည်း ကိုယ်ဝန်ရှိပြီးမှ ပစ်သွားခံရတာပါ။ ကိုယ်ဝန်ရှိလာလို့ ဘိလပ်မြေအိတ်တွေ မသယ်နိုင်တော့တဲ့အတွက် ဆောက်လုပ်ရေးနေရာတစ်ခုကနေ အလုပ်ပြုတ်ခဲ့ရပါတယ်။ ၃ လလောက်တော့ သူ့အိမ်ရှင်က အိမ်လခမယူဘဲ ပေးနေခဲ့ပေမဲ့ အဲဒီနောက် အိမ်ပေါ်က နှင်ချပြီး အိမ်ကို သစ်သားပြားတွေနဲ့ ကာထားလိုက်ပါတယ်။

ဒီတော့ သူ့ကလေးကို ရောင်းဖို့ အဒါမာ ဆုံးဖြတ်ခဲ့ပါတယ်။ Africa Eye က လူတွေကို ရောင်းဖို့ ကြိုးစားခဲ့တဲ့ ရှီလင် ၄ သောင်းခွဲစလုံးကို အဒါမာ့ကို မေရီ အောမားက မပေးခဲ့ပါဘူး။ ကလေးကို ရှီလင် တစ်သောင်း (ပေါင် ၇၀) နဲ့ ရောင်းမှာလို့ အဒါမာ့ကို ပြောထားတာပါ။

သူ့ဆေးခန်းက ညစ်ပတ်နေတာပဲ၊ သွေးထည့်ဖို့ဘူးကလည်း သေးသေးလေး၊ လက်ဆေးကန်လည်း မရှိ၊ အိပ်ရာကလည်း မသန့်မရှင်းနဲ့ လို့ အဒါမာက နောက်ပိုင်းမှာ သူ့ရွာမှာ တွေ့ဆုံမေးမြန်းတဲ့အခါ ပြောပြပါတယ်။

"ဒါပေမဲ့ ကျွန်မမှာ အပူတပြင်း ဖြစ်နေတာလေ ရွေးစရာလမ်း မရှိတော့ဘူး။"

ဆေးခန်းထဲ သူဝင်သွားတဲ့နေ့မှာ မေရီ အောမားက သူ့ကို မပြောမဆိုနဲ့ ဆေးတွေ သောက်ခိုင်းပြီး အချိန်မတိုင်ခင် ကလေးမွေးအောင် အတင်းလုပ်ခဲ့တယ်လို့ အဒါမာ က ပြောပါတယ်။ ကလေးဝယ်မယ့်သူ ရှိနေတာမို့ အရောင်းအဝယ် ဖြစ်ဖို့ အောမားက စိတ်ဇော ကြီးမားနေပါတယ်။

ဒါပေမဲ့ ကလေးမွေးတဲ့အချိန်မှာ ချောချောမွေ့မွေ့ မဖြစ်ခဲ့ပါဘူး။ ကလေးမှာ အသက်ရှူလမ်းကြောင်း ပြဿနာ ရှိခဲ့ပြီး ကလေးကို ဆေးကုဖို့ Mama Lucy ဆေးရုံကို ခေါ်သွားဖို့ အဒါမာကို အောမား က ပြောခဲ့ပါတယ်။ သီတင်း နှစ်ပတ်ကြာတဲ့အခါ သူတို့ သားအမိ ဆေးရုံက ပြန်ဆင်းလာပါတယ်။ အဒါမာက အောမားကို ဖုန်းနဲ့ မက်ဆေ့ဂျ် ပို့ခဲ့အပြီး အောမားက ကလေးဝယ်မယ့်သူတွေကို"အထုတ်သစ် ရပြီ၊ ၄ သောင်းခွဲ" ဆိုတဲ့ မက်ဆေ့ဂျ် ပို့ပြီး အကြောင်းကြားခဲ့ပါတယ်။

နိုင်ရိုဘီမြို့က ကေးအိုးလ် လိုကျူးကျော်ရပ်ကွက်တွေမှာ တရားမဝင် လမ်းဘေးဆေးခန်းတွေ ဖွင့်ထား

ဆေးခန်းမှာ အောမားနဲ့ သူ့လက်ထောက်ကို အဒါမာ ပြန်တွေ့ခဲ့ပါတယ်။ "ကလေးက အဆင်ပြေတယ်၊ တကယ်လို့ ဝယ်မယ့်သူက လိုချင်ရင် တခါတည်း ကလေးကို ခေါ်သွားမယ် ဆိုပြီး သူတို့က ပြောတယ်"လို့ အဒါမာက ပြောပြပါတယ်။

သူ့ကလေးကို ရောင်းဖို့ အဒါမာက ရင်နာနာနဲ့ ဆုံးဖြတ်ခဲ့ရတာပါ။ အခုတော့ ပြန်စဉ်းစားနေပါပြီ။

"သူ့ကို မကြည့်နိုင်တဲ့ လူတစ်ယောက်ယောက် ဒါမှမဟုတ် တခြားအကြောင်းတစ်ခုခုအတွက် အသုံးပြုဖို့ ကလေးတွေ လိုက်ဝယ်တဲ့ သူတွေကို ကျွန်မကလေးကို မရောင်းချင်ပါဘူး" လို့ အဒါမာက နောက်ပိုင်းမှာ ပြောပါတယ်။

ဒီတော့ အဒါမာ ဟာ အဲဒီနေ့မှာပဲ သူ့သားလေးကို ပိုက်ပြီး ဆေးခန်းက ထွက်လာခဲ့ပါတယ်။ ကလေးကို အစိုးရ ကလေးဆေးရုံတစ်ခုမှာ သွားချခဲ့ပါတယ်။ အဲဒီမှာ မွေးစား မိဘတွေနဲ့ တွေ့ပြီး ပိုကောင်းတဲ့ ဘဝ ရလာမယ်လို့ သူမျှော်လင့်နေပါတယ်။ သူလိုနေတဲ့ ငွေတော့ မရခဲ့ပါဘူး။ အခုအခါ အဒါမာ ဟာ နိုင်ရိုဘီမြို့နဲ့ အဝေးကြီးမှာ တစ်ယောက်တည်း နေနေပါတယ်။ တစ်ခါတလေမှာ သူ့သားလေးအကြောင်း အိပ်မက်မက်လေ့ရှိသလို မနက်လင်းအားကြီး နိုးလာပြီး သားလေးအကြောင်း တွေးနေတတ်ပါတယ်။ တစ်ခါတလေ အိပ်လို့ မရရင် သူ့လို နိုးနေသူတစ်ယောက်ယောက်နဲ့ မတွေ့မချင်း အမှောင်ထဲမှာ လမ်းထလျှောက်လေ့ ရှိပါတယ်။ သူ့သားလေးကို မရောင်းဖို့ ဆုံးဖြတ်ခဲ့တာအတွက်တော့ နောင်တမရပါဘူး။

"ကျွန်မကလေးကို အစိုးရဆီ အပ်လိုက်တဲ့အတွက် ကျွန်မ စိတ်အေးရပါတယ်။ သူလုံလုံခြုံခြုံ ကောင်းကောင်းမွန်မွန် နေနေရတယ် ဆိုတာ ကျွန်မသိနေလို့ပါ"လို့ အဒါမာ က ပြောပြပါတယ်။

ဆေးရုံပေါ်က အရောင်းအဝယ်

အစိုးရဆေးရုံက ဆေးခန်း လူမှုဝန်ထမ်း ဖရက်ဒ် လက်ပါရန် က သူခိုးပြီး ရောင်းမယ့်ကလေးဟာ အမေစွန့်ပစ်သွားတဲ့ ကလေးလေး ဖြစ်တဲ့အကြောင်း ဖုန်းဆက်ပြောပါတယ်။ အဲဒီကလေးဟာ အနားက ကလေးဂေဟာဆီ ပို့ဖို့ အဲဒီဆေးရုံမှာ စောင့်နေတဲ့ ကလေး ၃ ဦးထဲက တစ်ဦး ဖြစ်ပါတယ်။ ကလေးဂေဟာကို ကလေးတွေ ကောင်းကောင်းမွန်မွန် ရောက်သွားဖို့က လက်ပါရန်ရဲ့ တာဝန်ပါ။

ဒါပေမဲ့ Mama Lucy ဆေးရုံကနေ ကလေးတွေ ထွက်သွားတာနဲ့ အဲဒီကလေးတွေ ကလေးဂေဟာကို ရောက် မရောက် လိုက်စစ်ဖို့လမ်း သိပ်မရှိဘူးဆိုတာကို လက်ပါရန် က သိထားပါတယ်။

ဆေးရုံမှာ လက်ပါရန်က လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ရေးဖြည့်ခဲ့ပြီး ဆေးရုံဝန်ထမ်းတွေနဲ့ စကားပြောပါတယ်။ ဆေးရုံဝန်ထမ်းတွေက သူတို့မျက်စိရှေ့မှာ ကလေးတစ်ဦး အခိုးခံရတော့မယ် ဆိုတာ လုံးဝ မသိခဲ့ပါဘူး။ ကလေးဝယ်မယ့်သူလို့ ဟန်ဆောင်ထားတဲ့ သတင်းထောက် ရို့စ်က ဆေးရုံအပြင်ဘက်မှာ ကားထဲကနေ စောင့်နေပါတယ်။ လက်ပါရန်က ရို့စ်ဟာ ကလေးဂေဟာမှာ အလုပ်လုပ်တဲ့သူလို့ ဆေးရုံသူနာပြုကို ပြောပြီး ကလေးတွေကို ရို့စ်ဆီ ခေါ်သွားပေးဖို့ ပြောပါတယ်။ သူ့ကိုကြည့်ရတာ တဖြည်းဖြည်း ပိုစိတ်ပူနေပုံ ပေါ်နေပါတယ်။ ဒါပေမဲ့ သူနာပြုတွေက သူတို့နောက် လိုက်ကြည့်မှာ မဟုတ်ပါဘူးလို့ အသေအချာ ပြောပါတယ်။

"သူနာပြုတွေက လိုက်ကြည့်မှာ မဟုတ်ပါဘူး။ သူတို့မှာ လုပ်စရာတွေ ရှိနေတယ်"လို့ သူက ပြောပါတယ်။ အဲဒီနောက် "ဒီလိုတောင်ပြောမြောက်ပြော လျှောက်ပြောနေရင် တစ်ယောက်ယောက် သင်္ကာမကင်း ဖြစ်လာလိမ့်မယ်" လို့ ဆိုပြီး ကလေးခေါ်ပြီး မြန်မြန်ထွက်သွားကြဖို့ တိုက်တွန်းခဲ့ပါတယ်။

ခဏနေတော့ ကားထဲမှာ ကလေးငယ် ၃ ယောက်နဲ့အတူ သူတို့အဖွဲ့ ထွက်လာကြပါတယ်။ အဲဒီထဲက ကလေးနှစ်ယောက်ကိုပဲ ကလေးဂေဟာကို ပို့ဖို့ ညွှန်ကြားခဲ့ပါတယ်။ တတိယ ကလေးလေးကတော့ တခြားတစ်ယောက်ယောက်၊ တခြားတစ်နေရာရာကို ရောက်သွားနိုင်ပါတယ်။

BBC Africa Eye အဖွဲ့က ကလေး ၃ ယောက်စလုံးကို ကလေးဂေဟာကို ဘေးကင်းလုံခြုံစွာ ပို့ပေးခဲ့ပါတယ်။ သူတို့ကို တရားဝင် မွေးစားမယ့်သူတွေ မတွေ့မချင်း အဲဒီမှာ ကြည့်ရှု စောင့်ရှောက်ထားမှာပါ။ အဲဒီနေ့လယ်မှာ လက်ပါရန်က ရို့စ်ကို ဖုန်းဆက်ပြီး တွေ့ရမယ့်နေရာနဲ့ ပြောထားတဲ့ စျေးဖြစ်တဲ့ ရှီလင် ၃ သောင်းကို စားပွဲပေါ် တင်ထားဖို့ လှမ်းညွှန်ကြားပါတယ်။ ကလေးကို အာဟာရပိုင်းဆိုင်ရာ ဆရာဝန်တစ်ဦးနဲ့ ပြဖို့ကိုလည်း သူက ပြောပါတယ်။ ကလေးရဲ့ ကာကွယ်ဆေးထိုးထားတဲ့နေရာကိုပဲ ဂရုစိုက်ကြည့်ဖို့ လိုတယ်လို့လည်း ဆိုပါတယ်။

"ဒါ့အပြင် အရမ်းသတိထားပါ။ အရမ်းကို သတိထားပါ"

ကလေးရောင်းခဲ့တဲ့ ကိစ္စအကြောင်း ဖရက်ဒ် လက်ပါရန်ကို ဘီဘီစီက ရင်ဆိုင်မေးတဲ့အခါ သူက ပြန်ဖြေဖို့ ငြင်းခဲ့ပါတယ်။ ဆေးရုံကလည်း တုံ့ပြန်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဖရက်ဒ် လက်ပါရန်က သူ့အလုပ်ကနေ ထွက်သွားပုံ ရပါတယ်။

မေရီ အောမားရဲ့ ကေးအိုးလ် ရပ်ကွက်က တရားမဝင် လမ်းဘေး ဆေးခန်းအကြောင်း ကလေးသူငယ်တွေရဲ့ အခွင့်အရေး တောင်းဆိုလှုပ်ရှားနေတဲ့ NGO အဖွဲ့တစ်ဖွဲ့ကို ဘီဘီစီက အကြောင်းကြားခဲ့ရာမှာ အဲဒီအဖွဲ့က ရဲကို တိုင်ခဲ့ပါတယ်။ ဒါပေမဲ့ မေရီ အောမားကတော့ ဒီလုပ်ငန်းကို ဆက်လုပ်နေဆဲလို့ ယူဆရပါတယ်။ သူ့အပေါ် စွပ်စွဲချက်တွေကို ဘာမှ ပြန်မတုံ့ပြန်ခဲ့ပါဘူး။

ဒါ့အပြင် အနီတာကိုလည်း သူ့လုပ်ရပ်တွေနဲ့ ပတ်သက်လို့လည်း စွပ်စွဲဖို့ ကြိုးစားခဲ့ပေမဲ့ လမ်းမပေါ်ကနေ ပျောက်ချင်းမလှ ထပ်ပျောက်သွားပြန်ပါတယ်။

ကျွန်မတို့ရဲ့ ကလေးတွေအားလုံးကို ကျွန်မတို့ပဲ မွေးချင်တယ် လို့ ရက်ဘက္ကာက ပြောပါတယ်။ ကျွန်မတို့ လမ်းမပေါ်ရောက်ရတာ ကျွန်မတို့ အပြစ်မဟုတ်ဘူးလေ

ကလေးအခိုးခံရတဲ့ ကလေးအမေတွေအတွက် ဖြေရှင်းပေးနိုင်မယ့် နည်းလမ်းအစစ်က ဘယ်တော့မှ ရှိလာမှာ မဟုတ်ပါဘူး။ အများစုက ဒီလိုပဲ နေသွားကြရမှာ ဖြစ်ပြီး သူတို့ကလေးတွေကို နောက်တကြိမ် ထပ်တွေ့နိုင်ဖို့ မျှော်လင့်နေကြမှာ ဖြစ်သလို တွေ့ကောင်း တွေ့နိုင်တော့မှာ မဟုတ်ဘူးဆိုတာ သိနေကြမှာပါ။ ရက်ဘက္ကာက သူ့သားကို တွေ့ဖို့ ဘာမဆို စွန့်လွှတ်နိုင်တယ်လို့ ပြောပါတယ်။ "တကယ်လို့ ကျွန်မသားလေး ဆုံးပါးသွားပြီ ဆိုရင်လည်း ကျွန်မ သိချင်ပါတယ်။"

မနှစ်တုန်းက နိုင်ရိုဘီမြို့နဲ့ အတော်လေးဝေးတဲ့ နေရာတစ်ခုမှာ သူ့အကြီးဆုံး သမီးနဲ့ ရုပ်ချင်းဆင်တူတဲ့ ကောင်လေးတစ်ယောက်ကို လူတစ်ယောက်က တွေ့ခဲ့တယ် လို့ ရက်ဘက္ကာက ပြန်ကြားရပါတယ်။ သူ့သား ဟုတ်ချင်မှ ဟုတ်မယ်ဆိုတာ ရက်ဘက္ကာက သိပါတယ်။ ပြီးတော့ အဲဒီနေရာကို သူ ဘယ်လိုမှ မသွားနိုင်သလို သွားနိုင်ရင်လည်း ဘယ်လိုရှာရမှန်း သူမသိပါဘူး။ ဒေသန္တရ ရဲစခန်းတစ်ခုဆီကိုတော့ ရက်ဘက္ကာ အရောက်သွားခဲ့ပါတယ်။ ဒါပေမဲ့ ဘာအကူအညီမှ မရခဲ့တဲ့အတွက် နောက်ဆုံးမှာ လက်လျှော့ခဲ့ရတယ်လို့ ပြောပြပါတယ်။

ဒီအမျိုးသမီးတွေ သူတို့ကလေးတွေနဲ့ ပြန်ဆုံနိုင်ဖို့က တစ်သန်းမှာ တစ်ခုလောက်ပဲ အခွင့်အလမ်း ရှိမှာပါ လို့ Missing Child Kenya ပရဟိတအဖွဲ့က မာယန်နာ မွန်ယန်ဒို က ပြောပါတယ်။ "လမ်းပေါ်က ကလေးအမေ အတော်များများဟာ သူတို့ကိုယ်တိုင်က အရွယ်မရောက်သေးပဲ မိခင်ဘဝ ရောက်ခဲ့ကြသူတွေပါ။ သူတို့ရဲ့ ခိုကိုးရာမဲ့မှုကို အသုံးချခံကြရတာပါ။"

ရက်ဘက္ကာ လို ကလေးအမေတွေကို လူတွေက သိပ်သနားလေ့ မရှိကြဘူးလို့ မွန်ယန်ဒိုက ပြောပါတယ်။

"ဒါပေမဲ့ လမ်းပေါ်က လူတွေမှာ စိတ်ခံစားချက် မရှိကြဘူး၊ သူတို့ဟာ တရားစီရင်မှုနဲ့ မထိုက်တန်ဘူးလို့ မယူဆသင့်ကြပါဘူး။ သူတို့မှာ စိတ်ခံစားချက် ရှိပါတယ်။ မြို့ကြီးပြကြီးက ရပ်ကွက်တွေမှာ နေတဲ့သူတွေ ကိုယ့်ကလေးကို လွမ်းဆွတ် အောင်းမေ့တာနဲ့ လမ်းပေါ်မှာ နေတဲ့ ကလေးအမေတစ်ဦး သူ့ကလေးကို လွမ်းဆွတ်တာ အတူတူ တပြေးညီပါပဲ။"

လမ်းပေါ်ကနေ အခိုးခံရတဲ့ ကလေးတချို့ကတော့ အဲဒီမြို့ကြီးပြကြီးက ရပ်ကွက်တွေကို ရောက်သွားပါလိမ့်မယ်။ တစ်ခါတလေတော့ ကလေးတွေကို ငွေပေးဝယ်ခဲ့တဲ့ သူဌေးမကြီးတွေအကြောင်း၊ သူများဆီက ခိုးလာတဲ့ ကလေးဆိုတာကို သိသိနဲ့ သူတို့ ဘာ့ကြောင့် ငွေပေးဝယ်ပြီး မွေးခဲ့ကြတာလဲ ဆိုတာတွေကို ရက်ဘက္ကာ တွေးကြည့်မိပါတယ်။

"သူတို့ ဘာတွေ တွေးနေကြသလဲ။ သူတို့ ဘယ်လို ခံစားရသလဲ ဆိုတာ သိချင်မိပါတယ်"


BBC Burmese

https://www.bbc.com/burmese/world-54977101

နိုင်ရိုဘီမြို့က မှောင်ခိုစျေးကွက်မှာ ကလေးတွေ ကြိုက်သလောက် ဝယ်လို့ရနေ  နိုင်ရိုဘီမြို့က မှောင်ခိုစျေးကွက်မှာ ကလေးတွေ ကြိုက်သလောက် ဝယ်လို့ရနေ Reviewed by THITHTOOLWIN on 23:15 Rating: 5

No comments:

Powered by Blogger.