၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို တစ်ပတ်အတွင်းမှာပဲ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကထုတ်ပြန်ကြေညာနိုင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကပဲ လွှတ်တော် သုံးရပ်မှာ ကိုယ်စားလှယ်လောင်း ၁၁၀၆ ဦး ဝင်ပြိုင်ပြီး ၉၂၀ ဦးအထိ စံချိန်တင် အနိုင်ရခဲ့ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲကိုNLD ဆူနာမီ လို့ အမည်တပ်ခဲ့ကြပြီး ၂၀၂၀ ရွေးကောက်ပွဲကိုတော့ တောင်ပြိုမိုးပြိုလို့ တင်စားနေကြပါတယ်။
ကော်မရှင်ကထုတ်ပြန်တဲ့ရလဒ်တွေအရ ရွေးကောက်ပွဲမှာအနိုင်ရတဲ့ပါတီက ၁၉ ပါတီပဲရှိခဲ့တာပါ။ ဒီအထဲမှာ ထိပ်ဆုံးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ခဲ့ပြီး ဒုတိယနေရာမှာ ၇၁ ဦးအနိုင်ရတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက ရှိနေတာပါ။
ထူးခြားတာက ရွေးကောက်ပွဲမှာအနိုင်ရတဲ့ပါတီစာရင်းမှာ ထိပ်ဆုံးနှစ်ပါတီကလွဲရင် ကျန်တဲ့ ၁၇ ပါတီဟာ တိုင်းရင်းသားပါတီတွေပဲဖြစ်နေတာပါ။ တစ်သီးပုဂ္ဂလ ၄ ယောက်နိုင်ပေမဲ့လို့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် တစ်နေရာမှမနိုင်ဘဲ တိုင်းနဲ့ပြည်နယ်လွှတ်တော် ၂ နေရာနဲ့ တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ် ၂ နေရာမှာပဲနိုင်ခဲ့တာဖြစ်ပါတယ်။
ဒေါ် အောင်ဆန်းစုကြည်ရဲ့အောင်ပွဲ
NLD ရဲ့ ၂၀၂၀ ရွေးကောက်ပွဲ အောင်ပွဲမှာ ၂၀၁၅ ကလိုပဲ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကပဲ အဓိကကျခဲ့ပြန်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲနဲ့ကွာတာက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် NLD ကိုယ်စားလှယ်လောင်းတွေဟာ မဲတောင်ကောင်းကောင်း မဆွယ်လိုက်ရဘဲ အများစုက အိမ်မှာနေရင်းအနိုင်ရခဲ့ကြတာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့လူမှုကွန်ရက်နဲ့ ပါတီလူမှုကွန်ရက်ကတစ်ဆင့် လှုပ်ရှားမှုတွေက NLD အောင်နိုင်ဖို့လုံလောက်ခဲ့ပါတယ်။
ဓာတ်ပုံ ရင်းမြစ်, Myo Thiha Kyaw / MPAဒါ့အပြင် အပြည်ပြည်ဆိုင်ရာတရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ထွက်ရင်ဆိုင်တာ၊ ကိုဗစ်ပထမလှိုင်းမှာ အစိုးရကိုင်တွယ်ပုံကောင်းတာအပြင် ရွေးကောက်ပွဲနီးချိန် တပ်မတော်ရဲ့ထုတ်ပြန်ချက်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တွေ့ဆုံမေးမြန်းခန်းတွေကလည်း NLD နိုင်ဖို့ အဓိကကျခဲ့တဲ့အချက်တွေလို့ အကဲခတ်တွေက သုံးသပ်ကြပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အောင်ပွဲနဲ့အတူ ၁၉၉၀ ရွေးကောက်ပွဲကတည်းက ၂၀၁၂၊၂၀၁၅နဲ့ ၂၀၂၀ အထိ လေးထပ်ကွမ်း အနိုင်ရသူတွေ ထွက်ပေါ်လာခဲ့ပါတယ်။ သူတို့တွေကတော့ အစိုးရပိုင်းကဆိုရင် သမ္မတ ဦးဝင်းမြင့်၊ မန္တလေးဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်၊မကွေးဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညို၊ စစ်ကိုင်းဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်၊ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နဲ့ ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်း ဦးမန်းဂျော်နီ တို့ပဲဖြစ်ကြပါတယ်။
လွှတ်တော်ပိုင်းကဆိုရင်တော့ မရမ်းကုန်းအမတ် ဒေါက်တာမေဝင်းမြင့်၊ပုလဲအမတ် ဒေါ်ခင်စန်းလှိုင်နဲ့ အမျိုးသားလွှတ်တော်အမတ် ဦးအောင်ကြည်ညွန့်တို့ပဲဖြစ်ကြပါတယ်။
တတိယ အကြိမ်လွှတ်တော်ကို ရက်ပေါင်း ၉၀ အတွင်းခေါ်ဖို့ရှိလွှတ်တော်အကြီးအကဲတချို့နှုတ်ဆက်ခွဲခွာ
၂၀၂၀ ရွေးကောက်ပွဲအပြီးမှာ လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုတိယ ဥက္ကဋ္ဌဟောင်းတွေ ထဲက လက်ရှိအမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးဝင်းမြင့်နဲ့ ပြည်သူ့လွှတ်တော်ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် တို့ကိုတော့ လွှတ်တော်မှာပြန်မြင်ရဖို့ရှိပါတယ်။ လက်ရှိပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်လည်း ရွေးကောက်ပွဲဝင်မပြိုင်ပါဘူး။ ဒါကြောင့် ဦးတီခွန်မြတ်ကို လွှတ်တော် ဥက္ကဋ္ဌ ထိုင်ခုံမှာ ပြန်မြင်ရဖို့မရှိသလို ဦးဝင်းမြင့်အနေနဲ့ သမ္မတဆက်ဖြစ်မလား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌပဲ ဖြစ်မလားဆိုတာလည်း ခန့်မှန်းနေကြပါတယ်။
လက်ရှိ အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးအေးသာအောင် လည်း သူပြိုင်မယ့် နေရာ ရွေးကောက်ပွဲရွှေ့လို့ လွှတ်တော်ထဲမရောက်နိုင်ဖြစ်နေပါတယ်။
ဒါ့အပြင် ပထမအကြိမ်လွှတ်တော်သက်တမ်းက လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုတိယ ဥက္ကဋ္ဌဟောင်းတွေကိုလည်း ပြန်မြင်ရဖို့မရှိတော့ပါဘူး။
လွှတ်တော် ဥက္ကဋ္ဌဟောင်းတွေဖြစ်တဲ့ သူရဦးရွှေမန်းနဲ့ ဦးခင်အောင်မြင့် တို့လည်း ရွေးကောက်ပွဲဝင်မပြိုင်ခဲ့ကြတာပါ။ ဒါပေမဲ့ ဒုတိယ ဥက္ကဋ္ဌဟောင်းတွေ ဖြစ်တဲ့ ဦးနန္ဒ ကျော်စွာနဲ့ ဦးမြညိမ်း တို့ကတော့ဝင်ပြိုင်ပြီးမှရှုံးနိမ့်ခဲ့တာပါ။
တပ်မဲရုံ တစ်ခုတွင်မဲရေတွက်နေစဥ်၂၀၁၅ ထက်အရှုံးပိုတဲ့ USDP
၂၀၁၅ အထွေထွေရွေးကောက်ပွဲက ကိုယ်စားလှယ် တစ်ရာကျော်နိုင်ခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီဟာ ၂၀၂၀ မှာတော့ လွှတ်တော် သုံးရပ်မှာ ၇၁ ဦးပဲပြန်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ပြည်သူ့လွှတ်တော်မှာ ၂၆ နေရာနဲ့ အမျိုးသားလွှတ်တော်မှာ ၇ နေရာပဲ ပြန်နိုင်တာပါ။ ဒီအရေအတွက်က ရွေးကောက်ခံကိုယ်စားလှယ်ထဲမှာ အာဏာရပါတီကိုထိန်းကျောင်းရမယ့် အင်အားအကြီးဆုံးအတိုက်အခံပါတီရဲ့ အမတ်အရေအတွက်လည်း ဖြစ်ပါတယ်။
ကြံ့ခိုင်ရေးပါတီဟာ တပ်မိသားစုတွေရှိတဲ့ မဲဆန္ဒနယ်တွေမှနဲ့ ရှမ်းပြည်နယ်လို ပြည်သူ့စစ် အမြောက်အများရှိတဲ့ နေရာတွေမှာပဲ အခြေအနေကောင်းခဲ့တာဖြစ်ပါတယ်။ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးဟာ ၂၀၁၅ ကသူရှုံးတဲ့ မြန်အောင်မှာမပြိုင်ဘဲ စစ်ရုံးရှိတဲ့ နေပြည်တော်က ဇေယျာသီရိမှာ လာပြိုင်ပြီးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
USDP အမာခံနေရာတွေဖြစ်တဲ့ မြန်မာပြည်အလယ်ပိုင်းက ရမည်းသင်း၊ပျော်ဘွယ် နဲ့ မိထ္ထီလာလိုနေရာတွေမှာပါ ရှုံးတာကတော့ အံ့သြစရာဖြစ်ခဲ့တာပါ။
မိထ္ထီလာကန်တံတားထိပ်မှာ ပါတီထောက်ခံသူအချို့ မဲဆွယ်ကာလ နှာခေါင်းစည်းဝေနေကြစဥ်အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဟောင်း ဦးခင်အောင်မြင့်ဟာ ၂၀၂၀ ရွေးကောက်ပွဲကို ဝင်မပြိုင်ဘဲ အနားယူခဲ့ပါတယ်။ သူနှစ်ကြိမ်ဆက်နိုင်ခဲ့တဲ့ အမျိုးသားလွှတ်တော်နေရာကို သူ့မိတ်ဆွေ ဦးမောင်မောင်မြင့်ကိုဝင်ပြိုင်ခိုင်းပေမယ့် ရှုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ပြည်သူ့လွှတ်တော်သက်တမ်းမှာ NLD အစိုးရနဲ့လွှတ်တော်ကို တက်တက်ကြွကြွ ဝေဖန်ဆွေးနွေးတဲ့ ပျော်ဘွယ်အမတ်ဦးသောင်းအေးလည်း ရှုံးခဲ့ပါတယ်။
ဒါ့အပြင် သမ္မတရုံးဝန်ကြီးဟောင်းဖြစ်တဲ့ ဦးလှထွန်း၊နိုင်ငံခြားရေးဝန်ကြီးဟောင်းတွေဖြစ်တဲ့ ဦးဉာဏ်ဝင်းနဲ့ ဦးဝဏ္ဍမောင်လွင်၊ လယ်/ဆည်ဝန်ကြီးဟောင်း တွေဖြစ်တဲ့ ဦးဌေးဦးနဲ့ဦးမြင့်လှိုင်၊ လဝကဝန်ကြီးဟောင်း ဦးခင်ရီ၊လျှပ်စစ်ဝန်ကြီးဟောင်း ဦးခင်မောင်စိုး၊လူကယ်ပြန်ဝန်ကြီးဟောင်း ဒေါက်တာမြတ်မြတ်အုန်းခင်၊ စက်မှုဝန်ကြီးဟောင်း ဦးမောင်မြင့်၊စီမံကိန်းဝန်ကြီးဟောင်း ဒေါက်တာကံဇော်၊ဘဏ္ဍာရေး ဝန်ကြီးဟောင်း ဦးဝင်းရှိန်၊ ကာကွယ်ရေးဝန်ကြီးဟောင်း ဦးဝေလွင်၊ ယဉ်ကျေးမှုဝန်ကြီးဟောင်း ဦးအေးမြင့်ကြူ နဲ့ ပို့ဆောင်ရေးဝန်ကြီးဟောင်း ဦးဉာဏ်ထွန်းအောင် တို့လည်းရှုံးကြပါတယ်။
ဒါကြောင့် လာမယ့်လွှတ်တော်မှာ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနဲ့ ဝန်ကြီးဟောင်း ဦးစိုးသိန်းကပဲ ဦးဆောင်ပြီးအတိုက်အခံလုပ်ကြရဖို့ ရှိပါတယ်။
ဦးသန်းဌေး နေပြည်တော်ဇေယျာသီရိက အနိုင်ရဒါပေမဲ့ ရှမ်းပြည်နယ်လွှတ်တော်ကိုတော့ ပြည်ခိုင်ဖြိုးက ထိန်းချုပ်ထားနိုင်ဆဲဖြစ်ပါတယ်။
ပါတီဒုတိယ ဥက္ကဋ္ဌ ဦးခင်ရီက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားဖို့ ကန့်ကွက်လွှာ အစောင် ငါးရာကျော် ရှိတယ်လို့ပြောထားတဲ့အတွက် ရွေးကောက်ပွဲခုံရုံးတွေရဲ့ ဆုံးဖြတ်ချက်အပေါ်မူတည်ပြီး ကြံ့ခိုင်ရေးပါတီရဲ့ကိုယ်စားလှယ်စာရင်းဟာ အပြောင်းအလဲဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။
အဓိကအတိုက်အခံ တပ်မတော်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်ထိုင်ခုံ ၂၅၈ နဲ့ အမျိုးသားလွှတ်တော်ထိုင်ခုံ ၁၃၈ နေရာအထိရထားခဲ့ပါတယ်။
အဲ့ဒီနောက်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲ ဝင်စရာမလိုတဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းက လွှတ်တော်ထဲမှာ အကြီးဆုံးအတိုက်အခံအင်အားစုအဖြစ်ဆက်ရှိနေမှာပါ။ အခြေခံဥပဒေအရ တပ်မတော်က ပြည်သူ့လွှတ်တော်မှာ ထိုင်ခုံ ၁၁၀ နဲ့ အမျိုးသားလွှတ်တော်ထိုင်ခုံ ၅၆ ခုံ အလိုအလျောက်ရရှိနေတာဖြစ်ပါတယ်။
၂၀၁၅ ရွေးကောက်ပွဲအပြီးမှာ NLD ကတင်တဲ့ ဒုတိယသမ္မတ လောင်း ဦးဟင်နရီဗန်ထီးယူကို တပ်မတော်က ကန့်ကွက်တာကစလို့ အတိုင်ပင်ခံဥပဒေကို သဘောမတူတာနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမှာတော့ အပြင်းထန်ဆုံးအငြင်းအခုံတွေ ဖြစ်ခဲ့ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းမယ့် လာမယ့် လွှတ်တော်မှာ လွှတ်တော်ဥက္ကဋ္ဌတွေ ရွေးချယ်တာ၊သမ္မတလောင်းတွေ တင်သွင်းတာနဲ့ အစိုးရဖွဲ့တာ၊ သက်တမ်းတိုးရဖို့ရှိတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေ တင်သွင်းလာတာတွေနဲ့ စဖို့ရှိနေပါတယ်။
တိုင်းရင်းသားပါတီတွေ
တိုင်းရင်းသားပါတီတွေထဲမှာ ထိပ်ဆုံးကဦးဆောင်နေတာကတော့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီဖွဲ့ချုပ် SNLD ဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ ထိုင်ခုံ ၄၀ အနိုင်ရခဲ့သလို အခုရွေးကောက်ပွဲမှာလည်း ၄၂ နေရာပြန်နိုင်ပါတယ်။ ဒါပေမဲ့ ပြည်သူ့လွှတ်တော်မှာ ၁၃ နေရာနဲ့ အမျိုးသားလွှတ်တော်မှာ ၂ နေရာပဲ ရှိနေတာပါ။ ရှမ်းပြည်နယ်လွှတ်တော်မှာတော့ ၂၇ နေရာ အထိအနိုင်ရထားတာဖြစ်ပါတယ်။
SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ်SNLD ပြီးရင် ရခိုင်အမျိုးသားပါတီရှိနေပြီး ပြည်သူ့လွှတ်တော် နဲ့ အမျိုးသားလွှတ်တော်မှာ ၄ နေရာ စီ ရှိနေတာပါ။ ရခိုင်ပြည်နယ် လွှတ်တော်မှာလည်း ၇ နေရာအထိနိုင်ပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်က မြို့နယ် ၉ ခုမှာ ရွေးကောက်ပွဲပြန်လုပ်ခဲ့ရင် ရခိုင်အမတ်တွေ ကို လွှတ်တော်ထဲမှာ ဒီထက်များများတွေ့ကြရဖို့ရှိနေပါတယ်။
ဒါ့အပြင် တအာင်း(ပလောင်) အမျိုးသားပါတီ နဲ့ မွန်ညီညွတ်ရေးပါတီတို့က ၁၂ နေရာစီနိုင်ကြပြီး ပြည်ထောင်စုလွှတ်တော်မှာ ၅ နေရာစီရှိနေတာပါ။ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ က ၈ နေရာပဲနိုင်ပေမယ့် ပြည်ထောင်စုလွှတ်တော်မှာ ၅ နေရာရထားပါတယ်။ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ က ၁၁ နေရာနိုင်ပြီး ပြည်ထောင်စုလွှတ်တော်မှာ ၄ နေရာရထားပါတယ်။
ဒါ့အပြင် ကချင်ပြည်နယ်ပြည်သူ့ပါတီ၊ ရခိုင့်ဦးဆောင်ပါတီ၊'ဝ' အမျိုးသားပါတီ နဲ့ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တို့က ပြည်သူ့လွှတ်တော်မှာ တစ်နေရာစီပဲ အနိုင်ရခဲ့ကြပါတယ်။
ဒီမိုကရေစီပါတီသစ်(ကချင်) က လည်း အမျိုးသားလွှတ်တော်တစ်နေရာနိုင်ခဲ့ပါတယ်။ ကျန်တဲ့တိုင်းရင်းသားပါတီတွေကတော့ ပြည်နယ်လွှတ်တော်တွေမှာပဲ နေရာအနည်းစုစီ အနိုင်ရခဲ့ကြတာပါ။
SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ်ဒါကြောင့် တိုင်းရင်းသား ၁၇ ပါတီက ကိုယ်စားလှယ်စုစုပေါင်းဟာ ပြည်ထောင်စုလွှတ်တော်မှာ ထိုင်ခုံ ၄၇ နေရာပဲရှိမှာဖြစ်ပါတယ်။
မျက်နှာသစ်ပါတီတွေ အခြေမလှခဲ့
မျက်နှာသစ်ပါတီတွေထဲမှာ အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးရွှေမန်းထူထောင်တဲ့ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီဟာ ကိုယ်စားလှယ်လောင်း ၉၂၄ ဦးနဲ့ တတိယအများဆုံးဝင်ပြိုင်တဲ့ ပါတီဖြစ်ပါတယ်။ ဝင်ပြိုင်တဲ့အရေအတွက်ကိုကြည့်တာနဲ့တင် အစိုးရဖွဲ့ဖို့ ရည်မှန်းခဲ့တယ်ဆိုတာသိသာပါတယ်။ ဒါပေမဲ့ အံ့သြစရာအဖြစ် တစ်နေရာမှ အနိုင်မရခဲ့ပါဘူး။
ရွေးကောက်ပွဲဝင်မပြိုင်တဲ့ သူရဦးရွှေမန်းကတော့ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အောင်နိုင်မှုကိုအထူးဂုဏ်ပြုတယ်လို့ ကော်မရှင်က အပြီးသတ်ရလဒ်ကို မကြေညာနိုင်သေးတဲ့ နိုဝင်ဘာ ၁၀ ရက်မှာပဲ ထုတ်ပြောခဲ့ပါတယ်။
နောက်ထပ် မျက်နှာသစ်ပါတီတစ်ခုက ၈၈မျိုးဆက်ထင်ရှားတဲ့နိုင်ငံရေးသမား ဦးကိုကိုကြီးရဲ့ပြည်သူ့ပါတီပါ။ ဦးကိုကိုကြီး၊ဦးရဲနိုင်အောင်နဲ့ လူငယ်နိုင်ငံရေးသမား ဦးနေယံဦးတို့လို ထင်ရှားသူတွေအပါအဝင် ကိုယ်စားလှယ်လောင်း ၁၄၄ ဦးဝင်ပြိုင်ခဲ့ပေမယ့် တစ်နေရာမှ မနိုင်ခဲ့ပါဘူး။
ပါတီသစ်တွေ အနိုင်မရခဲ့တောင်ဥက္ကလာမှာ NLD က ဦးသက်နိုင်စိုးက မဲ ရှစ်သောင်းကျော်ရခဲ့ပြီး ဦးကိုကိုကြီးက မဲသုံးထောင်တောင်မပြည့်ခဲ့ပါဘူး။
ကမာရွတ်မှာ NLD က ဒေါက်တာထိန်ဝင်းက မဲ သုံးသောင်းကျော်ရချိန်မှာ ဦးနေယံဦးက မဲတစ်ထောင်ပြည့်အောင်မရခဲ့ပါဘူး။
ဦးကိုကိုကြီးက "မင်္ဂလာပါ တောင်ဥက္ကလာ" ဆိုတဲ့ အစီအစဥ်ကို ထုတ်လွှင့်ခဲ့ပြီး ရွေးကောက်ပွဲအလွန် ဘာလုပ်မလဲဆိုတာကို မေးမြန်းဆွေးနွေးခဲ့ပါတယ်။
သူ့ကိုထောက်ခံပေမယ့် မဲမပေးခဲ့တဲ့ ပြည်သူတွေရှိခဲ့တယ်လို့ ဦးကိုကိုကြီးရဲ့ လူမှုကွန်ရက်မှာ ရေးသားချက်အရသိရပါတယ်။
ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေထွက်ပြီး ပါတီခွဲထောင်တဲ့ ဒေါ်သက်သက်ခိုင်ရဲ့ ပြည်သူ့ရှေ့ဆောင်ပါတီဟာလည်း ကိုယ်စားလှယ်လောင်း ၂၃၄ ဦး ဝင်ပြိုင်ပေမယ့် တစ်နေရာမှမနိုင်ခဲ့ပါဘူး။
ဒေါက်တာသက်သက်ခိုင် ကိုယ်တိုင်လည်း မရမ်းကုန်းမှာသွားပြိုင်ခဲ့ပြီး NLD ဝါရင့်အမတ် ဒေါက်တာ မေဝင်းမြင့်ကို အပြတ်အသတ်ရှုံးခဲ့ပါတယ်။ ဒေါက်တာမေဝင်းမြင့်က မဲကိုးသောင်းကျော်ရရှိခဲ့ပြီး ဒေါက်တာသက်သက်ခိုင်က မဲခုနှစ်ထောင်ကျော်သာရရှိခဲ့ပါတယ်။
'ပြည်သူတွေအနေနဲ့ ပါတီကိုပဲကြည့်တယ်။ လူကိုမကြည့်သေးဘူးလို့ပဲ ပြောရမှာပဲ' လို့ ဒေါ်သက်သက်ခိုင်က ပြောပါတယ်။
BBC Burmese

No comments:
Post a Comment