ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်းသာ လိုတော့တဲ့ အချိန်မှာပဲ ပဲခူးတိုင်းရွေးကောက်ပွဲ ကော်မရှင်ရုံးဝန်းထဲမှာ ဒီကနေ့ ပေါက်ကွဲမှု တခုဖြစ်ရာမှာ ထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက တင်ဆက်ပေးမှာပါ။
ပဲခူးတိုင်းရွေးကောက်ပွဲ ကော်မရှင်ရုံးဝန်းထဲ ဒီနေ့မွန်းလွဲပိုင်းက ပေါက်ကွဲမှုကြောင့် ထိခိုက်မှု တစုံတရာမရှိခဲ့ကြောင်း အခင်းဖြစ်ပွားချိန်မှာ ရှိနေတဲ့ ရုံးဝန်ထမ်း ဦးတိုးအောင်က ပြောပါတယ်။ ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့လည်း လုံခြုံရေးအာဏာပိုင်တွေက စစ်ဆေးနေတယ်လို့ ပြောပါတယ်။
“အသံကြားလိုက်တယ်ဆိုတော့ ဦးတို့ကလည်း ရုံးအခန်းထဲမှာပဲ ရှိနေတာလေ။ အဲဒီမှာ Transformer ပေါက်တာလားလို့ ပထမထင်လိုက်တာပေါ့။ အဲဒီအချိန်က မိုးကလည်း အုံ့နေတော့ မိုးကြိုးများ ပစ်တာလားပေါ့နော်။ အဲဒီဖြစ်လိုက်တဲ့အချိန်မှာ AD က ဆင်းပြီးကြည့်တော့ မီးခိုးလုံးတွေ့တဲ့အခါကျတော့ ကြည့်လိုက်တော့ မိုးကြိုးလွှဲကဖြစ်တာလားပေါ့။ နောက်ကျတော့ မဟုတ်ဘူး၊ အဲဒီမှာ စက္ကူနဲ့ ဗုံးနဲ့ပေါ့။ စက္ကူစတွေ ပြန့်ကြဲတာတွေ့တာ။ စခန်းရဲမှူးကြီးနဲ့၊ မြို့နယ်က လူကြီးတွေအကုန်လုံး လာကြည့်ကြတယ်။ တပ်ကလည်း ပါပါတယ်၊ စစ်အင်ဂျင်နီယာတပ်လည်း ပါတာပေါ့နော်၊ လာစစ်ဆေးကြတာပေါ့။ အထိအခိုက်တော့ ဘာမှမရှိပါဘူး၊ ရုံးရဲ့အပြင်ဘက် ထောင့်လေးမှာ ဖြစ်တဲ့အချိန်ကလည်း လူရှင်းတယ်။”
ကနဦးစစ်ဆေးချက်တွေအရ အသံဗုံးလို့ အာဏာပိုင်တွေက ယူဆထားကြောင်းလည်း ပဲခူးမြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဝင်းသိန်းကပြောပါတယ်။
“ဘာမှမဖြစ်ပါဘူး၊ ပေါက်ရုံပဲ ပေါက်တာ၊ အသံမြည်ရုံပဲ မြည်တာပါ။ သက်ဆိုင်ရာက စစ်ဆေးနေပါတယ်။ ဘာပစ္စည်းမှ ထိခိုက်မှုမရှိဘူး။ အသံဗုံးလို့တော့ ယူဆရပါတယ်။”
လာမယ့် တနင်္ဂနွေနေ့မှာ ရွေးကောက်ပွဲ ကျင်းပတော့မှာဖြစ်လို့ အခုလို ရက်ကပ်ချိန်မှာ ဖြစ်ခဲ့တဲ့ပေါက်ကွဲမှုကြောင့် မဲလာပေးမယ့်ပြည်သူတွေအနေနဲ့ စိုးရိမ်ပူပန် သွားနိုင်တယ်လို့ ပဲခူးမြို့ဒေသခံလည်းဖြစ်တဲ့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူ မယဉ်ယဉ်မျိုးက ပြောပါတယ်။
“သူကတော့ မြို့နယ်ရုံးထဲမှာဖြစ်တာ။ ကားတွေ ထားတဲ့နေရာလောက်မှာ အဲဒီမှာ ဗုံးပေါက်တာ။ မှန်လည်း ကွဲသွားရော အဲဒီအထဲက စာရွက်တွေ အကုန်လုံးအပြင်ထွက်သွားတာ၊ အပြင်မှာ ပွလဲနေရောပဲ။ အခုလည်း တနိုင်ငံလုံးမှာ အရမ်းဖြစ်ကြတယ်ပေါ့နော်။ ကျမကတော့ စိုးရိမ်တယ် ပြည်သူတယောက်အနေနဲ့၊ ကျမကိုယ်တိုင်လည်း စောင့်ကြည့်ရမှာဆိုတော့ ကျမလည်း ကိုယ်တိုင်သွားနေတာ။ ဒီ UEC ရုံးကို ဒေတာတွေ အမြဲတမ်းသွားကြည့်ရတယ်။ ကျမကိုယ်တိုင်တောင် စောင့်ကြည့်ဖို့ ခပ်လန့်လန့်ဆိုတော့ ပြည်သူတွေအနေနဲ့ ဒီသတင်းတွေကို အခုဆိုရင် တော်တော်များများ သိကုန်ပြီ။ သိတဲ့အခါကျတော့ သွားဖို့တောင်မှ ကြောက်ကြမှာပဲ၊ စိုးရိမ်ကြမှာပဲလို့ ကျမကတော့ ထင်တယ်။”
ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်ဝန်းကျင်မှာ ဗုံးလန့်မှုဖြစ်ခဲ့ပြီး စုံစမ်းစစ်ဆေးခဲ့တဲ့ တာဝန်ရှိသူတွေက ဒါဟာပြည်သူတွေကို အထိတ်တလန့်ဖြစ်စေတဲ့ ရည်ရွယ်ချက်မျိုးဖြစ်တယ်လို့ ပြောဆိုထားကြပါတယ်။ စက်တင်ဘာလကုန်ပိုင်းလောက်က နေပြည်တော် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌရဲ့ နေအိမ်မှာလည်း ဗုံးတလုံးတွေ့ခဲ့ပြီး စစ်ဆေးချက်တွေအရ လက်ပစ်ဗုံးအဖြစ် အတည်ပြုခဲ့ပေမဲ့ ဘယ်သူ့လက်ချက်ဆိုတာကိုတော့ မသိရသေးပါဘူး။
ရွေးကောက်ပွဲနီးလာချိန်မှာ အခုလို ဖြစ်စဉ်မျိုးတွေကြောင့် လူထုကြား အထိတ်တလန့် ဖြစ်လာကြမှာကိုလည်း ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေ စိုးရိမ်နေကြပါတယ်။
စုစု/VOA (Burmese)
https://burmese.voanews.com/a/bago-explosion-election-uec/5650661.html

No comments:
Post a Comment