ရွေးကောက်ပွဲမှာ လုပ်အားပေးခဲ့တဲ့ ဆရာဆရာမတွေထဲက ၅ဝ ကျော် ဗိုင်းရပ်စ်ကူးစက်ခံနေရ


၂၀၂၀ နိုဝင်ဘာ ၈ ရက် အထွေထွေရွေးကောက်ပွဲကာလ ကြိုတင်မဲကောက်ယူစဉ်နဲ့ မဲရုံမှာတာဝန်ထမ်းဆောင်စဉ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတဲ့ ဆရာ ဆရာမ အယောက် ၅၀ ကျော်ရှိပြီး ၂ ဦး သေဆုံးသွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာဆရာမများအဖွဲ့ချုပ်က ပြောပါတယ်။ ဒီဆရာဆရာမတွေကို နိုင်ငံတော်အစိုးရက စိတ်ပိုင်းဆိုင်ရာ အားပေးမှုတွေအပြင် ထောက်ပံ့ကူညီမှုတွေ လုပ်ဆောင်ဖို့လဲ တောင်းဆိုလိုက်ပါတယ်။

၂ဝ၂ဝ ရွေးကောက်ပွဲမှာ ပါဝင်ကူညီဆောင်ရွက်ခဲ့ကြတဲ့ မဲရုံတာဝန်ကျ ဆရာ ဆရာမတွေထဲက  အယောက် ၅၀ ကျော် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပြီး ၂ ယောက် သေဆုံးသွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာဆရာမ အဖွဲ့ချုပ်က သိရပါတယ်။ ကူးစက်ခံထားရတဲ့ ဆရာ ဆရာမ အများစုဟာ ရန်ကုန်တိုင်းက ဖြစ်တယ်လို့  မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာဆရာမ အဖွဲ့ချုပ်အတွင်းရေးမှူး ဒေါက်တာဇော်မျိုးလှိုင်က ပြောပါတယ်။

“ ရန်ကုန်က အယောက် ၃ဝ ကျော် ပဲခူးက ၁ဝ ယောက်လောက်ရှိပါတယ်။ ကျန်တာက ဧရာဝတီ၊ မကွေး၊  မန္တလေး၊ မွန်ပြည်နယ်က ဖြစ်ပါတယ်။ သေဆုံးသူက  ၂ ယောက်ပါ ။ တယောက်က သံလျင်က ကြိုတင်မဲကာလမှာ ဆုံးသွားတာပါ။ ဒုတိယက ဗိုလ်တထောင်နယ်မြေကပါ မိသားစုနဲ့ဆက်သွယ်လို့ ရအောင် ကြိုးစားနေပါတယ်။”

လတ်တလောမှာတော့ ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ ဆရာ ဆရာမတွေကို သက်ဆိုင်ရာ ကိုဗစ်ထိန်းချုပ်ကုသဆောင်တွေမှာ ထားရှိပြီး သတ်မှတ်ကုသရက်ပြည့်လို့ အိမ်ပြန်ခွင့်ရသွားသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာဆရာ၊ ဆရာမများအဖွဲ့ချုပ်အနေနဲ့ ကူးစက်ခံ ဆရာဆရာမတွေကို ဖုန်းကတဆင့် အားပေးနှစ်သိမ့်တာ၊ ဂုဏ်ပြုချီးမြှင့်ငွေပေးတာတွေ လုပ်ဆောင်ပေးနေတယ်လို့လည်း ဒေါက်တာဇော်မျိုးလှိုင်က ပြောပါတယ်။

“ တချို့က စင်တာကနေ သတ်မှတ်ကုသရက် ပြည့်လို့ အိမ်ကိုပြန်ခွင့်ရလို့ ပြန်သွားတဲ့သူတွေ ပါပါတယ်။ အများစုကတော့ လက်ရှိ ကုသရေးစင်တာတွေမှာရှိပါတယ်။  ကျနော်တို့က  တိုက်ရိုက် အဆက်အသွယ်လဲ ရပါတယ်။ အားလုံးနီးပါးကို ကျနော်တို့ ဆရာအဖွဲ့က ဖုန်းဆက်ပြီးအားပေးပါတယ်။ ဒုတိယအဆင့်အနေနဲ့ လဲ ဒီဆရာဆရာမတွေကို ဂုဏ်ပြုတဲ့အနေနဲ့ တယောက်ကို ၅ဝဝဝဝ ကျပ် အဖွဲ့ချုပ် ရန်ပုံငွေထဲက ပို့ပေးပါတယ်”

ကူးစက်ခံထားရတဲ့ ဆရာဆရာမတွေကို အများနဲ့ တန်းတူ ကုသပေးနေပေမယ့်လည်း ဒီဆရာ ဆရာမတွေဟာ မဲရုံမှာ ကူညီတာဝန်ထမ်းဆောင်ရင်း ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတာမို့ သက်ဆိုင်ရာ ဝန်ကြီးဌာနနဲ့ တာဝန်ရှိသူတွေအနေနဲ့ အသိအမှတ်ပြုမှုတခုခုနဲ့ တစုံတရာ ဆောင်ရွက်ပေးစေချင်တယ်လို့  ဒေါက်တာဇော်မျိုးလှိုင်က ပြောပါတယ်။

“အစိုးရအနေနဲ့ ပုံမှန်ပြည်သူလူထုနဲ့အတူ ကုသပေးတာတွေ့ပါတယ်။ ကျန်တာတော့ ထူးထူးခြားခြားဆောင်ရွက်တာ မတွေ့သေးပါဘူး။ ဒီဆရာမတွေ အနေနဲ့ နိုင်ငံ့တာဝန်ထမ်းဆောင်ရေး မဲရုံတာဝန်ထမ်းဆောင်ရင်း ကူးစက်တာဖြစ်တဲ့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ အစိုးရက အသိအမှတ်ပြုဖို့ လိုတယ်၊ ဂုဏ်ပြုဖို့လိုတယ်။ ကျနော်တို့အဖွဲ့က လုပ်ပေးတာထက် ပိုပြီးလုပ်ပေးဖို့လိုပါတယ်။”

၂ဝ၂ဝ ရွေးကောက်ပွဲမှာ အခြေခံပညာဦးစီးဌာနက ဆရာ ဆရာမ တသိန်းကျော်ဟာ သက်ဆိုင်ရာမဲရုံအသီးသီးမှာ မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲလက်မှတ်ထုတ်ပေးသူ၊ မဲစာရင်းစစ်ဆေးသူတွေအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ကြတာပါ။

မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၂၆ ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်း ၈၅၂၀၅ ယောက်ရှိနေပြီဖြစ်ပြီး သေဆုံးသူ ၁၈၄၆ ဦး ရှိသွားပြီလို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/Over-50-teachers-tested-and-2-died-for-Covid-19-during-election-11262020161910.html

ရွေးကောက်ပွဲမှာ လုပ်အားပေးခဲ့တဲ့ ဆရာဆရာမတွေထဲက ၅ဝ ကျော် ဗိုင်းရပ်စ်ကူးစက်ခံနေရ ရွေးကောက်ပွဲမှာ လုပ်အားပေးခဲ့တဲ့ ဆရာဆရာမတွေထဲက ၅ဝ ကျော် ဗိုင်းရပ်စ်ကူးစက်ခံနေရ Reviewed by THITHTOOLWIN on 00:28 Rating: 5

No comments:

Powered by Blogger.