ပုသိမ်မြို့က ဈေးဆိုင်ပိုင်ရှင်တချို့ အခက်တွေ့နေ


Stay Home မြို့နယ် အဖြစ်သတ်မှတ်ထားတဲ့ ပုသိမ်မြို့ မှာရှိတဲ့ ရွှေပြည်သာစျေးမှာ ဆိုင်ခန်းတွေ ပိတ်ထားရလို့ ဆိုင်ခန်းပိုင်ရှင်တွေနဲ့ အလုပ်သမားတွေ  အခက်အခဲတွေ့နေရတယ်လို့ သိရပါတယ်။ စျေးဆိုင်ခန်းပေါင်း ၅၀၀ကျော် ခန့်ရှိတဲ့ စျေးရဲ့ ဆိုင်ခန်းတွေကို ပိတ်ထားရတာလို့ ဆိုင်ခန်းပိုင်ရှင်တွေက ဆိုပါတယ်။ ရွှေပြည်သာစျေးက အဝတ်အထည်၊ စားသောက်ကုန်နဲ့ ရွှေပန်းထိမ်လုပ်ငန်းတွေ၊ အလှပြင်ဆိုင်လုပ်ငန်းတွေ၊ မျက်မှန်ဆိုင်လုပ်ငန်းတွေ ရှိတဲ့စျေးတစ်ခုပါ။

ရွှေပြည်သာစျေးမဖွင့်တဲ့အတွက် ပန်းထိမ်သမားတွေက အလုပ်လက်မဲ့ဖြစ်နေပြီး နိုင်ငံတော်က  ထောက်ပံ့ကြေးလည်းမရတဲ့ အခြေအနေတွေ ကြုံနေရတယ်လို့ ပန်းထိမ်ဆိုင် ဖွင့်ထားတဲ့ ကိုသန်းဦးက ပြောပါတယ်။

“ကျနော်တို့ ပန်းထိမ်သမားတွေ အလုပ်လက်မဲ့ဖြစ်နေတာ တော်တော်ကြာပါပြီ။ ကျနော်တို့က ပန်းထိမ်ကို ကိုယ်စားပြုပြီး ဒီစျေးကို ဖွင့်စေချင်ပါတယ်။ ကျနော်တို့က အလုပ်မရှိတော့ တော်တော်ကြပ်ကြပ်တည်းတည်း ဖြစ်နေကြတယ်။ နိုင်ငံတော်က ထောက်ပံ့ကြေးပေးတယ်ဆိုပေမယ့် ပန်းထိမ်လက်ခစားတွေ၊ အလုပ်သမားတွေ ပါမယ်ထင်တာ။ လက်ခစား၊အလုပ်သမားတွေ ပါပေမယ့် ပန်းထိမ်သမားတွေကို မပေးဘူးလို့ ပြောပါတယ်”

စည်ပင်သာယာရဲ့ ရွှေပြည်သာစျေးက စျေးဆိုင်တွေဟာ ကိုဗစ်-၁၉ ကပ်ရောဂါ ဒုတိယလှိုင်းမှာ ပိတ်ထားရတာ နှစ်လကျော်ရှိပြီ ဖြစ်တယ်လို့ စျေးဆိုင်ပိုင်ရှင်တွေက ပြောပါတယ်။

ရွှေပြည်သာစျေးမှာ မျက်မှန်ရောင်းချတဲ့ ဦးရဲမြင့်က ကိုဗစ်စည်းကမ်းနဲ့အညီ ဆိုင်ခန်းတွေ ပြန်ပြီးဖွင့်လှစ်ခွင့်ပေးစေချင်သူ တစ်ဦးပါ။

“ကျနော်တို့ အခက်အခဲက အများနဲ့တန်းတူ ဆိုင်ဖွင့်ချင်တယ်။ စည်ပင်ကနေ ကိုဗစ်စည်းကမ်းဥပဒေနဲ့ ဆောင်ရွက်ပေးရင် ကျန်းမာရေးဌာနကလည်း ကျနော်တို့ကို ဖွင့်ပေးဖို့ အဆင်သင့် ရှိလိမ့်မယ်။ စည်ပင်ဘက်က နေ ကိုဗစ်စည်းကမ်းနဲ့ ညီအောင်လုပ်ပေးစေချင်တယ်။ စည်ပင်လုပ်ပေးရင် ကျန်းမာရေးဌာနက ဖွင့်ခွင့်ပေးလိမ့်မယ်”

ပုသိမ်မြို့က Stay Home သတ်မှတ်ထားလို့ အိမ်ဆိုင်တွေကို မွန်းလွဲ နှစ်နာရီ အထိ ဖွင့်လှစ်ပေးထားပြီး စည်ပင်သာယာရေးပိုင်စျေးဆိုင်ခန်းတွေကိုတော့ ဖွင့်လှစ်ခွင့် ပေးမထားပါဘူး။

ရွှေပြည်သာစျေးက ရွှေဆိုင်တွေရဲ့ အခက်အခဲကိုလည်း ရွှေဆိုင်ပိုင်ရှင်တစ်ဦးဖြစ်တဲ့ ဒေါ်ခင်စန်းဌေးက RFA ကို ပြောပါတယ်။

“နှစ်လကျော် သုံးလ ဖြစ်လာတဲ့ အခါကျတော့ ကျွန်မတို့က ရွှေဆိုင်ဖြစ်တယ်။ တခြား ကုန်ပစ္စည်း မဟုတ်ဘဲ ရွှေဆိုင်ဖြစ်တဲ့ အခါကျတော့ ပြန်သွင်းတဲ့ အထည်တွေရှိတယ်။ လူတွေ အခက်အခဲဖြစ်လို့ လာပြန်သွင်းတဲ့အခါမှာ ကျမတို့က ဒိုင်ခံ ဝယ်နေရတယ်။ ကြာလာတဲ့အခါကျတော့ ကျွန်မတို့လည်း မခံနိုင်တော့ဘူး။ ကျွန်မတို့နောက်မှာ ကျွန်မတို့ကို မှီခိုနေတဲ့ ပန်းထိမ်ဆရာတွေ ရှိတယ်။ အဲ့ဒီ ပန်းထိမ်တွေဆိုလည်း တော်တော်အခက်အခဲ ရှိတယ်။ နောက်ပြီးတော့ ရွှေဆိုင်တွေထဲမှာလည်း တချို့ ရွှေဆိုင်တွေဆိုရင် သူတို့ မှာ ချေးငွေတွေရှိတယ်။ တော်တော်များများက ဒီအတိုးတွေအတွက်ကို အခက်အခဲတွေရှိကြတာကိုလည်း ကျွန်မတို့ သိရတယ်။ ကြာလာတဲ့အခါကျတော့ အဆင်မပြေဘူး”

ဧရာဝတီတိုင်းထဲမှာ Stay Home သတ်မှတ်ထားတဲ့ မြို့တွေက စည်ပင်သာယာစျေးတွေကို ပြန်ဖွင့်ခွင့် မပေးသေးဘူးလို့ ဧရာဝတီတိုင်းစည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က RFA ကို ပြောပါတယ်။

“လောလောဆယ်ကတော့ Stay Home သတ်မှတ်ထားတဲ့ ပုသိမ်ရယ်၊ မအူပင်ရယ်၊ ဖျာပုံရယ် ကတော့၊ ပြန်လည်ဖွင့်လှစ်ခွင့်ပြုဖို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ သဘောတူညီမှု မရတဲ့အတွက် လက်ရှိအချိန်မှာတော့ ပြန်လည်ဖွင့်လှစ်ဖို့ အစီအစဉ် မရှိသေးပါဘူး”

Stay Home သတ်မှတ်မထားတဲ့ မြို့တွေ က စည်ပင်သာယာပိုင်စျေးတွေကိုတော့ ကျန်မာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ  ဆိုင်ပိုင်ရှင်တွေနဲ့ စည်ပင်ကော်မတီ က တာဝန်ယူမှု၊ တာဝန်ခံမှုရှိရင် ပြန်ဖွင့်ခွင့်ပေးဖို့ စီစဉ်နေတယ်လို့  ဧရာဝတီတိုင်းစည်ပင်သာယာရေးဝန်ကြီးက ပြောပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/pathein-markets-during-coronavirus-pendemic-11182020111727.html

ပုသိမ်မြို့က ဈေးဆိုင်ပိုင်ရှင်တချို့ အခက်တွေ့နေ  ပုသိမ်မြို့က ဈေးဆိုင်ပိုင်ရှင်တချို့ အခက်တွေ့နေ Reviewed by THITHTOOLWIN on 23:41 Rating: 5

No comments:

Powered by Blogger.