ချားလ်စ်ဒါဝင်ရဲ့ ဒေါ်လာသန်းနဲ့ချီတန်မှတ်စုစာအုပ်တွေ ပျောက်နေတာ နှစ်၂၀ကြာ

ချားလ်စ်ဒါဝင်ဟာ သဘာဝတရားကြီးရဲ့ ပြောင်းလဲနေတဲ့ ဆင့်ကဲဖြစ်စဥ်သီအိုရီကို သေသေချာချာလေ့လာခဲ့တဲ့ပညာရှင်ကြီးဖြစ်ပါတယ်။

ချားလ်စ်ဒါဝင်ရဲ့ ဒေါ်လာသန်းနဲ့ချီတန်တဲ့ မှတ်စုစာအုပ် နှစ်အုပ် ပျောက်ဆုံးနေတာဟာ နှစ်၂၀ကြာသွားပြီလို့ ကိန်းဘရစ်တက္ကသိုလ် စာကြည့်တိုက်က ထုတ်ပြန်လိုက်ပါတယ်။

သက်ရှိသတ္တဝါတွေကြားထဲက ဆင့်ကဲဖြစ်စဥ်ဖြစ်ပေါ်တိုးတက်မှုကို ပုံကြမ်းရေးဆွဲထားတဲ့ ၁၉ရာစု သိပ္ပံအကျော်အမော် ဒါဝင်ရဲ့ Tree of Life ပုံကြမ်းလည်း အဲ့ဒီစာအုပ်နှစ်အုပ်ထဲက တစ်အုပ်မှာ ပါနေပါတယ်။

အဲ့ဒီ ပျောက်ဆုံးမှုကို စာကြည့်တိုက်တာဝန်ခံတွေ သေသေချာချာ လေ့လာဆန်းစစ်မှုတွေ လုပ်ခဲ့ကြပြီးနောက် အခိုးခံရတာ ဖြစ်နိုင်တယ်လို့ နောက်ဆုံးမှာ ကောက်ချက်ဆွဲထားပါတယ်။ ပြီးတော့ အဲ့ဒီစာအုပ်တွေ ပြန်ရှာတွေ့အောင် အကူအညီပေးကြဖို့လည်း လူတွေကို အကူအညီတောင်းခံထားပါသေးတယ်။

မှတ်စုစာအုပ်တွေပြန်ရဖို့ ကိန်းဘရစ်တက္ကသိုလ်က လူတွေဆီက အကူအညီတောင်းခံ

"ကြေကွဲဝမ်းနည်းစရာကောင်းပါတယ်၊ ပြန်ရှာတွေ့ဖို့ကိုလည်း ရတဲ့နည်းလမ်းနဲ့ ကြိုးစားသွားပါမယ် " လို့ ကိန်းဘရစ်တက္ကသိုလ် စာကြည့်တိုက်မှူး ဒေါက်တာဂျက်ဆီကာဂါ့ဒ်နာက ဘီဘီစီကို ပြောပါတယ်။

အဲ့ဒီ မှတ်စုစာအုပ်တွေကို ဓာတ်ပုံရိုက်ဖို့ အထူးလက်ရေးမူတွေ သိမ်းထားတဲ့အခန်းကနေ ထုတ်လာခဲ့တဲ့အချိန်မှာ နောက်ဆုံးတွေ့ခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်က ၂၀၀၀ခုနှစ် နိုဝင်ဘာလက ဖြစ်ပါတယ်။

နောက်တော့ အဲ့ဒီအချိန်မှာ တက္ကသိုလ်စာကြည့်တိုက် ပြင်ဆင်မှုတွေ လုပ်နေတာကြောင့် မှတ်စုစာအုပ်တွေကို ယာယီစတူဒီယို တစ်ခုထဲမှာ သွားသိမ်းထားတာပါ။

ပြီးတော့ ပုံမှန်စစ်ဆေးမှုတွေသာလုပ်ခဲ့ပြီး နှစ်လအကြာမှာတော့ ပျောက်ဆုံးနေတယ်ဆိုတာ သိခဲ့ရပါတယ်။

"နိုဝင်ဘာလတုန်းက ဒီစာအုပ်တွေကို ဓာတ်ပုံရိုက်ခဲ့တယ်ဆိုတာကို ကျွန်မတို့သိတယ်။ ဒါပေမဲ့ပျောက်တယ်လို့ သိတဲ့အချိန် ၂၀၀၁ဇန်နဝါရီလနဲ့ ၂၀၀၀နိုဝင်ဘာလကြားမှာ ဘာတွေဖြစ်ခဲ့လဲဆို တာကိုတော့ ကျွန်မတို့ မသိဘူး"လို့ ‌ဒေါက်တာဂါ့ဒ်နာက ပြောပါတယ်။

ပထမပိုင်းမှာတုန်းက နေရာထားမှားတာ ဖြစ်နိုင်တယ်လို့ စာကြည့်တိုက်မှူးတွေက ထင်ခဲ့ကြပါတယ်။ "ကျွန်မနေရာမှာ အရင်လုပ်သွားတဲ့သူတွေက သူတို့နေရာမှားထားတာ၊ပြန်ရှာတွေ့မယ်လို့ ထင်နေကြတယ်" လို့ ၂၀၁၇ခုနှစ်မှာ စာကြည့်တိုက် ညွှန်ကြားရေးမှူးဖြစ်လာတဲ့ ဒေါက်တာဂါ့ဒ်နာက ဖြည့်ပြောခဲ့ပါတယ်။

ပျောက်ဆုံးနေတဲ့ စာအုပ်ထဲမှာ Tree of Lifeပုံကြမ်းရေးထားတဲ့စာအုပ်လည်းပါနေ

ဒါပေမဲ့ ဒီမှတ်စုစာအုပ်နှစ်အုပ် ပြန်တွေ့ဖို့ နှစ်ပေါင်းများစွာ ကြိုးစားဆက်ရှာပေမဲ့လည်း အခုထိ ရှာမတွေ့ခဲ့ပါဘူး။

ဒါဆိုရင် ကိန်းဘရစ်တက္ကသိုလ်ရဲ့ စာကြည့်တိုက်အရွယ်စားကို ကြည့်ရအောင်ပါ။ တကယ့်ကို ကြီးတဲ့ စာကြည့်တိုက်ကြီးပါ။ အဲ့ဒီမှာ စာအုပ်စင်တွေကလည်းအများကြီး၊မြေပုံ ၁၀သန်းကျော်နဲ့ လက်ရေးမူတွေအပြင် အခြား စာအုပ်မှတ်တမ်းတွေကိုပါ သိမ်းထားတာပါ။

ဒီနှစ်အစောပိုင်းကလည်း ဒေါက်တာဂါ့ဒ်နာဦးဆောင်မှုနဲ့ ရှာဖွေမှု အသစ်တစ်ခု ထပ်လုပ်ခဲ့ပါသေးတယ်။ ဝန်ထမ်းတွေက တက္ကသိုလ်စာကြည့်တိုက်ရဲ့ သိုလှောင်ခန်းတွေကို အထူးဇုန်တွေ အဆင့်ဆင့်သတ်မှတ်ပြီး ပိုက်စိပ်တိုက်ရှာခဲ့ကြတာပါ။

ပြီးတော့ ဒါဝင်ရဲ့ စာအုပ်တွေ၊ပုံဆွဲထားတွေနဲ့ ပေးစာတွေအပါအဝင် သေတ္တာ၁၈၉လုံးကိုပါ ဖွင့်ရှာခဲ့ပေမယ့် ပျောက်နေတယ်ဆိုတဲ့ မှတ်စုစာအုပ်တွေကို ရှာမတွေ့ခဲ့ပါဘူး။

ဒေါက်တာဂါ့ဒ်နာကတော့ ဒီစာအုပ်တွေ လုံးဝပျောက်သွားပြီဆိုတာ သူ လက်မခံနိုင်သေးပါဘူး။ ပြန်တွေ့ရမယ်လို့ ပြောနေပါတယ်။


BBC Burmese

https://www.bbc.com/burmese/world-55064188

ချားလ်စ်ဒါဝင်ရဲ့ ဒေါ်လာသန်းနဲ့ချီတန်မှတ်စုစာအုပ်တွေ ပျောက်နေတာ နှစ်၂၀ကြာ  ချားလ်စ်ဒါဝင်ရဲ့ ဒေါ်လာသန်းနဲ့ချီတန်မှတ်စုစာအုပ်တွေ ပျောက်နေတာ နှစ်၂၀ကြာ Reviewed by THITHTOOLWIN on 02:02 Rating: 5

No comments:

Powered by Blogger.