ကင်ဆာရောဂါကြားက လူမှုတရားမျှတရေးကို ရှေ့တန်းတင်သူ

မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံးက ပေးတဲ့ Women of Change ဆု ရရှိစဉ်

"ရင်သားကင်ဆာဖြစ်နေပြီ၊ ရင်သား တစ်ဖက်ကို ဖြတ်ထုတ်မှ ရမယ်လို့ ဆရာဝန်က ပြောလိုက်တဲ့အချိန်မှာ လေဟာနယ်ထဲ လွင့်သွားသလိုမျိုး၊ စိတ်နဲ့ ခန္ဓာ ကပ်မနေ တော့သလို လွင့်ထွက်သွားတဲ့ ခံစားမှုမျိုး ခံစားခဲ့ရတယ် ။"

ကင်ဆာရောဂါကို ကြံ့ကြံ့ခံ အံတုပြီး အခု အချိန်အထိ လူမှုရေးလုပ်ငန်းနဲ့ လူမှု တရားမျှတရေး လုပ်ငန်း တွေမှာ တက်တက်ကြွကြွ ဆောင်ရွက်နေတဲ့ အသက် ၄၂ နှစ်အရွယ် ကချင်တိုင်းရင်သူ မမိုင်းမိုင်က သူ ရောဂါအကြောင်း စသိရစဉ်က အကြောင်းကို အဲဒီလို ပြောပြတာ ဖြစ်ပါတယ်။

ကင်ဆာဖြစ်ပြီး ရင်သားဖြတ်ထုတ်ရတော့မယ်လို့ သိလိုက်ချိန်က လက်ထပ်ဖို့ ရည်ရွယ်ထားတဲ့ ချစ်သူကို လက်ထပ်ယူလိုက်ရင် သူ့ကို ဒုက္ခပေးရာ ကျမှာပဲလို့ တွေးမိလိုက်တဲ့ အတွေးတွေက ပူလောင်လွန်းလှပြီး သွေးပျက်မတတ်ခံစားခဲ့ရတယ်လို့လည်း ပြောပြပါတယ်။

ဒီခံစားမှု ရှိခဲ့ပေမဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ခွဲစိတ်ကုသမှု၊ ဆေးဝါး သောက်သုံးမှုတွေကို ဆရာဝန်ညွှန်ကြားတဲ့ အတိုင်း သူက လိုက်နာလုပ်ဆောင်ခဲ့ပါတယ်။

ရင်သားဖြတ်ထုတ်ဖို့ ဆရာဝန်ပြော

မမိုင်းမိုင်

ရင်သား ကင်ဆာရောဂါဖြစ်မှန်း သိခဲ့တဲ့ အချိန်က မမိုင်းမိုင် အသက် ၃၆ နှစ်ကျော်ပဲ ရှိပါသေးတယ်။ ရောဂါဖြစ်တာ အသိနောက်ကျတယ်လို့ သူက ဘီဘီစီကို ပြောပါတယ်။ ရောဂါဖြစ်တာကို သူ ၂၀၁၄ မှာ သိခဲ့ရတာပါ။

ရင်သားမှာ အကြိတ်ရှိလာပြီး ပုံမှန်မဟုတ်တဲ့ အရည်ကြည်လေးတွေ ထွက်လာပြီးတဲ့နောက် သွေးစ၊သွေးနလေးတွေ ဖြစ်လာတဲ့အခါ သူနဲ့ ရင်းနှီးတဲ့ သူနာပြု ဆရာမလေးတွေကို ပြောပြဖြစ်ခဲ့ပေမဲ့ အမျိုးသမီးတွေမှာ ဒီလို ဖြစ်လေ့ရှိတယ်လို့သာ ပြောခဲ့ကြပြီး ကင်ဆာဖြစ်နိုင်တယ်ဆိုတဲ့ အကြံပေးမှုမျိုး သူမရရှိ ခဲ့ပါဘူး။

လူမှုရေးလုပ်ငန်းတွေလုပ်ဆောင်

နောက်ပိုင်း ခွဲစိတ်ကု ဆရာဝန်နဲ့ ပြခဲ့ပြီးနောက်မှ အသားစ နမူနာယူပြီး ဓာတ်ခွဲကြည်ဖို့ လိုတယ်ဆိုလို့ အမျိုးသမီးခေါင်းဆောင်မှု သင်တန်း တက်ဖို့ ရန်ကုန်ကို သွားဖြစ်ခဲ့ချိန်မှာ စမ်းသပ်ဖြစ်ခဲ့ပြီး ကင်ဆာရောဂါဖြစ်မှန်း သိလာခဲ့ရတာ ဖြစ်ပါတယ်။

ဆရာဝန်က ကင်ဆာ အဆင့် ၂ ကျော်လွန်နေပြီ၊ အကြိတ်ကို အမြန် ခွဲထုတ်မယ်၊ ရင်သား ဖြတ်ထုတ်လို့ ရရင် ဖြတ်ထုတ်မယ်၊ ဓာတ်ကင်ရမယ်၊ ဆေးသွင်းရမယ် စတဲ့ ကုသမှုတွ လုပ်ဖို့ လိုတယ်လို့ ပြောခဲ့လို့ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ကုသမှုခံယူခဲ့တယ်လို့ မမိုင်းမိုင်က ပြောပါတယ်။

သူ့အနေနဲ့က ပိုက်ဆံကလည်း စုမိဆောင်းမိအနေအထားလည်း မဟုတ်ခဲ့ဘဲ မိတ်ဆွေအပေါင်းအသင်းနဲ့ လူမှု ကူညီရေးအဖွဲ့တွေရဲ့ ကူညီဖေးမမှုနဲ့ ဆေးကုသခံယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ကင်ဆာလို့ သိလိုက်ရချိန်

ရောဂါဖြစ်မှန်း စတင်သိရတော့ မိသားစုနဲ့ သူငယ်ချင်းတွေကို အရင် အသိမပေးဘဲ ချစ်သူကို အသိပေးခဲ့ပြီး သူ့ကို လက်မထပ်တော့ဖို့ စဉ်းစားပါလို့ မမိုင်းမိုင်က ပြောခဲ့ပါတယ်။

ချစ်သူ မရှိခဲ့ရင် ဒီလို ခံစားရမှာ မဟုတ်ပေမဲ့ အိမ်ထောင်ပြုဖို့ စဉ်းစားထားတဲ့ အမျိုးသမီးတစ်ယောက် အဖို့ သူ့ချစ်သူကို ဝန်ထုပ်ဝန်ပိုး ပေးမိတော့မယ် ဆိုတဲ့ အသိက ခံစားလို့ မရနိုင်လောက်အောင်ကို လေးလံလှတယ်လို့ မမိုင်းမိုင်က ဆိုပါတယ်။

ဒါ့အပြင် ရင်သား ဆိုတာ အမျိုးသမီး အတွက် အရေးကြီးတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းဖြစ်တော့ ဖြတ်ထုတ်ရမယ်လို့ ပြောတဲ့ အချိန်မှာ သူ တော်တော် ထိတ်လန့် တုန်လှုပ်မိခဲ့ရပါတယ်။

ဘာသာရေးအရ ကြည့်မယ် ဆိုပြန်ရင်လည်း ခရစ်ယာန် ဘာသာကို သက်ဝင်ယုံကြည်သူ တစ်ယောက်အနေနဲ့ ကိုယ့်ခန္ဓာကိုယ် အစိတ်အပိုင်းကို ဖြတ်ထုတ်ပစ်ရတယ် ဆိုတဲ့ ကိစ္စဟာ ဘုရားသခင်နဲ့ ဆိုင်တယ်လို့ ခံစားရပြီး မဖြစ်စေချင်ဘူးလို့ မမိုင်းမိုင်က ဆိုပါတယ်။

နောက်ဆုံးမှာတော့ ရင်သားကို ဖြတ်ထုတ်ပစ်ခဲ့ပြီး ဆေးကုသမှု ခံယူခဲ့ချိန်မှာ သူ့ချစ်သူက အစစအရာရာထောက်ပံ့မှုပေးပြီး စောင့်ရှောက် ပေးခဲ့ပါတယ်။

လူမှုရေးလုပ်ငန်းတွေလုပ်ပြီး လူအများကို ကူညီခဲ့သူဖြစ်လို့ လူတစ်ယောက်ချင်းစီကရော လူမှုအဖွဲ့အစည်းတွေကပါ သူ့ကို တောက်လျှောက် ကူညီပေးခဲ့ကြတယ်။ ဒါကြောင့် အများကောင်းကျိုး လုပ်ပေးရင် ဆုံးရှုံးမှု မရှိဘူး၊ ကိုယ့်ကိုလည်း ကူညီသူ ပြန်တွေ့တယ်လို့ ခံယူကြောင်း မမိုင်းမိုင်က ပြောပါတယ်။

အခုတော့ မမိုင်းမိုင် ကျန်းကျန်းမာမာနဲ့ လူမှုရေး လုပ်ငန်းတွေ ဆက်လုပ်နေပါပြီ။

ဆေးကုနေဆဲမှာ လူမမာလို နားမနေခဲ့

မမိုင်းမိုင်

ကင်ဆာရောဂါဖြစ်လို့ ဆေးကုသခံနေရချိန်မှာ ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် ကောင်းခါးရွာမှာ ကချင်ဆရာမလေး နှစ်ယောက် လိင်ပိုင်းအကြမ်းဖက် သတ်ဖြတ်ခံရတဲ့ ကိစ္စပေါ်လာတော့ ဆေးကုနေရင်း ထိုင်နေလို့ မရဘူး မှိန်းနေလို့မရဘူး၊ အမျိုးသမီးတွေ မတရားပြုကျင့်ခံရတဲ့ကိစ္စမှာ မားမားမတ်မတ် ရပ်တည်ဖို့ လိုအပ်တယ် ဆိုပြီး ကိုယ်တိုင် နေမကောင်းဖြစ်နေတာကိုမေ့ထားပြီး လုပ်သင့်တာတွေလုပ်ဆောင်ခဲ့တယ်လို့ မမိုင်းမိုင်က ပြောပါတယ်။

ဆေးကုဖို့ သူ ရန်ကုန်ကိုရောက်နေချိန်မှာ ပဋိပက္ခတွေကြားက ပြည်သူတွေနဲ့ ဆိုင်တဲ့ အချက်အလက်တွေကို ကိုယ်တိုင်ရထားသူတစ်ယောက်အနေနဲ့ ရန်ကုန်ရောက်တုန်း ဒါတွေကို ပြောပြဖို့ အခွင့်ကြုံနေချိန်မှာ မပြောပြရရင် နောက်ကျ သွားလိမ့်မယ် ဆိုပြီး ရောဂါအတွက် ကီမို ဆေးသွင်းနေရလို့ နေမကောင်းဖြစ်နေတဲ့ကြားက ကိုယ့်ကျန်းမာရေးကို အလေးမထားဘဲ ကြိုးစားခဲ့တယ်လို့ သူက ဆိုပါတယ်။

အလုပ်တွေ ဆက်လုပ်ခဲ့တဲ့ မမိုင်းမိုင်

အဲဒီကာလက မြန်မာ့ မြေယာမူဝါဒ ကိစ္စလုပ်ဆောင်နေချိန်လည်း ဖြစ်နေလို့ သူသိထားတဲ့ ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူ အိုင်ဒီပီ တွေရဲ့ သတင်းအချက်အလက်တွေကို ကီမိုသွင်းနေရင်း တန်းလန်းမှာပဲ ဆွေးနွေး တင်ပြတာတွေ လုပ်တယ်၊ အလုပ်ရုံ ဆွေးနွေးပွဲတွေသွားတယ်လို့ မမိုင်းမိုင်က ပြောပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေကို ကူညီစောင့်ရှောက်ရေး၊ လူမှု တရားမျှတရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ ရည်ရွယ်ပြီး စိတ်တူကိုယ်တူ လူငယ်တွေနဲ့ အတူပူးပေါင်းဖွဲ့စည်းထားတဲ့ Never End Tomorrow NET ဆိုတဲ့ လူမှုအဖွဲ့အစည်းကို မမိုင်းမိုင် ဦးဆောင်ဖွဲ့စည်းခဲ့ပါတယ်။

မမိုင်းမိုင်

သူ့ဇာတိမြေ ကွတ်ခိုင်မြို့မှာ နေထိုင်ပြီး လူမှုတရားမျှတရေးလုပ်ငန်းတွေ ဆောင်ရွက်ရင်း စစ်ရှောင်တွေကို ကူညီရင်းနဲ့ လူငယ်တွေ အလုပ်အကိုင်ရှားပါးတာ၊ မသန်စွမ်းလူငယ်တွေ အကူအညီလိုအပ်နေတာတွေကို တွေ့မြင်လာရတဲ့အတွက် Gethsemane ဂေဟာဆိုတဲ့ မသန်စွမ်းနဲ့ လူငယ်ဖွံ့ဖြိုးရေး ဂေဟာ တစ်ခုကိုလည်း လွန်ခဲ့တဲ့ တစ်နှစ်က စတင်ပြီး မမိုင်းမိုင်က ဦးဆောင်ဖွင့်လှစ်ခဲ့ပါတယ်။

အသက် ၁၀ နှစ် အထက် မသန်စွမ်းလူငယ်တွေကို ဦးစားပေး စောင့်ရှောက်ထားတဲ့ အဲဒီဂေဟာမှာ အခု လက်ရှိ လူ ၃၀ လောက်ရှိတယ်လို့ မမိုင်းမိုင်က ဘီဘီစီကို ပြောပါတယ်။

သူတို့တွေ လူမှုဝန်းကျင်မှာ ဝင်ဆံ့အောင်၊ လူမှုအသိုင်းအဝိုင်းကလည်း သူတို့ကို အသိအမှတ်ပြု လက်ခံအောင်၊ အသက်မွေးဝမ်းကျောင်း အတတ်ပညာလည်း တတ်မြောက်စေရအောင် ဝင်ငွေရတဲ့ အိမ်တွင်းစက်မှုလက်မှု လုပ်ငန်းတွေ၊ စက်ချုပ်ပညာနဲ့ စိုက်ပျိုးရေး စတဲ့ လုပ်ငန်းတွေ သင်ကြားပေးနေတယ်လို့ ဆိုပါတယ်။

အဲဒီဂေဟာ စတင်ထူထောင်ခဲ့ချိန်က မေတ္တာ ဖောင်ဒေးရှင်း အဖွဲ့က ကူညီခဲ့တာဖြစ်ပြီး လောလောဆယ်မှာ ဘယ်လို NGO အဖွဲ့မျိုးဆီကမှ အကူအညီမရယူဘဲ တစ်ဦးချင်း တစ်ယောက်ချင်း လှူဒါန်းကြတဲ့ မေတ္တာငွေနဲ့သာ ရပ်တည်နေတယ်လို့ မမိုင်းမိုင်က ပြောပါတယ်။


အချစ်ရဲ့ ခွန်အား

မမိုင်းမိုင်နဲ့ ချစ်သူ

ခွဲစိတ်ကုသမှု ခံယူပြီးတဲ့နောက်မှာ ၂၀၁၈ ခုနှစ်မှာ မမိုင်းမိုင် သူ့ ချစ်သူနဲ့ လက်ထပ်ခဲ့ပါတယ်။

ခင်ပွန်းဖြစ်သူရဲ့ နားလည်မှုနဲ့ အားပေးပံ့ပိုးမှုက သူ့ကို အများကြီး ခွန်အားဖြစ်စေခဲ့တယ်လို့ မမိုင်းမိုင်က ပြောပါတယ်။

လူသားတွေ အတွက် အသက်အန္တရာယ်ကြီးမားလှတဲ့ ကင်ဆာရောဂါကို ခံနိုင်ရည်ရှိရှိ တိုက်ဖျက်နိုင်ဖို့က ကုသမှု ခံယူဖို့ ငွေရေးကြေးရေးက အစ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေ အမျာကြီး လိုအပ်ပါတယ်။

ငွေကြေးပိုင်ဆိုင်မှုမရှိ၊ တခြား ဘာမှ ပိုင်ဆိုင်မှုလည်းမရှိဘူးဆိုတဲ့ မမိုင်းမိုင် အဖို့က သူ့ခင်ပွန်း၊ သူ့မိသားစုနဲ့ ဆွေမျိုးအသိုင်းအဝိုင်းရဲ့ နားလည် ဖေးမပေးမှုတွေကြောင့် အခုလို ရပ်တည်နိုင်တာလို့ ဆိုပါတယ်။

တကယ်တော့ ရင်သားကင်ဆာဟာ ကြိုတင်သိရင် အသက်ရှင်သန်နိုင်တဲ့ အခွင့်အလမ်း အများဆုံး ကင်ဆာရောဂါတွေထဲက တခု ဖြစ်လို့ အစောဆုံး အချိန်မှာ ရောဂါရှိမှန်း သိနိုင်အောင် သတိရှိကြဖို့ ကျန်းမာရေး အသိပညာပေးမှုတွေကို ရင်သားကင်ဆာ တိုက်ဖျက်ရေး လှုပ်ရှားတဲ့ အဖွဲ့တွေက တိုက်တွန်းနေပါတယ်။

နှစ်စဉ်နှစ်တိုင်း အောက်တိုဘာလကို ရင်သားကင်ဆာ သတိပြုစရာလ Breast Cancer Awareness Month အဖြစ် သတ်မှတ်ပြီး တစ်လလုံး အသိပညာပေးလုပ်ငန်းတွေ ကြိုတင် စမ်းသပ်စစ်ဆေးဖို့ လိုအပ်တာတွေကို သတိပေးတဲ့ လုပ်ငန်းတွေကို ကမ္ဘာအနှံ့ လုပ်ဆောင်ကြပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/burma-54988737

ကင်ဆာရောဂါကြားက လူမှုတရားမျှတရေးကို ရှေ့တန်းတင်သူ ကင်ဆာရောဂါကြားက လူမှုတရားမျှတရေးကို ရှေ့တန်းတင်သူ Reviewed by THITHTOOLWIN on 00:21 Rating: 5

No comments:

Powered by Blogger.