ဂျပန်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ အမျိုးသားပြန်လည်သင့်မြတ်ရေး အထူးကိုယ်စားလှယ် Mr. Yohei Sasakawa (ယာဘက်) ၂၀၂၀ နိုဝင်ဘာ ၂၈ ရက်နေ့က စစ်တွေမြို့မှာ သတင်းစာရှင်းလင်းစဉ်
Photo: Min Thein Aung/RFA
ဂျပန်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ အမျိုးသားပြန်လည်သင့်မြတ်ရေး အထူးကိုယ်စားလှယ် Mr. Yohei Sasakawa နဲ့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr. Ichiro Maruyama တို့ပါဝင်တဲ့အဖွဲ့ဟာ ဒီနေ့မနက် ၈ နာရီခွဲလောက်မှာ စစ်တွေမြို့ကိုရောက်ရှိလာပြီး လုံခြုံရေးအခြေအနေကြောင့် ရွေးကောက်ပွဲ မကျင်းပခဲ့ရတဲ့ ရခိုင်မြောက်ပိုင်းက မြို့နယ်အချို့ကို တပ်မတော်ရဟတ်ယာဉ်နဲ့ သွားရောက်လေ့လာနေပါတယ်။
ဒီနေ့ နေ့လယ်မှာတော့ စစ်တွေမြို့မှာ ရခိုင်အမျိုးသားပါတီ ANP နဲ့ ပြည်နယ်လွှတ်တော်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ရှိသလို ဒေသခံသတင်းသမားတွေနဲ့ပါ တွေ့ဆုံခဲ့ပါတယ်။
ဂျပန်အစိုးရရဲ့အထူးကိုယ်စားလှယ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၆ ရက်နေ့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌတို့နဲ့တွေ့ဆုံပြီး ရွေးကောက်ပွဲကိစ္စ၊ ငြိမ်းချမ်းရေးကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။
ရခိုင်ပြည်နယ် ပုံမှန်အခြေအနေ ပြန်လည်ရောက်ရှိဖို့ လူသားချင်းစာနာထောက်ထားတဲ့ ထောက်ပံ့မှုတွေကို ဂျပန်အစိုးရအနေနဲ့ရော နီပွန်ဖောင်ဒေးရှင်းအနေပါ ဆက်လက် ဆောင်ရွက်သွားမယ်လို့လည်း ဂျပန်အစိုးရရဲ့ အထူးကိုယ်စားလှယ်က နိုဝင်ဘာလ ၉ ရက်နေ့က အွန်လိုင်းကနေပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။
ဒီနေ့ စစ်တွေလေဆိပ်ကိုရောက်ရှိလာတဲ့ ဂျပန်အစိုးရရဲ့ အထူးကိုယ်စားလှယ်ခရီးစဉ်နဲ့ပတ်သက်လို့ ဒေသခံ သတင်းသမားတွေက သွားရောက်သတင်းယူဖို့ ကြိုးစားခဲ့ကြပေမယ့် လေဆိပ်တာဝန်ကျလုံခြုံရေး ရဲအရာရှိတွေက အထက်အမိန့်အရဆိုပြီး သတင်းသမားတွေကို ဝင်ခွင့်ပိတ်ပင်ခဲ့ပါတယ်။
RFA Burmese

No comments:
Post a Comment