တပ်မတော်ထုတ်ပြန်ချက် ဖွဲ့စည်းပုံနဲ့မညီ - သမ္မတရုံးပြောခွင့်ရသူ

သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး (နိုဝင်ဘာ ၀၄၊ ၂၀၂၀)


မကြာခင်ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အစိုးရနဲ့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေအပေါ် တပ်မတော်က ဝေဖန်လိုက်တဲ့အပေါ် အစိုးရတာဝန်ရှိသူက ဒီနေ့ပဲ တုံ့ပြန်လိုက်တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။

လာမယ့်ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ရာမှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နဲ့ အစိုးရရဲ့ ဆောင်ရွက်ချက်တွေဟာ အားနည်းချက်တွေ ရှိနေတယ်ဆိုပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ တနင်္လာနေ့က ထုတ်ပြန်ချက်အပေါ် သမ္မတရုံးက ဒီနေ့ပဲ တုံ့ပြန်လိုက်တာပါ။ တပ်မတော်ရဲ့ ထုတ်ပြန်ချက်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မကြာသေးခင်က တွေ့ဆုံမေးမြန်းခန်းတခုမှာ မှတ်ချက်ပေးခဲ့တာတွေဟာ ဖွဲ့စည်းပုံနဲ့ ကိုက်ညီမှုမရှိဘူးဆိုပြီး သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

"တပ်မတော်ထုတ်ပြန်ချက်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့ ပေါ်ပြူလာ မဂ္ဂဇင်းတို့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားချက်တွေက ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံဥပဒေများရဲ့ အနှစ်သာရနဲ့ ကိုက်ညီမှုမရှိပါဘူး။"

တနင်္လာနေ့က ထုတ်ပြန်တဲ့ တပ်မတော်ရဲ့ သဘောထား ကြေညာချက်မှာတော့ နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် အစိုးရနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တို့ ရဲ့အဘက်ဘက်က ပြင်ဆင်မှုတွေမှာ လုံလောက်မှုမရှိ၊ အားနည်းချက်တွေ တွေ့ရပြီး နောက်ဆက်တွဲရလဒ်တွေအတွက် အစိုးရအနေနဲ့ တာဝန်ခံရမယ့်အကြောင်း ဖော်ပြထားပါတယ်။

ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးတဲ့ လုပ်ငန်းစဉ်တွေနဲ့ ကပ်ရောဂါကာလ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ရောဂါထိန်းချုပ်ရေး အစီအစဉ်တွေ အားနည်းတာကြောင့် နောက်ဆက်ဆွဲ ဆိုးကျိုးတွေ ရင်ဆိုင်ရနိုင်တယ်လို့လည်း သတိပေးထားတာပါ။

သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးကတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဆောင်ရွက်ရာမှာ အားနည်းချက်တွေနဲ့ ပတ်သက်လို့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ အသိအမှတ်ပြုလက်ခံခဲ့ပေမဲ့ အခက်အခဲကြားက ဆောင်ရွက်နေရတာဖြစ်ကြောင်းလည်း ကာကွယ်ပြောဆိုသွားပါတယ်။

ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်းသာ လိုတော့တဲ့ အချိန်မှာပဲ တပ်မတော်နဲ့ အစိုးရကြား အပြန်အလှန် ပြောဆိုမှုတွေကြောင့် ရွေးကောက်ပွဲအလွန် နိုင်ငံရေးအခြေအနေအပေါ် စိုးရိမ်တယ်လို့လည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းလည်းဖြစ် နိုင်ငံရေး လေ့လာသုံးသပ်သူလည်းဖြစ်တဲ့ ဦးရဲထွန်းက ပြောပါတယ်။

"တပ်ကလည်း အခု UEC ကို ထောက်ပြပြီးတော့ အစိုးရကို ဝေဖန်နေတဲ့ ကိစ္စက တဘက်နဲ့တဘက် တင်းမာလာလို့ရှိရင် အကြိတ်အခဲတွေပေါ့နော်။ နှစ်ဘက်ကြားမှာ အကြိတ်အခဲတွေ ရှိနေတယ်ဆိုလို့ရှိရင် နောက် ၂၀၂၀ ပြီးလို့ အဆိုးရွားဆုံး အာဏာသိမ်းတဲ့အထိ မရောက်တောင်မှ... အဆိုးရွားဆုံး ဖြစ်နိုင်တာကတော့ အာဏာသိမ်းတာပေါ့ဗျာ။ အဲဒီ့အထိ မရောက်ရင်တောင်မှ တပ်နဲ့ အနိုင်ရတဲ့ NLD ပါတီက နိုင်ခဲ့မယ်ဆိုလို့ရှိရင် NLD ပါတီနဲ့ကြားက ဆက်ဆံရေးကတော့ ကောင်းလာဖို့မမြင်ဘူး။ ဒီလိုပဲ တစောင်းဆေးနဲ့မျက်ချေးဆိုတဲ့ ပုံစံမျိုးဖြစ်မှာ။ အဲဒီလိုဖြစ်မယ်ဆိုရင် အထူးသဖြစ်တော့ ငြိမ်းချမ်းရေး တည်ဆောက်တဲ့ ကိစ္စတွေမှာတော့ အနှောက်အယှက် အဟန့်အတား ဖြစ်လိမ့်မယ်လို့ ကျနော်က အဲဒီလိုတွက်ပါတယ်ဗျ။"

သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးကတော့ ရွေးကောက်ပွဲကျင်းပကာနီးမှာ အစိုးရနဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်အပေါ် ဝေဖန်မှုတွေ ခြိမ်းခြောက်မှုတွေကို သတိထားဖို့ လိုတယ်လို့လည်း သတင်းစာရှင်းလင်းပွဲမှာ မှတ်ချက်ပေးခဲ့တာပါ။

"ဘယ်ဟာ message ပေးချင်လဲဆိုတော့ မြန်မာနိုင်ငံသားတွေအတွက် အထူးပဲ အရေးကြီးတယ်။ ပြည်သူလူထုကို message ပေးလိုတာကတော့ တင်ပြပါအတိုင်း ပြိုင်တူတွန်းရင် ရွေ့နိုင်တယ်။ အဲဒီတော့ ကိုယ်ဆိုင်ရာဆိုင်ရာ ကဏ္ဍကနေပြီးတော့ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြဖို့ ဒီ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ပျက်ပြားအောင် အချိန်ကိုက် လှုပ်ရှားမှုတွေကို အထူးသတိပြုကြဖို့။ ပြီးရင်တော့ နောက်ဆုံးကျနော်တို့ရဲ့ ပန်းတိုင်ကတော့ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်အောင်မြင်မြင် ဖြစ်မြှောက်ရေးအတွက် ဝန်းရံကြဖို့ပဲ ဖြစ်ပါတယ်။"

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာတော့ နိုင်ငံရေးပါတီပေါင်း ၉၀ ကျော်နဲ့ တသီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်တွေ ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး မဲပေးခွင့်ရှိသူ ၃၇ သန်းကျော် ရှိမယ်လို့လည်း ရွေးကောက်ပွဲ ကော်မရှင်က ခန့်မှန်းထားပေမဲ့ လွတ်လပ်မျှတတဲ့ အခြေအနေမရှိဘူးဆိုပြီး တိုင်းနဲ့ပြည်နယ် ၆ ခုက မဲဆန္ဒနယ်မြေတွေကို ရွေးကောက်ပွဲ မကျင်းပဖို့ ကြေညာထားတဲ့အတွက် မဲဆန္ဒရှင် ခန့်မှန်းခြေ ၁,၀၀၀,၀၀၀ ကျော် မဲပေးခွင့်ဆုံးရှုံးမယ့် အခြေအနေမှာ ရှိနေပါတယ်။


ေမခ/VOA (Burmese)

https://burmese.voanews.com/a/myanmar-politics-mm-military/5647911.html

တပ်မတော်ထုတ်ပြန်ချက် ဖွဲ့စည်းပုံနဲ့မညီ - သမ္မတရုံးပြောခွင့်ရသူ တပ်မတော်ထုတ်ပြန်ချက် ဖွဲ့စည်းပုံနဲ့မညီ - သမ္မတရုံးပြောခွင့်ရသူ Reviewed by THITHTOOLWIN on 21:55 Rating: 5

No comments:

Powered by Blogger.