ရခိုင်မှာ လူတစ်ရာကို ၈ ဦးနှုန်း ကိုဗစ်ပိုးတွေ့နေ


ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ဒုတိယလှိုင်းဖြစ်ပွားမှုဟာ ပြီးခဲ့တဲ့လပိုင်းတွေမှာ ကူးစက်ခံရမှုမြင့်တက်ခဲ့ပေမဲ့ အခုကာလမှာတော့ အတက်အကျအနေအထားရှိနေသေးတယ်လို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။

ကိုဗစ်-၁၉ ကူးစက်မှုဟာ ရခိုင်ပြည်နယ်အတွင်း လူတစ်ရာကိုဗစ်-၁၉ စစ်ဆေးလို့ရှိရင် ၃၀ ဦးကျော်တွေ့ရှိတဲ့အထိ အမြင့်ဆုံး အနေအထားကို ရောက်ရှိခဲ့ပြီး လက်ရှိမှာတော့ လူတစ်ရာမှာ ၈ ဦးနှုန်းအထိ တွေ့ရှိနေသေးတယ်လို့ ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။

ကိုဗစ်-၁၉ တားဆီးကာကွယ်ရေးအတွက် အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေကတော့ ကူးစက်ခံရသူတွေ ပြန်လည် မြင့်တက်လာခဲ့တာကို တွေ့နေရပြီး နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲအပြီးကာလမှာ အခုလို ကူးစက်ခံရသူတွေ ပိုမို များပြားလာခဲ့တာ ဖြစ်တယ်လို့ ရခိုင်လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆောင် ရွက်ရေးအဖွဲ့ (AHCT)က ထောက်ပြပြောဆိုကြပါတယ်။

ရခိုင်ပြည်နယ်ဟာ ကိုဗစ်-၁၉ ဒုတိယလှိုင်းစတင်ဖြစ်ပွားခဲ့တဲ့ ဒေသတစ်ခုဖြစ်ပြီး ပြီးခဲ့တဲ့ဩဂုတ် ၁၆ ရက်နေ့ကစတင်ခဲ့တဲ့ ကိုဗစ်ပိုးကူးစက်ခံရမှုဟာ တစ်နိုင်ငံလုံး အတိုင်းအတာမှာ အများဆုံးနေရာထိ တစ်ဟုန်ထိုးမြင့်တက်ခဲ့ရာကနေ အောက်တိုဘာလ အစောပိုင်းလောက်မှာ ပြန်လည်ကျဆင်း လာခဲ့ပေမဲ့ နိုဝင်ဘာလလယ်လောက်မှာ ပြန်လည်မြင့်တက်လာခဲ့တာ ဖြစ်တယ်လို့ဆိုပါတယ်။

ရခိုင်မှာ မလိုအပ်ဘဲ အပြင်မထွက်ဖို့ အမိန့် ထုတ်ထားခဲ့

လက်ရှိမှာတော့ ရသေ့တောင်မြို့နယ်အတွင်းမှာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရမှု အများဆုံး တွေ့ရှိနေရတာဖြစ်ပြီး စစ်တွေ မြို့နယ်နဲ့ တချို့မြို့နယ်တွေမှာလည်း ပြန်လည်မြင့်တက်လာနေတယ်လို့ ပြည်နယ်ကျန်းမာရေးဌာနက ပြောပါတယ်။

" ကုန်ခဲ့တဲ့အပတ်မှာတော့ နည်းနည်းပြန်ကျတဲ့ သဘောရှိတယ်။ တွေ့ရှိမှုနှုန်းကတော့ လူတစ်ရာ စစ်လို့ရှိရင် ၈ ယောက်တွေ့တယ်။ အမြင့်ဆုံးထောင်တက်ခဲ့တဲ့ အပတ်စဉ် ၄၀ မှာဆိုရင် လူတစ်ရာမှာ ၃၁ ယောက်ထိတွေ့ခဲ့တယ်။ သေဆုံးမှုကတော့ ၂၈ ယောက်ဆုံးသွားပြီး ၀ ဒသမ ၈၁ ရာခိုင်နှုန်းရှိတယ်။"လို့ ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။

ကိုဗစ်-၁၉ ရောဂါစတင်ဖြစ်ပွားခဲ့တဲ့ ဩဂုတ်လ ၂၀ ရက်နေ့ကစတင်ပြီး ရခိုင်ပြည်နယ်အတွင်းက မြို့နယ်အားလုံးမှာ လူတွေကို အပြင်မထွက်ကြဖို့ Stay at home နေထိုင်ကြဖို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက အမိန့်ထုတ်ပြန်ထားပြီး ဒေသအာဏာပိုင်တွေဘက်ကလည်း ညမထွက်ရအမိန့်ကို ဆက်လက်ထုတ်ပြန်ထားဆဲဖြစ်ပါတယ်။

စစ်တွေမြို့မှာတော့ ကိုဗစ်-၁၉ စတင်ဖြစ်ပွားခဲ့တဲ့ အချိန်က လူတွေအသွားအလာနည်းပါးခဲ့ပေမဲ့ အခုနောက်ပိုင်းမှာတော့ အပြင်ထွက်သွားလာမှုတွေပြုလုပ်လာကြသလို တချို့နေရာတွေမှာဆိုရင်လည်း လူစုလူဝေးတွေကို တွေ့လာနေရပါတယ်။

လက်ရှိ ရခိုင်ပြည်နယ် ကဆေးရုံတွေမှာ ကုသမှုခံယူနေရသူပေါင်း ၂၄၁ ကျော်ရှိ

ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးစတင်တွေ့ရှိခဲ့တဲ့ ဩဂုတ်လဒုတိယအပတ်ကနေ နိုဝင်ဘာ နောက်ဆုံးအပတ်ထိ သုံးလတာကာလအတွင်း ပိုးကူးစက်ခံရသူပေါင်း ၃၄၃၄ ဦးရှိပြီး နေပြန်ကောင်းသူပေါင်း ၃၁၆၅ ဦးခန့်ရှိပြီဖြစ်ကာ လက်ရှိဆေးရုံတွေမှာ ကုသမှုခံယူနေရသူပေါင်း ၂၄၁ ဦး ရှိတယ်လို့ သိရပါတယ်။

အခုလို ဒေသတွင်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူတွေ မြင့်တက်လာနေတဲ့အတွက် ဌာနဆိုင်ရာတွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ ပူးပေါင်းပြီးတော့ စစ်တွေမြို့က လူစုလူဝေးတွေ ရှိတဲ့နေရာတွေနဲ့ ဈေးအနီးဝန်းကျင်နေရာတွေမှာ နှာခေါင်းစည်းတွေ၊ မျက်နှာဖုံးတွေ လိုက်ဝေပြီးတော့ ကိုဗစ်-၁၉ အသိပညာပေးရေးလုပ်ငန်းတွေကို ဆောင်ရွက်နေတယ်လို့ ရခိုင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (AHCT) က ကိုကျော်ဌေးဦးကို ပြောပါတယ်။

"ရွေးကောက်ပွဲမတိုင်မီ ကာလမှာတော့ ဌာနဆိုင်ရာတွေကသော်လည်းကောင်း ကိုဗစ်-၁၉ ဖြစ်ပွားမှုကို တုံ့ပြန်တဲ့သူတွေက အာရုံစူးစိုက်မှု လျော့ကျတယ်လို့ ပြောရမှာပေါ့။ နောက်ပိုင်း ရွေးကောက်ပွဲပြီးလာတော့ အာရုံစူးစိုက်လာတဲ့ ကာလတစ်ခုမှာ ဆိုလိုတာက ပြန်ပြီးတော့ စေ့စေ့စပ်စပ်လေး လုပ်လာတဲ့ အနေအထားမှာ ပြန်တွေ့တာပေါ့နော်။ ကျွန်တော်တို့ကတော့ အဲ့လိုမြင်ပါတယ်။"လို့ ကိုကျော်ဌေးဦးက ထောက်ပြ ပြောဆိုပါတယ်။

ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရမှုတွေ တိုးလာနေသလို အဲ့ဒီရောဂါကြောင့် သေဆုံးသူတွေလည်း တိုးလာနေပြီး ရခိုင်တစ်ပြည်နယ်လုံးမှာ ကိုဗစ်ကြောင့် သေဆုံးသူဦးရေဟာ ၂၈ ဦးထိရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

တစ်နိုင်ငံလုံး အတိုင်းအတာမှာတော့ ရောဂါပိုးကူးစက်ခံရသူပေါင်း ၈၀၅၀၅ ဦးရှိပြီး နေပြန်ကောင်းလာတဲ့အတွက် ဆေးရုံဆင်းခွင့် ရရှိကြသူပေါင်းက ၅၉၈၈၈ ဦးထိရှိကာ သေဆုံးသူပေါင်းကတော့ ၁၇၆၅ ဦးထိရှိနေပြီလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ နိုဝင်ဘာ ၂၃ ရက် ညနေ ၈ နာရီထုတ်ပြန်ချက်အရ သိရပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-55058444

ရခိုင်မှာ လူတစ်ရာကို ၈ ဦးနှုန်း ကိုဗစ်ပိုးတွေ့နေ  ရခိုင်မှာ လူတစ်ရာကို ၈ ဦးနှုန်း ကိုဗစ်ပိုးတွေ့နေ Reviewed by THITHTOOLWIN on 01:52 Rating: 5

No comments:

Powered by Blogger.