ဒီကနေ့ ကျင်းပမယ့် ၂၀၂၀ အမေရိကန်ရွေးကောက်ပွဲမှာ မဲပေးကြမယ့် အမေရိကန်နိုင်ငံသားမြန်မာနွယ်ဖွားတွေဘက်က နိုင်ငံ့အပြောင်းအလဲ ဘယ်လောက်မျှော်လင့်ချက်တွေရှိကြလဲ မကြာခင် မဲရလဒ်အဖြေထွက်ပေါ်လာမယ့် ရွေးချယ် တင်မြှောက်ခံရမယ့် အမေရိကန်သမ္မတ အပြောင်းအလဲက အမေရိကန်ပြည်သူတွေ အပါအဝင် ကမ္ဘာနဲ့ မြန်မာအတွက် ဘယ်လို သက်ရောက်မှုတွေ ရှိနိုင်ပါမလဲဆိုတဲ့- အမေရိကန် ရွေးကောက်ပွဲ ကြိုတင်မဲပေးခဲ့သူတွေ ရွေးကောက်ပွဲနေ့မှာ မဲသွားပေးမယ့်သူစတဲ့ အမေရိကန် မြန်မာတွေရဲ့ သဘောထား အမြင်တွေကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ဆုမွန် စုစည်း တင်ပြထားပါတယ်။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၃ ရက်နေ့ ဒီကနေ့ အင်္ဂါနေ့ ဒေသစံတော်ချိန် မနက် ၇ နာရီ မြန်မာနိုင်ငံ စံတော်ချိန် ညနေ ၆နာရီခွဲကစပြီး အမေရိကန်ပြည်ထောင်စုရဲ့ အမေရိကန်သမ္မတကို အမေရိကန်ပြည်သူတွေ မဲပေး ရွေးချယ်မယ့် ရွေးကောက်ပွဲ ကျင်းပနေပါပြီ။ မြောက်ကယ်ရိုလိုင်းနားပြည်နယ် Chapel Hill မြို့က မြန်မာအမေရိကန် ကိုအောင်သန်းက သူ ဘာကြောင့် ဒီကနေ့ ရွေးကောက်ပွဲနေ့မှာ သူကိုယ်တိုင် မဲရုံအထိ မဲသွားပေးဖို့ ဆုံးဖြတ်ရတာပါလဲ။
"နိုင်ငံသားတယောက်ရဲ့အခွင့်အရေးပေါ့ မိမိကြိုက်နှစ်သက်ရာပါတီကို ရွေးချယ်ရမှာဖြစ်တဲ့အတွက်ကြောင့်မို့ နိုဝင်ဘာလ ၃ ရက်နေ့မှာ မဲသွားပေးခြင်းအားဖြင့် နိုင်ငံသားတယောက်ရဲ့အခွင့်အရေးဖြစ်တဲ့ အစိုးရတရပ်ပြောင်းလဲဖို့၊ နိုင်ငံသားတွေ အပေါ်မှာ ရွေးချယ်တင်မြှောက်လိုက်တဲ့ အစိုးရတရပ်ကနေပြီးတော့ တာဝန်ကျေမှု တာဝန်ခံမှုအပေါ်မှာ မိမိရဲ့မဲတပြားက တန်ဖိုးရှိတဲ့အတွက် ကျနော်တို့က သွားရောက်ပြီးတော့ မဲပေးမှာဖြစ်ပါတယ်။
ကျနော်တို့ မဲဆန္ဒရှင်တွေရဲ့ မဲရလဒ်တွေနဲ့ပေါ့... နိုဝင်ဘာလ ၃ ရက်နေ့မှာ ရီပတ်ပလစ်ကန်လား ဒီမိုကရက်လား အစိုးရဖြစ်မယ်။ Trump ဖြစ်ဖြစ်၊ Biden ပဲဖြစ်ဖြစ် မည်သူပဲ သမ္မတဖြစ်ဖြစ်ပေါ့နော် အားလုံးက လက်ခံရတယ်။ အဲ့ဒါက ဒီမိုကရေစီ ရင့်ကျက်တဲ့တိုင်းပြည်တွေရဲ့သဘော သဘာဝပဲ။ ကျနော်ကိုယ်တိုင်က မိမိကြိုက်နှစ်သက်တဲ့ပါတီကို မဲပေးတဲ့အခါမှာ ရှုံးသည်ဖြစ်စေ၊ နိုင်သည်ဖြစ်စေ လက်ခံမှာပဲ။ ဒါက ဒီကနေ့ အမေရိကန်နိုင်ငံက အစိုးရတရပ်က မည်သူပဲလုပ်လုပ် ပြည်သူတွေအပေါ်မှာ တရားဥပဒေစိုးမိုးမှု ရှိတယ်။ လူသား အခွင့်အရေးတွေကို လေးစားလိုက်နာမှု ရှိတယ်။ ဘာပဲဖြစ်ဖြစ် လူတန်းစားတိုင်းအပေါ် ဥပဒေစိုးမိုးမှုရှိတဲ့အတွက် ကျနော်တို့အတွက်ကတော့ တရားမျှတမှုရှိတဲ့ အစိုးရတရပ် ဘယ်သူပဲတက်လာ၊ တက်လာ အားကောင်းမောင်းသန်နဲ့ တိုင်းပြည်ကို မောင်းနှင်မယ်လို့ယုံကြည်တယ် ဒါကြောင့် မဲပေးတာဖြစ်တယ်။"
Nebraska ပြည်နယ် Omaha မြို့ က အမေရိကန်မြန်မာ ကိုစောညီညီ ကလည်း သူယုံကြည်လက်ခံတဲ့မူဝါဒတွေ နဲ့ ဆောင်ရွက်မှုတွေကို သဘောကျနှစ်သက်တဲ့ပါတီကို ဒီကနေ့ နိုဝင်ဘာလ ၃ ရက်နေ့ မဲရုံမှာ သူ ကိုယ်တိုင်မဲသွားပေးမှာပါ။
"ဟုတ်ကဲ့ ကျနော် မဲပေးမှာကတော့ ရီပတ်ပလင်ကန်ကိုပဲ မဲပေးမှာပါ။ အဲ့လိုပဲ ကျနော်စီစဉ်ထားပါတယ်။ ကျနော်က မစ္စတာထရမ့်ကိုပဲ ဆက်လက်ပြီး အနိုင်ရစေချင်ပါတယ်။ ရမယ်လို့လည်း ကျနော်တို့က မျှော်လင့်ထားတယ် ယုံကြည်ထားတယ်။ မစ္စတာထရမ့် တက်လာပြီးတဲ့နောက်ပိုင်းမှာ အမေရိကန်ရဲ့စီးပွားရေးက အများကြီးပြန်လည် ဦးမော့လာတယ် ဆိုတာ ကျနော်တို့ကိုယ်တိုင်လည်း ခံစားရသလို သူကိုယ်တိုင်လည်း ပြောထားပြီးသားဖြစ်ပါတယ်။ ပြီးတော့ သူ့ကို ကျနော်တို့ ဘာလို့ရွေးချယ်ရသလဲဆိုတော့ သူက အလုပ်မလုပ်ဘဲနဲ့ အိမ်မှာနေပြီးတော့ အစိုးရက ပေးတဲ့ထောက်ပံ့ကြေးနဲ့ ထိုင်စားနေတဲ့သူတွေကို ဒေါ်နယ်ထရမ့်က သိပ်မကြိုက်ဘူး။ ဒါကျနော်တို့ရဲ့အမြင်။ စီးပွားရေးနဲ့ ပတ်သက်ပြီး ဒီအစိုးရကို ကိုင်တွယ်တဲ့နေရာမှာ နိုင်ငံအတွက် သူအကောင်းဆုံး လုပ်ပေးနိုင်တယ်လို့ ကျနော်တို့မြင်သလို ကျနော်တို့ ခရစ်ယာန်ဘာသာဝင် တယောက်အနေနဲ့လည်း Same Marriageကို သူရှုတ်ချတယ်။ ဒါဘာသာရေးအရ ကျနော်တို့လက်ခံတဲ့ အရာဖြစ်တယ်။သူ့ရဲ့ပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့အရာတွေက President တယောက်အနေနဲ့ ပုံစံမကျဘူးလို့ပြောကြပေမဲ့ ကျနော်တို့အနေနဲ့ ကြည့်မယ်ဆိုရင်တော့ ဒါက ပြောတဲ့နေရာမှာ ပြတ်ပြတ်သားသားနဲ့ပြောတဲ့စကားတွေကိုလည်း ကျနော်တို့ကကြိုက်တယ်။ သူသာ ဆက်လက်ပြီးအုပ်ချုပ်မယ်ဆိုရင် ဒီစီးပွားရေးဟာ ပြန်လည်ဦးမော့လာမယ်လို့ ကျနော်တော့ယုံကြည်ပါတယ်။"
Portland ပြည်နယ် Oregon မြို့က မြန်မာနွယ်ဖွား အမေရိကန်တဦးဖြစ်တဲ့ ကိုရှိုင်းဦးကလည်း သူကိုယ်တိုင် ကြိုတင်မဲပေးရွေးချယ်ခဲ့တဲ့ ပါတီကို နိုင်ငံကိုဦးဆောင်စေချင်ပါတယ်။
"ကျနော်ကတော့ မဲပေးပြီးသွားပြီပေါ့နော်။ ကျနော်က ဒီမိုကရက်တစ်ပါတီကို မဲပေးတယ်။ကျနော်က Joe Biden သဘောကျတယ်ပေါ့နော်။ အဓိက Joe Biden ကို သဘောကျရတဲ့အကြောင်းရင်းက ဘာလို့လဲဆိုတော့ အခုသမ္မတ Trump တက်လာပြီနောက်မှာ စီးပွားရေးတွေကို ကျနော်သိပ်မပြောချင်ဘူး။ တိုင်းပြည်က ဘာဖြစ်လာလဲဆိုတော့ အမုန်းတရားတွေဖြစ်လာတယ်ဗျ တိုင်းပြည်က နှစ်ခြမ်းက ကွဲသလို သိသာထင်ရှားမှုတွေ ဖြစ်လာတယ်။ ရီပတ်ပလင်ကန်နဲ့ ဒီမိုကရက် စကားပြောဆွေးနွေးရင်တောင် အရင်လိုသိပ်မဟုတ်တော့ဘူး။ ဒေါသတွေပါလာကြတယ်.. သူတို့တွေကလေ။ တိုင်းပြည်က အဲ့သလိုဖြစ်လာတဲ့အခြေအနေအပေါ် ကျနော်ကတော့ မကြိုက်ဘူးဗျ။ ဥပမာအနေနဲ့ပြောရမယ်ဆို မြန်မာနိုင်ငံလိုဖြစ်နေတာပေါ့ဗျာ။ အမျိုးသားရေးက တအုပ်စု တိုင်းပြည်ကို ခေတ်နဲ့အညီ ပြောင်းလဲချင်တဲ့သူတွေက တအုပ်စုဆိုတာမျိုးပေါ့။ ဒါကြောင့် Joe Bidenကို သမ္မတဖြစ်စေချင်တယ် ဒီလိုနှစ်ခြမ်းကွဲနေတဲ့ ကိစ္စတွေ အမုန်းတရားတွေ ဖြစ်နေတာတွေကို ကိုင်တွယ်နိုင်မယ်လို့ ကျနော်က ယုံကြည်တာဖြစ်တဲ့အတွက် ကျနော်က Joe Biden ကို မဲပေးတာဖြစ်တယ်ဗျ။"
Maryland ပြည်နယ် Abingdon မြို့က ကြိုတင်မဲပေးခဲ့တဲ့ အမေရိကန်မြန်မာတဦးဖြစ်တဲ့ ကိုဝဏ္ဏဝင်းသူကတော့ အခုလက်ရှိ ကမ္ဘာ့ကပ်ရောဂါ COVID 19 ကမ္ဘာတဝန်းဖြစ်နေချိန် အမေရိကန်မှာလည်း လူသိန်းချီထိခိုက်သေဆုံးမှုတွေဖြစ်ရတဲ့ ရောဂါဘေးကို ထိထိရောက်ရောက် ကာကွယ်ဆောင်ရွက်မှုတွေနဲ့ စီမံပေးနိုင်တဲ့အစိုးရသစ်ကို သူက ပိုပြီးတော့ လိုလားပါတယ်။
"ကျနော်ကတော့ Short term အနေနဲ့ မျှော်လင့်တာကတော့ COVID 19 ကို ထိထိရောက်ရောက် Manage လုပ်ဖို့ပေါ့နော်။ ဘယ်သူနိုင်နိုင်၊ နောက်နှစ်တွေမှာ Vaccine ရပြီးတော့ ကျနော်တို့တွေ ကျန်းမာပြီးတော့ ခရီးတွေဘာတွေ ပြန်ထွက်နိုင်အောင် မိသားစုတွေ ပြန်ဆုံနိုင်အောင် ကျနော်က မျှော်လင့်ပါတယ်... ရေတိုပေါ့နော်။ ရေရှည်အတွက်ကိုတော့ Immigration Issue တွေထက်စာရင် ကျနော်က စီးပွားရေးကို ပိုစိတ်ဝင်စားတယ်။ အခုက အမေရိကန်နိုင်ငံက ကမ္ဘာ့နံပတ် (၁) ကနေ တဖြေးဖြေးလျော့ကျသလိုဖြစ်နေတာကိုး နိုင်ငံကို အကောင်းဆုံးဖြစ်အောင် လုပ်စေချင်တယ်။ ဘယ်သမ္မတတက်တက် ဖြစ်ခဲ့သမျှ ကိစ္စတွေကို ပြန်ကုစားဖို့ ပြန်တိုးတက်ဖို့က အချိန်တော့လိုမှာပဲလေ လတ်တလောမှာ မျှော်လင့်တာကတော့ ကျနော်ကတော့ ဘယ်သမ္မတတက်တက် အေးအေးဆေးဆေးနဲ့ပြီးသွားစေချင်တယ်။ ငြိမ်းငြိမ်းချမ်းချမ်း တရားမျှတစွာနဲ့ပဲ ပြီးသွားစေချင်တယ်။ အခု ဒီမှာက ဟိုဘက် ဒီဘက် အကြမ်းဖက်တာတွေ Violence တွေနဲ့ ဆိုင်တွေဖျက်ဆီးတာ သေနတ်နဲ့ပစ်တာတွေနဲ့ လူမျိုးရေးအစွန်းရောက်တွေဘက်က အကြမ်းဖက်လာမှာတွေ မဖြစ်စေချင်ဘူး။"
New York မြို့က နည်းပညာပညာရှင် အမေရိကန်မြန်မာ- ကိုမိုက်ကယ်ကျော်သူက အမေရိကန်နိုင်ငံအတွက်ရော မြန်မာအတွက်ပါ ပြောင်းလဲမှုတွေဖြစ်စေဖို့မျှော်လင့်ချက်အပြည့်နဲ့ ဘယ်ပါတီကို မဲပေးဖြစ်ခဲ့သလဲ ဆိုတာပြောပြပါတယ်။
"ကျနော့်မျှော်လင့်ချက်ကတော့ လက်ရှိကိုယ်နေတဲ့တိုင်းပြည် အမေရိကန်နဲ့ ပတ်သက်တဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး မျှော်လင့်ချက်နဲ့ နောက်တခုက မြန်မာနိုင်ငံရဲ့အရေးမှာလည်း အမေရိကန်ရဲ့အပြောင်းအလဲဖြစ်မှုက နိုင်ငံရေးအရ အကျိုးသက်ရောက်မှုရှိမလဲ ၂ခုပေါ့နော်။ ကျနော်ကတော့ အခုလက်ရှိ အမေရိကန်ရွေးကောက်ပွဲမှာ GOP (Grand Old Party) ရီပတ်ပလင်ကန်ကနေပြီးတော့ နိုင်စေချင်တယ်။ ကျနော်တို့ Principal အရ ကြည့်မယ်ဆိုရင်လက်ရှိ ရီပတ်ပလင်ကန်ပါတီရဲ့ ရပ်တည်မှုအနေအထားက အားလုံးအတွက် အားမျှခြေတခုဖြစ်လာမယ်လို့ မျှော်လင့်ထားတဲ့အတွက်ကြောင့်မို့ ကျနော်က ရီပတ်ပလင်ကန်ကိုပဲ ဒီနှစ် မဲပေးထားပါတယ်။ နောက်တခါ ကျနော်တို့ မြန်မာပြည်နဲ့ပတ်သက်ပြီး မျှော်လင့်ချက်တခုက ဘာထားလဲဆိုတော့ ကြည့်မယ်ဆို အမေရိကန်ဘက်က ၂၀၁၅ ကနေ ၂၀၂၀ ကြား တော်တော်လေးကို ဖေးဖေးမမ ရှိခဲ့တယ်လို့ပြောလို့ရတယ်။ မြန်မာပြည်နိုင်ငံရေးအတွက်မှာလည်း လက်ရှိသမ္မတ- နောက်ထပ် သက်တမ်း ၄ နှစ်ရှိခြင်းအားဖြင့် မြန်မာပြည်မှာ ပိုမိုကောင်းမွန်တဲ့ စီမံကိန်းတွေ ပေါ်လစီကောင်းတွေ ဖြစ်စေနိုင်မယ်လို့မြင်တယ်။ ဒါကြောင့် လက်ရှိသမ္မတကိုပဲ ကျနော်တို့ ဆက်ရှိနေစေချင်တယ်။ ဒါကြောင့်မို့လို့ ကျနော့်အနေနဲ့ လက်ရှိသမ္မတကိုပဲ မဲပေးခဲ့ပါတယ်။"
ကယ်လီဖိုးနီးယားပြည်နယ် San Francisco မြို့က ကြိုတင်မဲဆန္ဒပေးခဲ့တဲ့ အမေရိကန်မြန်မာ ဦးကိုကိုလေးကလည်း အမေရိကန်အစိုးရ အုပ်ချုပ်မှု အပြောင်းအလဲက မြန်မာနိုင်ငံအပေါ် မူဝါဒရေးရာ အကျိုးသက်ရောက်မှုရှိစေမယ်လို့ မျှော်လင့်ပါတယ်။
"ကျနော်တို့ အမေရိကန်ရဲ့ ရွေးကောက်ပွဲက အပြောင်းအလဲတွေဖြစ်နိုင်ပါတယ်။ The United States မှာရှိတဲ့ အခြေအနေတွေပဲ အပြောင်းအလဲသွားရုံမကဘဲနဲ့ Foreign Policy ပေါ့ တက်တဲ့သမ္မတပေါ်မူတည်ပြီး ပြောင်းလဲသွားတာတွေ ရှိတာပေါ့။ အဲ့အတွက်ကြောင့် မြန်မာပြည်ရေးအတွက် ကောင်းတဲ့ပြောင်းလဲခြင်းမျိုး ဒီမိုကရက်တွေ နိုင်မှဖြစ်မယ်။ Joe Biden တို့ ဒီမိုကရက်တွေ နိုင်မယ်ဆိုရင် ဒီမိုကရက်တွေက နိုင်ငံငယ်တွေရဲ့ Democratization Process တွေကို စိတ်ဝင်စားတယ်။အဲ့တော့ ကျနော်တို့ရဲ့ ကြီးမားတဲ့မျှော်လင့်ချက်ကတော့ ဒီမိုကရက်တစ်ဘက်က Joe Biden နဲ့ Kamala Harris နိုင်ခဲ့မယ်ဆိုရင် ကျနော်တို့ မြန်မာပြည်ရဲ့ Democratization Process ဒီမိုကရေစီအပြောင်းအလဲဖြစ်စဉ် ပြည်သူတွေရဲ့ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးကိစ္စတွေအတွက် Development ကိစ္စတွေ ကျနော်တို့အတွက် နိုင်ငံရေးအရ အများကြီး အထောက်အကူတွေရမယ်လို့ ယုံကြည်တယ်။အမေရိကန်ကုမ္ပဏီကြီးတွေ မြန်မာပြည်မှာ Investment လုပ်မယ်ဆိုရင် ကျနော်တို့ဆီက အလုပ်လက်မဲ့ပြဿနာတွေလည်း ပြေလည်သွားမယ်။ နောက်တခုက After Pandemic စီးပွားရေး ကပ်ဆိုက်မှုတွေကိုလည်း ပြန်လည်ကောင်းမွန်လာအောင် လုပ်နိုင်မယ်လို့ထင်တယ်။ အခု ကျနော်တို့ ဖလော်ရီဒါကအဆုံးအဖြတ်ပေးမယ့် အပြိုင် Swing State လိုဖြစ်နေတယ်။ ကျနော်တို့ကတော့ ဒီမိုကရက် Joe Biden နဲ့Kamala Harris နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။"
Kentucky ပြည်နယ် Union မြို့က အမေရိကန်ရောက်မြန်မာတဦးဖြစ်တဲ့ ကိုအောင်ချိုဝင်း ကတော့ အမေရိကန်ရောက် ရွှေ့ပြောင်းသူတွေအရေး တရားမျှတမှုရှိတဲ့ အခွင့်အရေးပေးနိုင်တဲ့ အစိုးရတရပ်ပေါ်ပေါက်ဖို့ လိုလားပြီး အမေရိကန်ရွေးကောက်ပွဲကို ပဋိပက္ခမရှိ ငြိမ်းငြိမ်းချမ်းချမ်း အဆုံးသတ်စေချင်သူပါ။
"ကျနော်ကတော့ အမေရိကန်တွေ ရဲ့ နိုင်ငံရေးရွေးကောက်ပွဲ အပြောင်းအလဲဖြစ်လို့ရှိရင် အပြောင်းအလဲကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲ ဖြစ်စေချင်တာပေါ့။ မြန်မာပြည်အတွက်လည်း အမေရိကန်ဘက်က Support လုပ်ပေးနိုင်မယ့် ငြိမ်းချမ်းခြင်းမျိုး ဖြစ်စေချင်တယ်။ နောက် ဖြစ်စေချင်တာက- ဒီကအမေရိကန်ရောက် လူတွေအတွက်လည်း သက်တောင့်သက်သာဖြစ်တဲ့ စည်းမျဉ်းတွေချပေးတဲ့ အစိုးရဖြစ်စေချင်တယ်။ ရွှေ့ပြောင်းအခြေချတဲ့ Migrants တွေအတွက်လည်း ဥပဒေကတော့ ဒီနိုင်ငံအတွင်းမှာတော့ ရှိပြီးသားလေ။ ဒါပေမဲ့ သက်တောင့်သက်သာနဲ့ အဆင်ပြေပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်း အဲ့လိုဖြစ်မယ်ဆို ပိုကောင်းတာပေါ့။"
ဒီကနေ့မှာ အမေရိကန်တို့ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနဲ့ ပဋိပက္ခတွေမဖြစ်စေရေး၊ လုံခြုံရေး အပြည့်အဝချ ထားချိန် -အမေရိကန်တဝန်းမှာ ရှိနေကြတဲ့ မြန်မာတွေ လုံခြံုရေးအထူးသတိထားကြပါလို့ နယူးယောက်မြို့က ရဲလုံခြံုရေး တာဝန်ယူခဲ့သူ ကိုမိုက်ကယ်ကျော်သူက သတိပေးပါတယ်။
"ကျနော့်အနေနဲ့ အကြံပြုလိုတာကတော့ အမေရိကန်က မြန်မာတွေအနေနဲ့ မနက်ဖြန်ကစပြီး သောကြာနေ့လောက်အထိ အသွားအလာ ဆင်ခြင်သင့်တယ်လို့ထင်တယ်။ အထူးသဖြင့် ညဘက် ၈ နာရီ ၉ နာရီနောက်ပိုင်းမှာ မလိုအပ်ဘဲ အပြင်သွားတာမျိုးပေါ့နော်။ အခု ကျနော်တို့ နယူးယောက်မှာဆိုလည်း ပြီးခဲ့တဲ့ရက်တွေကစပြီး စတိုးလ်ဆိုင်တွေမှာ သစ်ပြားဘုတ်တွေ ကာရံထားတာတွေလုပ်နေပြီ။ ပတ္တရောင်တွေ ပိုပြီး လှည့်ပေးဖို့ တာဝန်ပေးထားကြတယ်။ Election ညနဲ့ နောက်နေ့တွေ အတွက်ကို Police Patrol လုပ်ဖို့ တာဝန်တွေပေးထားတယ်။ ဒါကြောင့် ကျနော့်အနေနဲ့ အကြံပြုလိုတာကတော့ ဖြစ်နိုင်ရင် ညဘက်တွေ လုံးဝ အပြင်မသွားကြဖို့နဲ့ နေ့ခင်းဘက်တွေ အပြင်သွားမယ်ဆိုရင်လည်း ဆန္ဒပြမယ့်သူတွေ ရှိနေတဲ့နေရာတွေနဲ့ တိုက်ဆိုင်မှုရှိ-မရှိ စစ်ကြဖို့ အကြံပြုလိုပါတယ်။ ဘာကြောင့်လဲဆိုတော့ပြီးခဲ့တဲ့ အကြမ်းဖက်မှုဖြစ်စဉ်တွေမှာ လမ်းသွားရင်းနဲ့ ကိုယ့်ကားက ဆန္ဒပြမှုတွေကြား ပိတ်မိရာကနေ ဖျက်ဆီးခံရတဲ့အဖြစ်တွေလည်း ရှိခဲ့တယ်ဆိုတော့ အဲ့ဒါတာလေးတွေ သတိထားကြဖို့ အကြံပြုချင်ပါတယ်။"
အမေရိကန်ရွေးကောက်ပွဲမဲပေးခဲ့ကြတဲ့ အမေရိကန်ပြည်သူတွေ စောင့်မျှော်နေကြတဲ့ ရလဒ်အဖြေပေးနိုင်မယ့် အမေရိကန်ရွေးကောက်ပွဲ မဲတွေကိုတော့ ဒီကနေ့ညနေ မဲရုံပိတ်ပြီး စတင် မဲရေတွက်မှာပါ - ဒါပေမဲ့လည်း ရွေးကောက်ပွဲ ရလဒ်ကတော့ အရင်ကလို နောက်တနေ့မနက် ချက်ခြင်းသိနိုင်ဖို့ ခဲယဉ်းမယ်လို့ လေ့လာသူတွေက ယူဆထားပါတယ်။
မဆုမွန်/VOA (Burmese)
https://burmese.voanews.com/a/us-election-voter/5646443.html

No comments:
Post a Comment