၂၀၂၀ အမေရိကန်ရွေးကောက်ပွဲ - ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲမှာ ဘာလို့ ရှုံးသွားတာလဲ

ထရမ့်ဒီတခါ အမေရိကန် ရွေးကောက်ပွဲ သမိုင်းကြောင်းမှာ ဒုတိယအများဆုံး မဲအရေအတွက် စံချိန်တင်ခဲ့ပြီး အိုဘားမားတောင် သူ့ကို ထောက်ခံတဲ့မဲ သန်း ၇၀ ကျော် မရခဲ့

၂၀၂၀ အမေရိကန် အထွေထွေ ရွေးကောက်ပွဲမှာ ရီပတ်ဘလီကန် ပါတီက ဒေါ်နယ်ထရမ့်က ဒီမိုကရက်တစ်ပါတီက ဂျိုးဘိုင်ဒန်ကို ရှုံးနိမ့်သွားပြီ ဖြစ်ပါတယ်။

ဒါပေမယ့် သူ့ကို ထောက်ခံတဲ့မဲက ၇၃ သန်း ကျော်သွားတာကတော့ စံချိန်တခု ဖြစ်နေပါတယ်။

ရှုံးပေမယ့်လည်း စံချိန်တင် မဲရတဲ့ ထရမ့်

ဒေါ်နယ်ထရမ့်ရတဲ့ သန်း ၇၀ ကျော်တဲ့ မဲအရေအတွက်ဟာ ကျင်းပပြီးစီးခဲ့သမျှ အမေရိကန် ရွေးကောက်ပွဲ သမိုင်းကြောင်းမှာ ဒုတိယအများဆုံး မဲအရေအတွက် စံချိန်လည်း ဖြစ်ပြီး အိုဘားမားတောင် သူ့ကို ထောက်ခံတဲ့မဲ သန်း ၇၀ ကျော် မရခဲ့ပါဘူး။

ဒါပေမယ့်လည်း ဒေါ်နယ်ထရမ့်နဲ့ ပြိုင်ဘက် ဒီမိုကရက်ဘက်က ဂျိုးဘိုင်ဒန်က လောလောဆယ် နိုဝင်ဘာလ ၁၇ ရက် မဲရေတွက် ပြီးစီးမှုအရ မဲ ၇၉ သန်း နီးပါး ရနေပြီး ကျင်းပပြီးစီးခဲ့သမျှ အမေရိကန် ရွေးကောက်ပွဲ သမိုင်းတလျှောက်မှာ မဲရရှိမှု အရေအတွက် အများဆုံး စံချိန်တင်သွားခဲ့ပြီ ဖြစ်ပါတယ်။

ဒီလို စံချိန်တင်မှုကို ပိုပြီး ထူးခြားစေတာကတော့ ယခင် မဲအရေအတွက် အများဆုံးရတဲ့ စံချိန်တင်ထားသူ ဘားရက် အိုဘားမားက ၂၀ဝ၈ ခုနှစ် အမေရိကန် အထွေထွေ ရွေးကောက်ပွဲမှာ မဲ အရေအတွက် စုစုပေါင်း ၆၉,၄၉၈,၅၁၆ မဲရတဲ့ အချိန်က အမေရိကန် လူဦးရေနဲ့ ၂၀၂၀ အမေရိကန် လူဦးရေက ၂၅ သန်း လောက်ပဲ တိုးလာတာ ဖြစ်တဲ့အတွက် မဲပေးခွင့်ရှိသူတွေထဲက မဲပေးနှုန်းများလာတာကိုလည်း ပြနေတဲ့ အခြေအနေ ဖြစ်ပါတယ်။

၂၀ဝ၈ ခုနှစ် အမေရိကန် လူဦးရေက ၃၀၄.၁ သန်းရှိပြီး ၂၀၂၀ အမေရိကန် လူဦးရေကတော့ ၃၃၁ သန်း အထိ တိုးလာရာမှာ လူဦးရေနဲ့ အချိန်ကာလကြောင့် တိုးလာတဲ့ မဲပေးခွင့်ရှိသူ ရာခိုင်နှုန်း သိသိသာသာ တက်လာနိုင်တဲ့ နှစ်အပိုင်းအခြား ကွာဟမှု မဟုတ်တာကို တွေ့ရမှာ ဖြစ်ပါတယ်။

ဒေါ်နယ်ထရမ့်ဟာ ပြည်နယ် ၅၀ ရှိတဲ့ အမေရိကန် ပြည်ထောင်စုမှာ လူဦးရေ ကွာဟမှုကို ထည့်မတွက်ဘူးဆိုရင် ပြည်နယ်တဝက် နီးပါး ၂၄ ပြည်နယ်မှာ အနိုင်ရနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အိုဘားမားက ၂၀ဝ၈၊ ၂၀၁၂ ရွေးကောက်ပွဲ နှစ်ခုစလုံးမှာ နိုင်ခဲ့တဲ့ ဖလော်ရီဒါ ပြည်နယ်မှာလည်း ထရမ့်က ၂၀၁၆ မှာရော အခု ၂၀၂၀ မှာပါ အနိုင်ရခဲ့တာကို မြင်နိုင်ပါတယ်။

ဒါပေမယ့် ဒေါ်နယ်ထရမ့် တင်သွားတဲ့ နောက်ထပ် မကောင်းတဲ့ စံချိန်တခုကတော့ ပထမဆုံးအနေနဲ့ ရွေးကောက်ပွဲ နှစ်ခု ဆက်တိုက် တနိုင်ငံလုံး မဲရရှိမှု စုစုပေါင်းမှာ ရှုံးနိမ့်သူ ဖြစ်သွားတဲ့ စံချိန် ဖြစ်ပါတယ်။

၂၀၁၆ တုန်းက ဟီလာရီနဲ့ ယှဉ်ပြိုင် အရွေးခံချိန်မှာ အသာရခဲ့တဲ့ မြို့ပြ ဆင်ခြေဖုံးဒေသ ၃၇၃ ခု မှာ ထရမ့်က အခုတကြိမ် ဘိုင်ဒန်ကို ကောင်းကောင်း မယှဉ်နိုင်

၂၀၁၆ မှာ နိုင်ပြီး ၂၀၂၀ မှာ ဘာလို့ရှုံးတာလဲ

သူ ၂၀၁၆ မှာ ရွေးကောက်ပွဲ နိုင်ခဲ့ရတဲ့ အကြောင်းအရင်းကို ကြည့်မယ်ဆိုရင် ယခင် နိုင်ငံရေးသမားတွေ ထည့်သွင်း ပြောဆိုလေ့မရှိတဲ့ အကြောင်းအရာတွေကို ထုတ်ပြောလိုက်ဖို့ အသင့်ဖြစ်နေတဲ့ သမားရိုးကျ မဟုတ်သူ နိုင်ငံရေးသမားအသွင် ဖြစ်နေခဲ့တာကလည်း အဓိက အကြောင်းတခုလို့ ဆိုနိုင်ပါတယ်။

ဒီတကြိမ် ၂၀၂၀ အမေရိကန် အထွေထွေ ရွေးကောက်ပွဲမှာတော့ သူဟာ ၂၀၁၆ တုန်းက ဟီလာရီနဲ့ ယှဉ်ပြိုင် အရွေးခံချိန်မှာ အသာရခဲ့တဲ့ မြို့ပြ ဆင်ခြေဖုံးဒေသ ၃၇၃ ခု မှာ အခုတကြိမ် ဘိုင်ဒန်ကို ကောင်းကောင်း မယှဉ်နိုင်တော့တဲ့အတွက် ဒီလို ဒေသတွေ ရှိနေတဲ့ ၁၉၈၀ နောက်ပိုင်းကစလို့ စက်မှု စီးပွားရေး ကျဆင်းလာနေတဲ့ ပြည်နယ်တွေကို လက်လွှတ်ခဲ့ရပါတယ်။

သံချေးတက်လာတဲ့ ရပ်ဝန်း ပြည်နယ်တွေလို့လည်း ခေါ်ဝေါ်တဲ့ အဲဒီပြည်နယ်တွေကတော့ ပန်ဆယ်ဗေးနီးယား၊ မစ်ရှီဂန်၊ ဝစ္စကွန်ဆန်၊ ဂျော်ဂျီယာနဲ့ အရီဇိုးနား ပြည်နယ်တို့ ဖြစ်ပါတယ်။

ထရမ့်ရဲ့ နောက်ထပ် ပြဿနာတခုကတော့ သူ့ကို ထောက်ခဲ့တဲ့ ပြည်နယ်နဲ့ ဒေသတွေရဲ့ အပြင်ဘက်ကို ကျော်ပြီး သူ့ကို ထောက်ခံသူ အသစ် ရှာဖွေမှု မအောင်မြင်တဲ့ ကိစ္စ ဖြစ်ပါတယ်။

ဒါ့ကြောင့်လည်း ၂၀၁၆ မှာ ပြည်နယ် ၃၀ အထိ သူ အနိုင်ရခဲ့ရာကနေ ၂၄ ပြည်နယ်သာ နိုင်တော့တဲ့ အခြေအနေ ရောက်သွားတယ်လို့ ဆိုနိုင်ပါတယ်။

ထရမ့်ရဲ့ သက်တမ်းတလျှောက်မှာ ဒီမိုကရက်တွေကို ထောက်ခံမှု များတဲ့ ပြည်နယ်တွေကို ဆွဲဆောင်မှု လုပ်ဖို့ ပြောဆိုတာမျိုး မလုပ်ဘဲ ဒီမိုကရက်နဲ့ ရီပတ်ဘလီကန် ထောက်ခံကြတဲ့ အမေရိကန် ပြည်သူတွေအကြားမှာ သဘောထား ကွဲလွဲမှု ပိုပြီး ကြီးမားစေတဲ့ စကားတွေကိုပဲ ပြောဆိုခဲ့တာကလည်း အဓိက အကြောင်းအရင်း တခုဖြစ်တယ်လို့လည်း သုံးသပ်နိုင်စရာ ရှိပါတယ်။

ဒေါ်နယ်ထရမ့်အနေနဲ့ ပထမအကြိမ် သမ္မတအဖြစ် အရွေးခံတဲ့အချိန်မှာ အာဏာမရသေးတဲ့ အတိုက်အခံ အဖြစ် ယှဉ်ပြိုင်ရာမှာ အသုံးပြုတဲ့ အာဏာရပါတီဘက်ကို အပြစ်တင်တဲ့ နည်းလမ်းကို မဲဆွယ်ရာမှာ အသုံးပြုလို့မရတော့ဘဲ တဖက် ဒီမိုကရက်တစ်ပါတီက သမ္မတလောင်း ဂျိုးဘိုင်ဒန်ကလည်း ပြိုင်ဘက်က အဆိုးပုံဖျက်ဖို့ ခက်ခဲသူ ဖြစ်နေတဲ့ အခြေအနေမှာ အဆိုးပုံဖျက်ဖို့ လွယ်ကူစေတဲ့ အပြုအမူတွေ လုပ်နေသူ ထရမ့်က ဒီတကြိမ်မှာ ရှုံးနိမ့်သွားရတာလို့လည်း ဆိုနိုင်ပါတယ်။

တကယ်တော့ ထရမ့်ရဲ့ အမေရိကန်ပြည်တွင်း ထောက်ခံမှု ရရှိတဲ့ အခြေအနေဟာ ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ အခြေအနေ အမေရိကန်မှာ အတော် ဆိုးရွားမလာခင်က ခိုင်မာမှု ရှိခဲ့တာကိုလည်း သတိချပ်ရမှာ ဖြစ်ပါတယ်။

ဒေါ်နယ်ထရမ့်ဟာ သူ့ကို ဒီမိုကရက်တွေဘက်က အာဏာအလွဲသုံးစားလုပ်တယ် ဆိုပြီး သက်တမ်းမပြည့်ခင် သမ္မတ အဖြစ်က ဖြုတ်ချဖို့ ကြိုးစားမှုကိုလည်း ကျော်လွှားနိုင်ခဲ့တဲ့အပြင် တကြိမ်မှာ သူ့ကို လူထုထောက်ခံမှု ၄၉ ရာခိုင်နှုန်း ရတဲ့အထိ အောင်မြင်နေခဲ့တာ ဖြစ်ပါတယ်။

ထရမ့်က သူ့အပေါ် ရှိနေဦးမယ့် ထောက်ခံမှုကိုသုံးပြီး ၂၀၂၄ ရွေးကောက်ပွဲမှာ သမ္မတထပ်မံ ဝင်အရွေးခံတဲ့ အခြေအနေလည်း ဖြစ်လာနိုင်

သူဟာ စီးပွားရေး တိုးတက်စေမှု အပါအဝင် အာဏာရပါတီရဲ့ လုပ်ပိုင်ခွင့် အားသာချက်တွေကို အသုံးချနိုင်ခဲ့ပြီး ဒုတိယသက်တမ်းအတွက် အသင့်အနေအထားမှာ ရှိနေခဲ့ပေမယ့် ကိုဗစ်ဖြစ်လာပြီး နောက်ပိုင်းမှာတော့ လူထုထောက်ခံမှု ကျသွားတဲ့ ဒဏ် ခံခဲ့ရပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ကြောင့် ရှုံးသွားရတာလား

သမ္မတ ရွေးကောက်ပွဲတွေမှာ သက်တမ်းတခု အုပ်ချုပ်လာခဲ့တဲ့ အာဏာရ အစိုးရရဲ့ သက်တမ်းပြီးခါနီး အခြေအနေက သက်တမ်း အစမှာထက် ပိုကောင်းလာသလား ဆိုတဲ့ မေးခွန်းထုတ်မှုကနေပဲ ရိုးရိုးရှင်းရှင်း အဆုံးအဖြတ်ပေးတာမျိုးလည်း ဖြစ်တတ်ပါတယ်။

ဒါ့ကြောင့် ကိုဗစ် ရိုက်ခတ်မှုအပြီး နောက်ဆက်တွဲ ထပ်လာတဲ့ စီးပွားရေးအကျပ်အတည်းတွေရဲ့ ရိုက်ခတ်မှုဟာ ဒေါ်နယ်ထရမ့် ရရှိထားတဲ့ လူထုထောက်ခံမှုကို ကျဆင်းသွားစေခဲ့တယ်လို့လည်း ဆိုနိုင်ပါတယ်။

ဒါပေမယ့် ဒီလို အကျပ်အတည်းဖြစ်တိုင်း အာဏာရ သမ္မတတွေ ရွေးကောက်ပွဲ ရှုံးတတ်တယ်လို့တော့ ပြောလို့မရပါဘူး။

၁၉၃၀ ပြည့်လွန်နှစ်တွေမှာ အမေရိကန်နိုင်ငံက အစပြုတဲ့ ကမ္ဘာ့စီးပွားပျက်ကပ်ရဲ့ နောက်ဆက်တွဲ ရိုက်ခတ်မှုတွေကို ဖြေရှင်းရသူ ၃၂ ယောက်မြောက် အမေရိကန် သမ္မတ ဖရန်ကလင် ဒယ်လာနို ရုစဗဲ့ဟာ သက်တမ်းနှစ်ခုဆက်တိုက် ရွေးကောက်ပွဲ အနိုင်ရအောင် မဲဆွယ်နိုင်တဲ့ သာဓက ရှိခဲ့ဖူးပါတယ်။

ဒါ့အပြင် လောလောလတ်လတ်လို့ ပြောလို့ရတဲ့ ၂၀ဝ၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက် အကြမ်းဖက်တိုက်ခိုက်မှုနဲ့ နောက်ဆက်တွဲ အခြေအနေတွေကို ကိုင်တွယ်ခဲ့ရသူ အမေရိကန်သမ္မတ ဂျော့ဒဘလျူ ဘုရှ် ဆိုရင်လည်း သူ့ရဲ့ ကိုင်တွယ်ပုံ လူကြိုက်များတာကြောင့် ၂၀ဝ၄ မှာ ဒုတိယအကြိမ် ရွေးကောက်ပွဲ အနိုင်ရခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

ဘာပဲပြောပြော ဒေါ်နယ်ထရမ့်ကို တကယ်ထောက်ခံသူတွေကလည်း လှိုက်လှိုက်လှဲလှဲ ထောက်ခံနေကြဆဲ ဖြစ်တဲ့အတွက် ရီပတ်ဘလီကန်ရဲ့ နိုင်ငံရေး အယူအဆ အခြေခံဖြစ်တဲ့ သမားရိုးကျ ရှေးရိုးစွဲ အရင်းခံ လှုပ်ရှားဆောင်ရွက်မှုတွေမှာ သူ့ရဲ့ လွှမ်းမိုးမှုက နှစ်နဲ့ချီပြီး ဆက်ရှိနေမှာ ဖြစ်ပါတယ်။

ဒါ့အပြင် လက်ရှိ ရီပတ်ဘလီကန် ထောက်ခံတဲ့ အမေရိကန်လူထုနဲ့ ဒီမိုကရက်ထောက်ခံတဲ့ အမေရိကန်လူထုတို့အကြား နက်ရှိုင်းတဲ့ သဘောထား ကွဲလွဲမှုတွေက နောက် ၄ နှစ်အတွင်း မြန်မြန် ပျောက်သွားမှာ မဟုတ်သေးတဲ့အတွက် ထရမ့်က သူ့အပေါ် ရှိနေဦးမယ့် ထောက်ခံမှုကိုသုံးပြီး ၂၀၂၄ ရွေးကောက်ပွဲမှာ သမ္မတအဖြစ် ထပ်မံ အရွေးခံတဲ့ အခြေအနေလည်း ဖြစ်လာနိုင်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/world-54989849

၂၀၂၀ အမေရိကန်ရွေးကောက်ပွဲ - ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲမှာ ဘာလို့ ရှုံးသွားတာလဲ  ၂၀၂၀ အမေရိကန်ရွေးကောက်ပွဲ - ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲမှာ ဘာလို့ ရှုံးသွားတာလဲ Reviewed by THITHTOOLWIN on 23:39 Rating: 5

No comments:

Powered by Blogger.