မော်ချီးသတ္ထုတွင်းက နေအိမ်တချို့ မြေပြိုနိုင်တာကြောင့် ရွှေ့ပြောင်းဖို့ အစိုးရ ညွှန်ကြား


ကယားပြည်နယ် မော်ချီးခဲသတ္ထုတူးဖော်ရေး လုပ်ကွက်တွေအနီးမှာရှိတဲ့ နေအိမ်တချို့ကို မြေပြိုနိုင်တဲ့ အန္တရာယ်ရှိတာကြောင့် ပြည်နယ်အစိုးရနဲ့ ကုမ္ပဏီတွေက နေရာပြောင်းရွှေ့ဖို့ ညှိနှိုင်းဆွေးနွေးနေပါတယ်။ ဒေသခံတွေကတော့ ပြောင်းရွှေ့ရမယ့်နေရာကို အတိအကျ မသိရသေးတာကြောင့် မပြောင်းရွှေ့ချင်ကြဘဲ အဲဒီမှာ ဆက်လက်နေထိုင်ဖို့ လိုလားနေကြပါတယ်။

ကယားပြည်နယ် မော်ချီးဒေသ ၁၃ ကုန်း (ခေါ်) ယူကော်ခိုကျေးရွာက နေအိမ်တချို့ အန္တရာယ်ဇုန်ထဲမှာ ရောက်ရှိနေပါတယ်။ ဒေသခံတွေက မိုးရာသီမှာဆို နေအိမ်တွေမှာ မနေကြပဲ တခြားနေရာမှာ ရွှေ့ပြောင်းနေထိုင်ပြီး ပွင့်လင်းရာသီမှာ နေ့ဘက်ပြန်လာနေပြီး ခဲသတ္ထုရှာဖွေ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးနဲ့ တခြားသက်ဆိုင်ရာဌာနတွေက သတ္တုတူးဖော်ရေးလုပ်ငန်းတွေကို ကွင်းဆင်းစစ်ဆေးရာမှာ အဲ့ဒီအန္တရာယ်ဇုန်ထဲက နေအိမ်တွေကို အပြီးပြောင်းရွှေ့ဖို့ ကျေးရွာအုပ်ချုပ်ရေးမှူးကို ညွန်ကြားခဲ့ပါတယ်။

မော်ချီး ခဲသတ္ထုတူးဖော်ရေးဒေသက အန္တရာယ်ဇုန်ထဲမှာရှိတဲ့ အိမ်တွေကို ကုမ္ပဏီတွေက ဖယ်ရှားခိုင်းပေမယ့် လက်ရှိနေထိုင်သူတွေက အပြီးရွှေ့ပြောင်းဖို့ ဆန္ဒမရှိကြပဲ ငြင်းဆန်နေကြပါတယ်။

နေအိမ်ပြောင်းရွှေ့ရမယ့်အထဲမှာ ပါတဲ့ ဒေါ်စိန်စိန်အေးက အခက်အခဲတွေ ရှိတာကြောင့် မရွှေ့ပြောင်းချင်ကြောင်း ပြောပါတယ်။

“ အန္တရာယ်ဇုန်ဆိုပြီး သူတို့ယူလာတာ အိမ်ခြေ ၂၄ အိမ်ဆိုလား အန်တီအိမ်က နောက်ဆုံးထားရောက်တယ်။ အန်တီ့အိမ်က သဘာဝဘေးအန္တရာယ်နဲ့ ကင်းရှင်းတယ်။ အဲအတွက်နဲ့ အန်တီက မုဆိုးမလည်းဖြစ်တယ် ကလေးတွေကလည်း ကျောင်းသားတွေ အန်တီမှာ ရွှေ့ပေးနိုင်တဲ့ အင်အားမရှိဘူး။ အင်အားမရှိဘူးဆိုတာ မပြေလည်တာပေါ့နော်၊ စားဝတ်နေရေးလည်း မပြေလည်ဘူး၊ ရုန်းကန်နေရတာ ကိုယ်ပဲရုန်းကန်နေရတာလေး။ အဲအတွက်နဲ့ အန်တီက ဒီအိမ်ကိုမရွှေ့ပေးနိုင်ဘူး နေရာကို”

ဌာနပေါင်းစုံက တာဝန်ရှိသူတွေနဲ့ သက်ဆိုင်ရာ ကုမ္ပဏီတွေက နှစ်ရက်ဆက်တိုက် ကွင်းဆင်းစစ်ဆေးပြီး ရွှေ့ပြောင်းဖို့ ရာအိမ်မှူးတွေကို မှာကြားသွားတာ ဖြစ်ပါတယ်။

အိမ်တန်ဖိုးနဲ့ ရွှေ့ပြောင်းသယ်ယူရေးစရိတ်က ခန့်မှန်း ငါးသောင်းနဲ့ တစ်သိန်းကြားမှာသာ ရတဲ့အတွက် မရွှေ့ပြောင်းနိုင်ဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။

ယိုကော်ခိုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစန်းဝင်းကတော့ ရရှိမယ့် ပြောင်းရွှေ့စရိတ်နဲ့ မလုံလောက်တာကြောင့် မပြောင်းချင်ကြတာလို့ ပြောပါတယ်။

“ရွှေ့ပြောင်းဆို မြေနေရာလည်းဝယ်ရမယ်။ အိမ်ကလည်း ဖျက်ရွှေ့ရမယ်ဆို အိမ်ကလည်း ဖျက်လိုက်ရမယ်ဆိုရင် ဖျက်လိုက်တာနဲ့ ဖျက်ဆီးပြီးရော ကုန်ကျစရိတ်ကများသွားပြီလေ။ ပြောင်းစရိတ်တောင်မှ ဒီအခက်အခဲနဲ့ သွားရမည့် အနေအထားမှာရှိမှာ။ ရှိတဲ့သူရှိသလို မရှိတဲ့သူက ရွှေ့ပြောင်းစရိတ် ငါးသောင်း၊ တစ်သိန်းကတော့ မလွယ်ဘူးလေ”

အိမ်ရွှေ့ပြောင်းဖို့အတွက် တိကျတဲ့နေရာအသစ်ကို အစိုးရက သတ်မှတ်ချပေးထားတာ မရှိသေးပေမယ့် ခဲလုပ်ကွက်နဲ့ ဝေးသွားမှာကို ဒေသခံတွေက စိုးရိမ်နေကြတာပါ။

အခုလို ရွှေ့ပြောင်းဖြစ်ခဲ့မယ်ဆိုရင် နောက်ပိုင်းမှာ ကုမ္ပဏီတွေအနေနဲ့ အဲဒီနေရာကို ခဲသတ္တု ရှာဖွေရေးလုပ်ငန်းတွေ လုပ်ကိုင်သွားမှာလို့ ဒေသခံတွေက ထင်မြင်ယူဆနေကြပါတယ်။

အန္တရာယ်ရှိတဲ့ လုပ်ကွက်တွေမှာ နေထိုင်နေကြသူတွေကို နေအိမ်တွေအပြီး ပြောင်းရွှေ့ခိုင်းထားတဲ့ နေရာမှာလည်း ခဲသတ္တုလုပ်ငန်းတွေ တိုးချဲ့ဖို့ အစီအစဉ်မရှိတဲ့အပြင် တခြားအန္တရာယ်များတဲ့ ခဲကျင်းလုပ်ငန်းတွေကိုလည်း ရပ်နားထားခိုင်းထားတယ်လို့ ရဲထွဋ်ကျော်ကုမ္ပဏီက မန်နေဂျင်း ဒါရိုက်တာ ဦးရဲထွဋ်တင်က ပြောပါတယ်။

“ကျနော်တို့ ကန့်သတ်ချက်ကတစ်ခုပဲရှိတယ်၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးပဲ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းမှု မရှိဘူး၊ တောင်ပြိုကျနိုင်မယ့် နေရာတွေဖြစ်နေတယ်၊ ဘယ်လောက်ပဲ သတ္တုပါနှုန်း ကောင်းကောင်း ဘယ်လောက်ပဲ သတ္တုကြွယ်ဝကြွယ်ဝ အန္တရာယ်မကင်းဘူးဆိုရင် ကျနော်တို့က ဘယ်သူကိုမှ ခွင့်မပြုဘူး၊ ကုမ္ပဏီကလည်း မလုပ်ပါဘူး၊ ကိုယ်တိုင်လည်း မလုပ်ဘူး ခွင့်လည်းမပြုဘူး”

ပြောင်းရွှေ့ဖို့ မြေနေရာတွေအတွက် လမ်းပန်းဆက်သွယ်ရေး၊ ရေ၊ လျှပ်စစ်မီး စတဲ့ လိုအပ်ချက်တွေကို ရွားသားတွေနဲ့ တိုင်ပင်ပြီး ကုမ္မဏီတွေဘက်ကနေ စီစဉ်ပေးနိုင်တယ်လို့ ရဲထွဋ်တင်က ပြောပါတယ်။

၁၃ ကုန်း (ခေါ်) ယိုကော်ခိုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစန်းဝင်း ပြောကြားချက်အရ ပြောင်းရွှေ့ဖို့ပါတဲ့ စာရင်းတွေကတော့ အိမ်ခြေ ၂၅ လုံးပါရှိပြီး ရဲထွဋ်ကျော်ကုမ္မဏီက မန်နေဂျာဒါရိုက်တာ ရဲထွဋ်တင်ရဲ့ ပြောကြားချက် အရတော့ အိမ်ခြေ ၁၇ အိမ်သာပါရှိတယ်လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကယားပြည်နယ် သတ္တုဦးစီးဌာနနဲ့ သက်ဆိုင်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားခြင်းမရှိပါဘူး။

မော်ချီးဒေသမှာ လက်ရှိအချိန်ထိ ကြီးမားတဲ့ မြေပြိုမှု ၃ ကြိမ်ဖြစ်ခဲ့ပါတယ်။ ၁၉၈၅ ခုနှစ်၊ ၁၉၈၈ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်တွေမှာ မြေပြိုမှုဖြစ်ခဲ့တာဖြစ်ပြီး နေအိမ်တွေ ပျက်ဆီးခဲ့တဲ့အပြင် လူသေဆုံးမှု တချို့လည်း ရှိခဲ့ပါတယ်။

မောချီးဒေသမှာ ခဲသတ္တု တူးဖော်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတာ နှစ်ပေါင်းတစ်ရာကျော် ကြာမြင့်နေပြီဖြစ်ပြီး လက်ရှိအချိန်မှာ တရားဝင် လုပ်ကွက် စုစုပေါင်း ၁၂၆ ကျဉ်း ရှိပါတယ်။ အဲဒီလုပ်ငန်းတွေကို မှီခိုလုပ်ကိုင်နေတဲ့ လုပ်သားဦးရေ ၁၃၀၇ ဦးရှိနေပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/government-orders-evacuation-mawchi-mine-homes-10312020004512.html

မော်ချီးသတ္ထုတွင်းက နေအိမ်တချို့ မြေပြိုနိုင်တာကြောင့် ရွှေ့ပြောင်းဖို့ အစိုးရ ညွှန်ကြား  မော်ချီးသတ္ထုတွင်းက နေအိမ်တချို့ မြေပြိုနိုင်တာကြောင့် ရွှေ့ပြောင်းဖို့ အစိုးရ ညွှန်ကြား Reviewed by THITHTOOLWIN on 00:35 Rating: 5

No comments:

Powered by Blogger.