လှည်းကူး၊ ပေါင်နဲ့ ပုသိမ် ကြိုတင်မဲပေးမှုမှာ တံဆိပ်တုံးအတု သုံးတယ်လို့ စွပ်စွဲခံနေရ


ရန်ကုန်တိုင်း လှည်းကူးမြို့နယ်မှာ ကြိုတင်မဲကောက်ခံရာမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက မဲရုံကိုယ်စားလှယ်ဟာ တံဆိပ်တုံးအတု အသုံးပြုတာနဲ့ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ကန့်ကွက် တိုင်ကြားသွားမယ်လို့ NLD ပါတီရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ မွန်ပြည်နယ် ပေါင်မြို့နယ်နဲ့ ဧရာဝတီတိုင်း ပုသိမ်မြို့မှာလည်း UEC စာသားမပါတဲ့ တံဆိပ်တုံးတွေနဲ့ မဲပေးမှုတွေ ရှိခဲ့ပါတယ်။

အသက် ၆၀ အထက် သက်ကြီးရွယ်အိုတွေကို ကြိုတင်မဲကောက်ယူရာမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရဲ့ မဲရုံကိုယ်စားလှယ်က တံဆိပ်တုံးအတု အသုံးပြုတာဟာ ရည်ရွယ်ချက်ရှိရှိလုပ်တာ ဖြစ်တာကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ကို ကန့်ကွက်စာပေးပို့သွားမယ်လို့ NLD ပါတီရဲ့ လှည်းကူးမြို့နယ် ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးသိန်းတန်က ပြောပါတယ်။

တံဆိပ်တုံးအတုပြုလုပ်တာနဲ့ပတ်သက်ပြီး သူတို့အကြောင်းပြတာဟာ ခိုင်လုံမှုမရှိဘူးလို့ ဦးသိန်းတန်က ပြောပါတယ်။

"လုပ်တဲ့သူကတော့ ရည်ရွယ်ချက်ရှိမှာပေါ့၊ ခိုင်းတဲ့လူ ရှိကောင်းရှိမယ်၊ ဒါလည်း အတိအကျ မစွပ်စွဲလိုဘူး၊ တွေးစရာတွေကတော့ အများကြီးပေါ့၊ ဖြစ်တာလေးကလည်း နည်းနည်းလေး ထူးဆန်းတဲ့သဘော ရှိတယ်၊ သူတို့အကြောင်းပြချက်က မြန်အောင်လို့ ဆိုတဲ့ ပြောတဲ့စကားလုံးက လုံလောက်တဲ့ အကြောင်းပြချက်တော့ မဟုတ်ဖူးဗျ၊ ဘာဖြစ်လို့လဲဆိုတော့ တံဆိပ်တုံးတစ်ခုကိုပဲ တစ်ယောက်ပြီး တစ်ယောက် သုံးရတာလေ။"

ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်နေ့က လှည်းကူးမြို့ပေါ်  မြို့မရပ်ကွက် ပန်းမြို့တော်လမ်းမှာ အသက် ၆၀ နဲ့ အထက် မဲဆန္ဒရှင်တွေကို ကြိုတင်မဲကောက်ရာမှာ ပြည်ထောင်စုကြံခိုင်ဖွံ့ဖြိုးရေးပါတီ မဲရုံကိုယ်စားလှယ်က UEC တံဆိပ်တုံးပုံစံတူ တံဆိပ်တုံးအတုကို အသုံးပြုဖို့ ရပ်ကျေးကော်မရှင်ကို ပေးခဲ့တာကြောင့် NLD ပါတီက ကန့်ကွက်ခဲ့တာဖြစ်ပါတယ်။

အဲဒီတံဆိပ်တုံးနဲ့ လူသုံးဦးလောက် မဲပေးပြီး NLD ပါတီ မဲရုံကိုယ်စားလှယ်က ကန့်ကွက်ခဲ့တာကြောင့် မဲပေးတာကို ရပ်ဆိုင်းခဲ့ပြီး စစ်ဆေးရာမှာတော့ UEC က ထုတ်ထားတဲ့ တံဆိပ်တုံးနဲ့ ဆင်တူ အတုဖြစ်နေတာကို တွေ့ရတယ် လို့လည်း ဦးသိန်းတန်က စွပ်စွဲထားပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပေးထားတဲ့ တံဆိပ်တုံးအပြင် အခြားတံဆိပ်တုံးတစ်ခုကို အသုံးပြုပြီး ကြိုတင်မဲ ကောက်ခံတယ်ဆိုတာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီး မနက်ဖြန်မှာ စစ်ဆေးသွားမယ်လို့ လှည်းကူးမြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ဦးစိုးလွင်က RFA ကို ပြောပါတယ်။

"ကော်မရှင်ကနေပြီးတော့ ပဏာမစစ်ဆေးတဲ့အဖွဲ့ကို ဒီနေ့ဖွဲ့တယ်၊ အဲအဖွဲ့က စစ်ဆေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်၊ ရက်ကျေးကော်မရှင်ဥက္ကဋ္ဌရယ်၊ အဲမှာ တာဝန်ကျတဲ့ ရပ်ကျေးကော်မရှင်ရယ်၊ နောက်တစ်ခါ ကျတော့ တံဆိပ်တုံးဘယ်ကရလည်း၊ တံဆိပ်တုံး ကန့်ကွက်တဲ့သူရယ်၊ ပါဝင်ပတ်သက်တဲ့လူတွေနဲ့ စစ်ဆေးမယ်လို့ စီရင်ထားပါတယ်။"

လက်ရှိမြို့နယ် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူးအပါအဝင် အောက်ခြေကော်မရှင်တွေ စုံစမ်းစစ်ဆေးပြီးမှ အစစ်လား၊ အတုလား ဆိုတာ အတည်ပြုလို့ရမယ်လို့ မြို့နယ်ကော်မရှင် ဥက္ကဋ္ဌ ဦးစိုးလွင်က ပြောပါတယ်။

USDP ပါတီရဲ့ လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော် အမတ်လောင်း လျှပ်စစ်ဝန်ကြီးဟောင်း  ဦးခင်မောင်စိုးရဲ့ ကိုယ်စားလှယ် ဦးကျော်ဌေးကတော့ အောက်ခြေမှာရှိတဲ့ မဲရုံကိုယ်စားလှယ်က စေတနာအရ ကြိုတင်မဲပေးတာ ပိုမိုမြန်ဆန်အောင် ကူညီဆောင်ရွက်ပေးတာဖြစ်တယ်လို့ ပြောပါတယ်။

"ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်အဆင့်ကမှမသိဘူး၊  မဲရုံကိုယ်စားလှယ်က သူ့ဟာသူ စေတနာအရ၊ လုပ်ငန်းသဘောအရ ကူညီတဲ့သဘောဖြစ်တယ်၊ ကျနော်တို့လည်း ရှင်းထားပြီးပါပြီ၊ တံဆိပ်တုံးတစ်ခုတည်း မလုံလောက်လို့ ကူညီတာဖြစ်တယ်၊ ကျနော်တို့ဘက်က ဘာမှအပြစ်မရှိဘူး၊ လုပ်ကြံထားတာလည်း မရှိတဲ့အတွက် သူတို့တင်ထားတဲ့ကိစ္စကို ဖြေရှင်းပေးဖို့ အသင့်ရှိတယ်။"

လက်ရှိမှာတော့ တံဆိပ်တုံးပေးတဲ့ USDP မဲရုံကိုယ်စားလှယ်နဲ့ တံဆိပ်တုံးအတု အသုံးပြုခဲ့တယ်ဆိုတဲ့ ရပ်ကျေးကော်မရှင်ကို တာဝန်ရပ်ဆိုင်းပြီး ကြိုတင်မဲတွေကို ဆက်လက်ကောက်ခံနေတယ်လို့ သိရပါတယ်။

မဲပေးတဲ့အခါ ဆန္ဒမဲလက်မှတ်ပေါ်မှာ မိမိ ထောက်ခံမဲပေးလိုတဲ့ ကိုယ်စားလှယ်လောင်း အမည်ဘေးက ကွက်လပ်မှာ တံဆိပ်တုံး ထုရမှာပါ။ အဲဒီ တံဆိပ်တုံးမှာ အမှန် အမှတ်အသား နဲ့  UEC စာလုံး ပါဝင်ပါတယ်။

ကပ်ဘေးကာလ ရွေးကောက်ပွဲဖြစ်တာကြောင့် ရောဂါကူးစက်မှုတွေ မဖြစ်အောင် UEC က  အသက် ၆၀ အထက် မဲဆန္ဒရှင်တွေကို  အောက်တိုဘာ ၂၉ ရက်နေ့ကနေ နိုဝင်ဘာ ၅ ရက်နေ့အထိ ကြိုတင်ဆန္ဒမဲတွေ ကောက်ယူသွားမှာ ဖြစ်ပါတယ်။

အခု အငြင်းပွားနေတဲ့ လှည်းကူးမြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက  NLD ပါတီက ဦးသိန်းတန်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဦးခင်မောင်စိုးတို့ ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပြီး ဦးသိန်းတန်က မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

မွန်ပြည်နယ် ပေါင်မြို့နယ် တံခွန်တိုင်ကျေးရွာက ရပ်ကျေးကော်မရှင်ရုံးမှာလည်း နိုဝင်ဘာ ၁ ရက်နေ့ မနေ့က အသက် ၆၀ အထက် ကြိုတင်မဲပေးရာမှာ UEC တံဆိပ်ပါတဲ့ တံဆိပ်တုံးကို အတုနဲ့လဲခံရတယ်လို့ သထုံခရိုင် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးသက်နိုင်ဦးက ပြောပါတယ်။

UEC က ထုတ်ပေးတဲ့ တံဆိပ်တုံးနဲ့ လျှို့ဝှက်ခန်းအတွင်း မဲပေးစဉ်မှာ ဘယ်သူက အခုလို လဲသွားတယ်ဆိုတာ မသိရသလို့ ဒီမဲတွေကို ဘယ်လိုဆုံးဖြတ်မလည်းဆိုတာကို ဒီနေ့ ပေါင်မြို့နယ်မှာ စေ့စပ်ညှိနှိုင်းရေးကော်မတီ အစည်းအဝေးပြုလုပ်ပြီး သဘောတူညီချက်အတိုင်း ဆုံးဖြတ်သွားမယ်လို့လည်း ဦးသက်နိုင်ဦးက ပြောပါတယ်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ အောက်တိုဘာလ ၃၁ ရက်နေ့က ကြိုတင်မဲပေးတဲ့ မဲဆန္ဒရှင်တစ်ဦးက ကိုယ်ပိုင်ယူဆောင်လာတဲ့ တံဆိပ်တုံးအတုနဲ့ထုပြီး မဲပေးမှု ဖြစ်ခဲ့ပါတယ်။

UEC အမှတ်အသားပါတဲ့ တံဆိပ်တုံးနဲ့ မဲပေးတာမဟုတ်ဘဲ အမှန် အမှတ်သားပါ ကိုယ်ပိုင်တံဆိပ်တုံးနဲ့ မဲပေးခဲ့တာကို ကော်မရှင်တာဝန်ရှိသူတွေက တွေ့ရှိခဲ့တဲ့အတွက် UEC တံဆိပ်တုံးနဲ့ ထုဖို့ ပြန်လည်စီစဉ်ပေးခဲ့ရပါတယ်။

တံဆိပ်တုံးအတုနဲ့  မဲပေးခဲ့တဲ့လက်မှတ်တွေကို နံပါတ်မှတ် သိမ်းဆည်းခဲ့ပြီး ထပ်မံပြီး ဆန္ဒပြုလိုမှု ရှိ၊မရှိ မေးမြန်းရာမှာ ဆန္ဒထပ်မံပြုလိုကြောင်း ပြောတဲ့အတွက် မဲလက်မှတ် အသစ်မှာ ထပ်မံဆန္ဒပြုခွင့် ပြုခဲ့တယ်လို့ အမှတ် ၄ ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမောင်ဝင်း က ပြောပါတယ်။

ဒီဖြစ်စဉ်ကို ထူးခြားဖြစ်စဉ်အနေနဲ့ ခရိုင်နဲ့ တိုင်းကော်မရှင် အဆင့်ဆင့်ကို ဆက်လက်တင်ပြထားတယ်လို့  ပုသိမ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးငွေစိုးက ပြောပါတယ်။

တံဆိပ်တုံး အတုတွေ ပြုလုပ်တာဟာ မဲတွေကိုပယ်မဲဖြစ်အောင်လုပ်တာဖြစ်ပြီး ရွေးကောက်ပွဲ တရားမဲ့ ပြုကျင့်မှုမြောက်နိုင်တယ်လို့ ရွေးကောက်ပွဲ စောင့်ကြည်လေ့လာနေတဲ့ ပွင့်လင်းမြန်မာရှေ့ဆောင်အဖွဲ့ OMI က ဦးအေးကျော်က ပြောပါတယ်။

"ဥပမာသတ်မှတ်ထားတဲ့ တံဆိပ်တုံးရှိတယ်ဗျာ၊ သတ်မှတ်ထားတဲ့တံဆိပ်တုံးမဟုတ်ဘဲနဲ့ တခြားတံဆိပ်တုံး သုံးပြီးတော့ ဆန္ဒပြုထားတဲ့ မဲလက်မှတ်တွေကတော့ ပယ်ရမယ်ဆိုတာကတော့ ရောက်လာမှာပဲဗျ၊ အဲလို ဖြစ်အောင် ရည်ရွယ်ချက်နဲ့ လုပ်တယ်ဆိုရင် ဒါက ရွေးကောက်ပွဲမသမာမှုလို့လည်း ပြောလိုရတာမျိုး ဖြစ်လာနိုင်တယ်၊ မဲလက်မှတ်တွေကို ပယ်မဲဖြစ်စေချင်တဲ့ရည်ရွယ်ချက်နဲ့ ဒီလို့မျိုးတံဆိပ်တုံးအတုကို အသုံးပြုတယ်လို့ ယူဆလို့ရတာပေါ့၊ အဲဒါတွေက ရွေးကောက်ပွဲမသမာတွေလည်းဖြစ်နိုင်တယ်၊ တရားမဲပြုကျင့်မှုတွေလည်း ဖြစ်နိုင်တယ်။"

ရုံးလုပ်ငန်းတွေမှာ တံဆိပ်တုံးအတုနဲ့ လုပ်ထားတဲ့ စာရွက်စာတမ်းတွေဟာ တရားမဝင်သလို ပြုလုပ်သူတွေ ကိုလည်း ဥပဒေအရ အရေးယူလို့ရတယ်လို့ ဦးအေးကျော်က ပြောပါတယ်။

လက်ရှိအသက် ၆၀ အထက် ကြိုတင်မဲပေးရမှာ တံဆိပ်တုံးအတု ပြုလုပ်တာတွေအပြင် မဲလက်မှတ်တွေကို ဘောပင်နဲ့ပေးခိုင်းတာ၊ စာအိပ်တွေပိတ်မရတာ၊ မဲဆန္ဒနယ်လွဲပြီး မဲလက်မှတ်ထုတ်ပေးတာ စတဲ့ ပြဿနာတွေနဲ့ ကြုံတွေ့နေရပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/fake-uec-stamp-in-hlegu-and-paung-11022020033455.html

လှည်းကူး၊ ပေါင်နဲ့ ပုသိမ် ကြိုတင်မဲပေးမှုမှာ တံဆိပ်တုံးအတု သုံးတယ်လို့ စွပ်စွဲခံနေရ  လှည်းကူး၊ ပေါင်နဲ့ ပုသိမ် ကြိုတင်မဲပေးမှုမှာ တံဆိပ်တုံးအတု သုံးတယ်လို့ စွပ်စွဲခံနေရ Reviewed by THITHTOOLWIN on 23:17 Rating: 5

No comments:

Powered by Blogger.