ကျောက်တော်-ပလက်ဝ လမ်းတွေ ပြန်ဖွင့်ပေးဖို့ တောင်းဆို


ချင်းပြည်နယ် ပလက်ဝနဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့တို့ကို ဆက်သွယ်ထားတဲ့ ကားလမ်းရော၊ ရေလမ်း ကြောင်းမှာပါ တပ်မတော်နဲ့ အေအေ တို့ရဲ့ တိုက်ပွဲတွေကြောင့် သွားလို့မရတာ တစ်နှစ်နီးပါး ကြာမြင့်နေပြီဖြစ်လို့ အခက်အခဲကြုံနေရတဲ့ ဒေသခံပြည်သူတွေနဲ့ ဒေသခံရဟန်းသံယာတွေက လမ်းကြောင်းပြန်ဖွင့်ပေးဖို့ တောင်းဆို နေပါတယ်။

ပလက်ဝနဲ့ ကျောက်တော် လမ်းကြောင်းပိတ်ထားတဲ့အတွက် ပလက်၀ ဒေသခံပြည်သူတွေရဲ့ စားဝတ်နေရေး အခက်အခဲတွေရှိနေတဲ့အပြင် ပလက်ဝမြို့ပေါ်က ဘုန်းကြီးကျောင်း ၆၇ ကျောင်းက သံဃာ ၃၀၀ ကျော်မှာလည်း သွားရေးလာရေး အခက်အခဲကြုံနေရပါတယ်။

သွားလာလို့မရတဲ့အတွက် သက်ကြီးဆရာတော်တွေရဲ့  ကျန်းမာရေးအတွက် ဆေးသွားကုဖို့ကအစ အခက်အခဲ ကြုံနေရလို့ ပလက်၀ - ကျောက်တော်လမ်းကို ပြန်ဖွင့်ပေးစေချင်ပြီလို့ ပလက်ဝမြို့ပေါ်က အောင်ဇေတီဓမ္မရိပ်သာ ကျောင်းတိုက် ဆရာတော် အရှင်ကုလဝံသ က RFA ကို မိန့်ပါတယ်။

"ကျောက်တော် - ပလက်၀ ကုန်လမ်းရော ရေလမ်းရော ပိတ်ထားလို့ ဦးဇင်းတို့ ဘုန်းကြီးတွေ ဘယ်မှလည်း သွားလို့မရဘူးလေ၊ အခက်အခဲတွေကတော့ ဦးဇင်းတို့ ဘုန်းကြီးတွေမှာ သာရေးတို့ နာရေးတို့ ဂိုဏ်းအစည်း အဝေးတွေ၊ မကျန်းမာတဲ့ဆရာတော်ကြီးတွေလည်းရှိတာကိုး စစ်တွေမှာ ဆေးခန်းတွေသွားပြရတယ်လေ၊ ပလက်ဝမှာက ဓာတ်မှန်ရိုက်လို့တောင်မရဘူး၊ အဲဒီအခက်အခဲတွေရှိတယ်၊ အဓိက ကျောက်တော်နဲ့ ပလက်၀ ကုန်လမ်း၊ ရေလမ်းကို ပြန်ပြီးတော့ဖွင့်ပေးဖို့၊ အခုက တိုက်ပွဲလည်းမရှိတော့ဘူးဆိုတော့ ကုန်လမ်းနဲ့ ရေလမ်း ကို ပြန်ပြီးဖွင့်ပေးဖို့ ဦးဇင်းတို့ ဘုန်းကြီးရဟန်းတွေကလည်း တောင်းဆိုချင်တာပေါ့နော်။"

သက်ဆိုင်ရာအစိုးရအဖွဲ့ ဝန်ကြီးတွေအနေနဲ့လည်း ဘုန်းကြီးတွေကို အခြေအနေ မေးမြန်းတာ ပြောတာတွေလည်း မရှိဘူးလို့ အရှင်ကုလဝံသက မိန့်ပါတယ်။

ပလက်ဝမြို့ရဲ့ ကုန်စည်စီးဆင်းမှုအအတွက် အဓိကအရေးပါတဲ့ ပလက်ဝ-ကျောက်တော် ကားလမ်းနဲ့ ရေလမ်း ကြောင်း ပိတ်ထားတာကြောင့် ပလက်ဝတမြို့နယ်လုံးမှာရှိတဲ့ ပြည်သူတွေ အခက်အခဲဖြစ်နေတာ တစ်နှစ်နီးပါး ရှိပြီး အခြေခံစားသောက်ကုန်ဈေးနှုန်းတွေကလည်း ဆယ်ဆလောက်ကို ပေးဝယ်နေကြရတာပါ။

ဒီလမ်းကြောင်းကို ဘယ်အဖွဲ့အစည်းကမှ ပိတ်ထားတာမျိုးမဟုတ်ဘဲ တပ်မတော်နဲ့ AA တို့ တိုက်ပွဲတွေ မကြာ မကြာဖြစ်ပွားခဲ့လို့ ဒေသခံတွေလည်း အသုံးမပြုရဲတော့တာကနေ အခုလည်း လုံခြုံရေးအခြေအနေကြောင့် မသွားရဲမလာရဲဖြစ်နေကြတာပါ။

ဒီလမ်းကြောင်းတွေ အခုအချိန်မှာ သွားလာခွင့်ရနိုင်မလားလို့ RFA က တပ်မတော်သတင်းမှန်ပြန် ကြားရေးအဖွဲ့ကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း ဆက်သွယ်လို့မရခဲ့ပါဘူး။

ပလက်ဝမြို့နယ် စိမ်းစင်းရွာဒေသခံ ကျောင်းဆရာ ဦးစိုးဝေထွန်းကလည်း ဒေသမှာရှိနေသူတွေအားလုံး ဒုက္ခရောက်နေတဲ့တွက် လမ်းပဲပြန်ဖွင့်စေချင်လို့ ပြောပါတယ်။

"စားဝတ်နေရေးအခက်အခဲကြုံတယ်၊ ကုန်ဈေးနှုန်းက တအားမြင့်နေတယ်၊ ဒေသခံတွေက ဘယ်မှသွားလာလို့ မရဘူးဖြစ်နေတယ်၊ ပလက်ဝဒေသရဲ့  စားဝတ်နေရေးအတွက်က အဓိက ရခိုင်ပြည်နယ် ကျောက်တော်ဘက် ကိုပဲ မှီခိုနေရတာလေ၊ ကုန်းလမ်းဖြစ်စေ ရေလမ်းဖြစ်စေ ဒီအပေါ်မှီခိုအားထားပြီးတော့မှ ဒီမှာ အဓိကကတော့ ဆန်၊ စပါးပေ့ါနော်၊ ဒီဆန်၊ စပါးတွေကတော့ ကျောက်တော်ကမသယ်ရင် ဘာမှမရတော့ဘူး ဒီပလက်ဝဒေသ မှာ၊ ဆရာတော်တွေလည်း ဒီအတိုင်းပဲလေ၊ တချို့ ဆရာတော် စစ်ဘေးရှောင်တာ ပလက်ဝမှာ အများကြီး ရှိတယ်၊ ဘုန်းကြီးတွေလည်း ဘယ်မှသွားလို့လာလို့ မရဘူးဖြစ်နေတယ်အခု၊ ကုန်းလမ်းဖြစ်ဖြစ် ရေလမ်း ဖြစ်ဖြစ်ပွင့်လို့ရှိရင် နည်းနည်းအသက်ရှုချောင်မှာ၊ ကျွန်တော်တို့က လမ်းပဲဖွင့်စေချင်တယ်။"

ကျောက်တော်မှာ ဆန်တစ်အိတ်ကို နှစ်သောင်းကျော်ပဲရှိပေမယ့် ပလက်ဝမှာတော့ ရှစ်သောင်းကျော် ပေးဝယ်နေရတယ်လို့ ဦးစိုးဝေထွန်း ကဆိုပါတယ်။

ချင်းပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ယောက်ဖြစ်တဲ့ ဦးစိုးထက်ကတော့ အဲဒီလမ်းကြောင်းကို ပြန်အသုံးပြုနိုင်ဖို့ ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြထားပေမယ့် နယ်မြေလုံခြုံရေးကြောင့် ခွင့်မပြုသေးလို့ လက်ရှိမှာပြန်အသုံးပြုလို့ရဦးမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

"ကျွန်တော်တို့ လက်ရှိဆန်ပို့တာရယ် နောက်ပြီးတော့ တည်ဆောက်ရေးလုပ်ငန်းတွေအတွက် အုတ်သဲ ကျောက် ဘိလပ်မြေကအစပေါ့လေ သယ်ဖို့အတွက် ဒီရေလမ်းဖွင့်ဖို့ရယ် ကားလမ်းကြောင်းဖွင့်ဖို့ရယ် ကျွန်တော်တို့တောင်းဆိုဖူးပါတယ်၊ တင်လည်းတင်ပြဖူးတယ်၊ ဒါပေမဲ့ ကားလမ်းကြောင်းကျတော့ ပဋိပက္ခ ဖြစ်တဲ့ တိုက်ပွဲဖြစ်တဲ့ ဧရိယာာဖြစ်တဲ့အတွက် လက်ရှိကလည်း ဒီလမ်းကြောင်းအပေါ်မှာ မိုင်းထောင်တာတို့ ဗုံးထောင်တာတို့ ဒီလိုမျိုးတွေရှိနိုင်တယ်ပေါ့ Clear မဖြစ်သေးဘူးပေါ့လေ၊ ရေလမ်း ကြောင်းကြတော့လည်း ဒီလမ်းကြောင်းမှာ တပ်ကလည်း လုံခြုံရေးယူတာရှိသလို AA ကလည်း ထိန်းချုပ်တဲ့နေရာလေးတွေရှိတယ်၊ အဲဒီအပေါ်မှာ လုံခြုံရေး Clear မဖြစ်ဘူးဆိုပြီး တောက်လျှောက်ပိတ်နေရတာ၊ ကျွန်တော်တို့အစိုးရအဖွဲ့ အနေနဲ့ အမှန်အတိုင်းပြောရရင်တော့ ရေလမ်းကြောင်းကို ဖွင့်ပေးစေချင်တာ၊ ရေလမ်းကြောင်းဖွင့်ရင် ကုန်စည်စီးဆင်းမှုမှာ အရမ်းကုန်ကျစရိတ်သက်သာတယ်၊ ကျွန်တော်တို့ကတော့ ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြတဲ့အပေါ်မှာ လုံခြုံရေးအခြေအနေအရ လောလောဆယ် ခွင့်မပြုနိုင်သေးဘူးဆိုတဲ့ အကြောင်းပြန်ချက်ပဲ ရသေးတယ်။"

နှစ်ဖက်အပစ်ရပ်ထားပေမယ့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA မှာ လက်မှတ် ထိုးပြီး အပြီးရပ်တာမဟုတ်လို့ မိုးရာသီကုန်ပြီး ပွင့်လင်းရာသီရောက်လာချိန် တိုက်ပွဲတွေ ပြန်ဖြစ်မှာကို အစိုးရ ဘက်ကရော လူထုဘက်ကရော စိုးရိမ်နေကြတာကြောင့် လမ်းကြောင်းတွေ ပြန်မဖွင့်သေးတာဖြစ်နိုင်တယ်လို့ ဦးစိုးထက်က ဆိုပါတယ်။

လက်ရှိမှာ ပလက်ဝမြို့အတွက် ဆန်နဲ့စားနပ်ရိက္ခာတွေအကို ပခုက္ကူလမ်းကြောင်းဘက်ကနေမှ ဆမီးမြို့နယ်က တဆင့် ပို့ပေးနေရတဲ့အတွက် ကုန်ဈေးနှုန်း အဆမတန်မြင့်တက်နေတာဖြစ်တာကြောင့် ပလက်ဝ-ကျောက်တော် ရေလမ်းကြောင်းကို ချင်းပြည်နယ်အစိုးရအဖွဲ့အနေနဲ့လည်း ပြန်ဖွင့်စေချင်တယ်လို့ ဦးစိုးထက်က ပြောပါတယ်။

ပလက်ဝ-ကျောက်တော် ကားလမ်းနဲ့ ရေလမ်းကြောင်းပြန်ဖွင့်ပေးရင် ကုန်စည်စီးဆင်းမှုရော ဆေးကုသဖို့ ရှိသူတွေအတွက်ပါ အဆင်ပြေမယ်လို့ ချင်းစစ်ဘေးရှောင် အရေးပေါ်ကူညီရေးနဲ့ ပြန်လည်ထူထောင်ရေးကော်မတီ RRCCI ရဲ့ ပြောရေးဆိုခွင့်ရှိသူ မိုင်နန်းဝေက ပြောပါတယ်။

"၂၀၂၀ ဇန်နဝါရီလလောက်ကတည်းကဆိုတော့ တစ်နှစ်နီးပါးဖြစ်သွားပီပေါ့၊ ဒီလမ်းကြောင်းပိတ်လိုက်တဲ့ အခါမှာ အခုလိုမျိုးဆန်ပြတ်လပ်မှုက ပိုဆိုးသွားတာဖြစ်တယ်၊ တဖက်မှာလည်း အဓိကကတော့ ကျောက်တော် နဲ့ ပလက်ဝ ကားလမ်းကိုဖွင့်လိုက်တယ်ဆိုလို့ရှိရင် ကားလမ်းနဲ့ရေကြောင်းလမ်းပေါ့နော်၊ အခုလိုမျိုး မြင့်တက် နေတဲ့ ကုန်ဈေးနှုန်းကလည်း တော်တော်လေးကိုကျသွားမယ်၊ ဆေးကုရမယ့်သူတွေအတွက်လည်း တော်တော် အဆင်ပြေသွားမယ်၊ ဆေးကုမယ့်သူတွေ ရေကြောင်းလမ်းကနေလည်း သွားလို့ရမယ်၊ အဓိကကတော့ ဘယ်လို ပဲဖြစ်ဖြစ် ဒီလမ်းကြောင်းပွင့်ဖို့နဲ့ ပတ်သက်ပြီး ငြိမ်းချမ်းဖို့တော့လိုတယ်၊ ပစ်ခတ်မှုတွေရပ်စဲသွားဖို့လိုတယ်၊ မဟုတ်ရင်တော့ လူထုအတွက် အန္တရာယ်များနေဦးမှာပဲ၊ အဓိကကတော့ စစ်ပွဲမရှိဖို့လိုတယ်။"

တပ်မတော် နဲ့ AA အပစ်အခတ်ခေတ္တရပ်စဲထားတဲ့အပေါ်ကိုလည်း ဝမ်သာကြိုဆိုကြောင်းနဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေလုပ်ဖို့အတွက် ဒီထက်ပိုပြီး ငြိမ်းချမ်းရေးဆွေးနွေးကာ အပစ်ရပ်သွားဖို့ မျှော်လင့်ကြောင်းလည်း မိုင်နန်းဝေက ဆိုပါတယ်။

ပလက်ဝမြို့နယ်ထဲမှာ တိုက်ပွဲတွေကြောင့် ကျေးရွာတွေမှာပဲ ပိတ်မိနေတဲ့ ချင်းတိုင်းရင်းသား စစ်ဘေးဒုက္ခသည် နှစ်သောင်းကနေ ခြောက်သောင်းကြားရှိပြီး မြို့ပေါ် စစ်ဘေးရှောင်စခန်းတွေမှာ ရောက်ရှိနေတာက တစ်သောင်း ရှစ်ထောင်ကျော်ရှိတယ်လို့ ချင်းစစ်ဘေးရှောင် အရေးပေါ်ကူညီရေးနဲ့ ပြန် လည်ထူထောင်ရေးကော်မတီရဲ့ ထုတ်ပြန်ထားပါတယ်။

ပလက်ဝမြို့နယ်အတွက် အဓိကကျတဲ့ ပလက်ဝ-ကျောက်တော် ကားလမ်းနဲ့ ရေလမ်းကြောင်းပိတ်ထားတာ တစ်နှစ်နီးပါးရှိပြီဖြစ်တဲ့အပြင် လက်ရှိ နှစ်ဖက်တပ်တွေ အပစ်ရပ်တဲ့အချိန်ဖြစ်လို့ ပလက်၀မြို့ပေါ်မှာရှိတဲ့ ဒေသခံပြည်သူတွေ၊ စစ်ဘေးဒုက္ခသည်တွေနဲ့ ဒေသခံ ရဟန်း သံဃာတော်တွေက လမ်းကြောင်းအမြန်ပြန်ဖွင့်ပေးဖို့ မျှော်လင့်နေကြပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/local-people-want-kyauktaw-paletwa-road-reopen-11192020043456.html

ကျောက်တော်-ပလက်ဝ လမ်းတွေ ပြန်ဖွင့်ပေးဖို့ တောင်းဆို ကျောက်တော်-ပလက်ဝ လမ်းတွေ ပြန်ဖွင့်ပေးဖို့ တောင်းဆို Reviewed by THITHTOOLWIN on 23:25 Rating: 5

No comments:

Powered by Blogger.