မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အိမ်မှာနေဖို့နဲ့ အသွားအလာ အပါအဝင် ကန့်သတ်ထားတာတွေကို အရင် ဒီလကုန်ကနေ အခု ရှေ့လ ဒီဇင်ဘာလလယ်အထိ ဒီရောဂါထိန်းချုပ်ရေး အစိုးရ ထိပ်ဆုံးကော်မတီက မနေ့က ထုတ်ပြန်လိုက်ပါတယ်။
ဒီ အိမ်မှာနေဖို့ ကန့်သတ်ထားတဲ့အထဲမှာ အဓိက အဖြစ်အများဆုံး ရန်ကုန်တိုင်းက မြို့နယ်အများစု၊ အဓိကအားဖြင့် အဖြစ်များခဲ့တဲ့ ရခိုင်ပြည်နယ်နဲ့ နောက်အဖြစ်များလာနေတဲ့ မန္တလေး၊ ပဲခူး၊ ဧရာဝတီတိုင်းတွေနဲ့ မွန်ပြည်နယ်တို့က မြို့တချို့အပါအဝင် မြို့စုစုပေါင်း ၇၄ မြို့ပါဝင်ပြီး အလုပ်နဲ့ ကျန်းမာရေးကလွဲရင် အပြင်မထွက်ကြဖို့ ညွှန်ကြားထားပါတယ်။
ခုလို ဒီဇင်ဘာ ၁၅ ရက်နေ့အထိ ကိုဗစ်ဆိုင်ရာ အမျိုးသားအဆင့် ဗဟိုကော်မတီက ထပ်မံသက်တမ်းတိုး ထုတ်ပြန်ရတဲ့အပေါ် ဒီလူနာတွေကို အဖြစ်အများဆုံး ရန်ကုန်မှာ ကိုင်တွယ်စီမံနေရတဲ့ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ကုသမှုဌာနမှူး ဒေါက်တာမော်မော်ဦးက ...
“အမိန့်ကြော်ငြာစာတွေကို မကြာခန ထုတ်နေရခြင်းကလည်း တဖြည်းတဖြည်းနဲ့ ရိုးပဲ ရိုးအီလာသလားလို့၊ ဒါတွေဟာ မထူးတော့သလိုများ ထင်နေလား၊ တကယ်တော့ ဒီဟာတွေကို လိုက်နာလိုက်ခြင်းအားဖြင့် အများကြီးထူးတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူနာအရေအတွက်နဲ့ ရောက်ရှိလာတဲ့ လူနာတွေရဲ့ ရောဂါရာဇဝင်တွေမေး၊ ဘယ်လိုကူးတာလဲ စုံစမ်းကြည့်တဲ့အခါမှာ လူစုလူဝေးနဲ့ ပတ်သက်နေတဲ့ကိစ္စတွေ အများကြီးရှိတယ်။” လို့ ပြောပါတယ်။
ခုလို လိုက်နာဖို့ တိုက်တွန်းလိုက်ချိန်မှာ COVID-19 ရောဂါကူးစက်သူသစ် ၁,၃၄၄ ဦး မနေ့က ထပ်တိုးပြီး သေဆုံးသူကလည်း ၂၂ ဦး ထပ်တိုးခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မနေ့ညက ထုတ်ပြန်ခဲ့ပါတယ်။
မနေန့ည ၈ နာရီ ထုတ်ပြန်ချက်အရ သေဆုံးသူတွေထဲမှာ ၁၈ ဦးက ရောဂါအခံရှိသူတွေဖြစ်ပြီး စစ်ဆေးဓာတ်ခွဲနမူနာပေါင်း ၁၇,၉၂၄ ခုကို စစ်ဆေးခဲ့တဲ့ထဲက ခုလိုတွေ့ရှိကာ ခုချိန်ထိ စုစုပေါင်း ဓာတ်ခွဲနမူနာပေါင်း ၁,၁၃၀,၀၀၀ ကျော် စစ်ဆေးခဲ့ပြီးပါပြီ။
စုစုပေါင်း သေဆုံးသူက ၁,၉၀၀ နီးပါးနဲ့ ကူးစက်ခံရသူပေါင်း ၈၈,၀၀၀ နီးပါးထိ ရှိနေချိန်မှာ ဆေးရုံဆင်းခွင့် ရရှိသူကလည်း မနေ့က ၁,၆၁၆ ဦး ရှိခဲ့တာကြောင့် ရောဂါပျောက်ကင်းသွားသူပေါင်းလည်း ၆၇,၆၀၀ နီးပါးအဖြစ် ၇၇ ရာခိုင်နှုန်းနီးပါး ရှိလာနေပါပြီ။
တရက်အတွင်း ရောဂါပိုးကူးစက်သူ အရေအတွက်ထက် ပျောက်ကင်းသွားသူ ပိုများလာတာက ရက်အတော်ကြာအတွင်း မနေ့က ပထမဆုံးဖြစ်ကာ ပိုးတွေ့နှုန်းကလည်း ၈ ရာခိုင်နှုန်းအောက် စကျလာပေမယ့် သေဆုံးနှုန်းကတော့ ၂ ရာခိုင်နှုန်းအထက်မှာ သိသိသာသာ လျော့မကျသေးပါဘူး။
တနေ့ သောကြာတုန်းက စုစုပေါင်း ပိုးတွေ့သူသစ် ၁,၄၂၈ ဦးမှာ ရန်ကုန်တိုင်းက အများဆုံးအဖြစ် ၈၆၅ ဦးနဲ့ ၁,၀၀၀ အောက် စပြန်ကျကာ မင်္ဂလာဒုံ၊ သင်္ဃန်းကျွန်းနဲ့ ရွှေပြည်သာမှာ အများဆုံးတွေ့ရပြီး မန္တလေးတိုင်းက ၂၁၂ ဦးနဲ့ ဒုတိယ၊ ပဲခူးတိုင်းက ၁၂၃ ဦးနဲ့ တတိယအများဆုံး ဆက်ဖြစ်ခဲ့ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-covid-stay-home/5680062.html

No comments:
Post a Comment