အလယ်အလတ်ကနေ အပြင်းအထန်အဆင့်အထိ ဖြစ်လာနိုင်တဲ့ လာနီညာ (La Niña) ရာသီဥတုဖြစ်စဉ် ပိစိဖိတ်သမုဒ္ဒရာထဲမှာ ဖြစ်ထွန်းနေပြီလို့ (World Meteorological Organization) WMO ကမ္ဘာ့မိုးလေဝသနဲ့ ဇလဗေဒအဖွဲ့ကြီးက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။
သဘာဝအရဖြစ်လာတဲ့ ဒီ လာနီညာ ရာသီဥတုဖြစ်စဉ်မှာ သမုဒ္ဒရာရဲ့ အပေါ်ယံရေမျက်နှာပြင်ဟာ နေရာ အကျယ်အပြန့်မှာ အေးလာပါတယ်။
၂၀၂၁ ခုနှစ် ပထမ သုံးလပတ်ကာလအထိ ကြာမြင့်နိုင်တဲ့ ဒီ လာနီညာဖြစ်စဉ်ကြောင့် တကမ္ဘာတဝန်း အပူချိန်တွေအပေါ် အေးတဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။
ဒါပေမဲ့ ၂၀၂၀ ခုနှစ်က ကမ္ဘာ့အပူဆုံးနှစ်တစ်နှစ် ဖြစ်လာဖို့ကိုတော့ လာနီညာက တားဆီးနိုင်မှာ မဟုတ်ပါဘူး။
လာနီညာဟာ ကမ္ဘာ့တောင်ခြမ်း အယ်လ်နီညို ဖြစ်စဉ်ကြီး (El Niño-Southern Oscillation - ENSO) ထဲမှာ ပါဝင်တဲ့ ဖြစ်စဉ် ၃ ခုထဲက တစ်ခုဖြစ်ပါတယ်။
အဲဒီဖြစ်စဉ် ၃ ခုဟာ ပူနွေးစေတဲ့ အယ်လ်နီညိုဖြစ်စဉ်၊ အေးစေတဲ့ လာနီညာဖြစ်စဉ်နဲ့အလယ်အလတ်ဖြစ်စဉ်တို့ ဖြစ်ပါတယ်။
လေပြင်း တိုက်ခတ်မှုတွေကြောင့် ပစိဖိတ်သမုဒ္ဒရာရဲ့ ပူနွေးတဲ့ ရေမျက်နှာပြင်ဟာ တောင်အမေရိကတိုက်ဘက်ကနေ အင်ဒိုနီးရှားနိုင်ငံဘက်ကို ရှေ့ရှု ရွေ့သွားချိန်မှာ လာနီညာ ဖြစ်ပေါ်လာတာပါ။
အဲဒီအခါ သမုဒ္ဒရာရဲ့ ရေနက်ပိုင်းက ရေအေးတွေ ပင်လယ်မျက်နှာပြင်ဆီကို တက်လာပါတယ်။
ဒီအပြောင်းအလဲကြောင့် ကမ္ဘာ့နေရာ အသီးသီးမှာ သိသာထင်ရှားတဲ့ ရာသီဥတု ပြောင်းလဲမှုတွေ ဖြစ်လာစေပါတယ်။
တကယ်လို့ လာနီညာ ဖြစ်စဉ်က ပြင်းထန်တယ်ဆိုရင် ယူကေနဲ့ ဥရောပ မြောက်ပိုင်းဒေသတွေမှာ မိုးများတဲ့ ဆောင်းရာသီနဲ့ ကြုံရနိုင်ပါတယ်။
ပုံမှန်အားဖြင့် လာနီညာ ကျရောက်ရင် အင်ဒိုနီးရှားနဲ့ သြစတြေးလျတို့လို နိုင်ငံမျိုးတွေမှာ ခါတိုင်းထက် မိုးပိုများနိုင်ပြီး အရှေ့တောင် အာရှဒေသက နိုင်ငံတွေမှာ မုတ်သုန်ရာသီ ပိုပြင်းထန်တတ်ပါတယ်။
ကနေဒါနဲ့ အမေရိကန်နိုင်ငံ မြောက်ပိုင်းမှာ ဆီးနှင်းပိုကျနိုင်ပြီး နှင်းမုန်တိုင်း တိုက်ခတ်နိုင်တဲ့ အခြေအနေမျိုးတွေအထိ ဖြစ်လာနိုင်ပါတယ်။
တစ်ချိန်တည်းမှာပဲ အမေရိကန်တောင်ပိုင်းမှာတော့ မိုးခေါင်ရေရှားမှုဒဏ်နဲ့ ရင်ဆိုင်ရနိုင်ပါတယ်။
ပြင်းထန်တဲ့ လာနီညာ ဖြစ်စဉ်တစ်ခုကို နောက်ဆုံး ကြုံခဲ့ကြရတာက ၂၀၁၀ - ၂၀၁၁ ခုနှစ်မှာပါ။
လာနီညာ ဖြစ်စဉ်အရ အခုနှစ်ကုန်ချိန်ကာလအထိ ပိစိဖိတ်သမုဒ္ဒရာ ရေမျက်နှာပြင် ဆက်ပူနွေးနေမယ့် အလားအလာ ၉၀ ရာခိုင်နှုန်းလောက် ရှိတယ်လို့ WMO က ဆိုပါတယ်။
လာနီညာ ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်လာမယ့်နှစ် ပထမ ၃ လပတ်ကာလ တစ်လျှောက်လုံးမှာ လာနီညာ ဆက်ဖြစ်နိုင်ခြေ ၅၅ ရာခိုင်နှုန်း ရှိနေပါတယ်။
ပုံမှန်အားဖြင့် လာနီညာဖြစ်စဉ်ကြောင့် ကမ္ဘာကို အေးလာစေတဲ့ သက်ရောက်မှု ရှိပေမယ့် ၂၀၂၀ ခုနှစ်မှာတော့ သိသာတဲ့ ပြောင်းလဲမှု ဖြစ်စေမှာမဟုတ်ပါဘူး။
"လာနီညာဟာ ကမ္ဘာတလွှားက အပူချိန်တွေကို အေးသွားစေတဲ့ စွမ်းအားရှိပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ ကမ္ဘာ့လေထုထဲမှာ ဖန်လုံအိမ်ဓာတ်ငွေ့ တွေ လှောင်ထားတဲ့ ပမာဏက အဲဒီစွမ်းအားထက် ပိုများနေပါတယ်"လို့ WMO က ဒေါက်တာ ပက်တာရီ တားလတ်စ် က ဆိုပါတယ်။
"ဒါကြောင့်မို့ ၂၀၂၀ ခုနှစ်ဟာ ကမ္ဘာ့အပူဆုံးနှစ်တွေထဲက တစ်နှစ်အဖြစ် ဆက်ရှိနေမှာ ဖြစ်ပြီး ၂၀၁၆ - ၂၀၂၀ ကာလဟာလည်း ကမ္ဘာ့အပူဆုံး ၅ နှစ်တာ ကာလ အဖြစ် စံချိန်တင်မယ်လို့ ခန့်မှန်းရပါတယ်"
"အခုဆိုရင် လာနီညာ ဖြစ်တဲ့ နှစ်တွေဟာ အရင်က ပြင်းထန်တဲ့ အယ်လ်နီညို ဖြစ်စဉ် ဖြစ်ခဲ့တဲ့ နှစ်တွေကထက်တောင် ပိုပူနွေးလာနေပါတယ်" လို့ သူက ပြောပါတယ်။
လာနီညာ ဖြစ်ထွန်းနေပြီလို့ ထုတ်ဖော် ကြေညာတာဟာ ကမ္ဘာတလွှားက အစိုးရတွေအနေနဲ့ သဘာဝဘေးအန္တရာယ် လျှော့ချ တားဆီးရေးနဲ့ စိုက်ပျိုးရေးကဏ္ဍလို အရေးပါတဲ့ နေရာတွေမှာ လိုအပ်တာတွေကို ကြိုတင် စီစဉ်နိုင်စေဖို့ ဖြစ်တယ်လို့ WMO ကပြောပါတယ်။
လာနီညာဖြစ်စဉ်ရဲ့ အရေးပါတဲ့ အချက်တစ်ချက်ကတော့ အတ္တလန်တိတ်သမုဒ္ဒရာ ဟာရီကိန်း မုန်တိုင်းရာသီ လက်ကျန်အပေါ် သက်ရောက်မှု ရှိလာနိုင်တဲ့ အချက်ပါ။
လာနီညာဖြစ်စဉ်ကြောင့် မြေပြင်နဲ့ လေထု အထက်ပိုင်းအကြားက လေဖိအားကို လျော့ကျစေ နိုင်ပါတယ်။ ဒီအတွက် ဟာရီကိန်းမုန်တိုင်းတွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်။
ဟာရီကိန်းရာသီဟာ နိုဝင်ဘာလ ၃၀ ရက်မှာ ပြီးဆုံးမှာ ဖြစ်ပြီး အခုရာသီအတွင်း မုန်တိုင်း ၁၉ ခုနဲ့ ၂၅ ခုအကြား တိုက်ခတ်နိုင်မယ်လို့ အမေရိကန် သမုဒ္ဒရာနဲ့ လေထုတိုင်းတာရေးဌာန (NOAA)က ခန့်မှန်းထားခဲ့ပေမယ့် လောလောဆယ်မှာ ဟာရီကိန်းမုန်တိုင်း ၁၇ ခုပဲ တိုက်ခဲ့ပါသေးတယ်။
BBC Burmese

No comments:
Post a Comment