ရှမ်းပြည်နယ်လွှတ်တော်ကို ဘယ်ပါတီဦးဆောင်မလဲ

ရှမ်းပြည်နယ်လွှတ်တော်

လက်နက်ကိုင် အဖွဲ့အစည်းတွေ ရှိပြီး မြန်မာနိုင်ငံရဲ့ ဧရိယာအကျယ်ဝန်းဆုံး ပြည်နယ်ဖြစ်တဲ့ ရှမ်းပြည်နယ်ရဲ့ ပြည်နယ်လွှတ်တော်နေရာတွေ အတွက် ရွေးကောက်ကြရာမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီက နေရာအများဆုံး အနိုင်ရခဲ့ပါတယ်။

ဒါပေမဲ့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ခန့်အပ်ရေးမှာ အခြားအနိုင်ရပါတီတွေရဲ့ ထောက်ခံမှု ရမှ NLD ပါတီက ကိုယ်စားလှယ်ကို လွှတ်တော်ဥက္ကဋ္ဌ ခန့်နိုင်တဲ့ အခြေအနေရှိနေပြီး တခြားပါတီတွေနဲ့ လက်တွဲပြီး ခန့် မခန့် ဆိုတဲ့ တွဲရေး ခွဲရေးကိစ္စဟာ လာမယ့် ရှမ်းပြည်နယ်လွှတ်တော် အခင်းအကျင်းရဲ့ စိတ်ဝင်စားစရာ အကြောင်းအရာ တစ်ခု ဖြစ်လာပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ်လွှတ်တော် မဲဆန္ဒနယ်တွေ အတွက် မြို့နယ် ၄၉ မြို့နယ် ကျင်းပခဲ့ပြီး ကိုယ်စားလှယ် ၉၈ နေရာ အတွက် ယှဉ်ပြိုင်ခဲ့ကြရာမှာ NLD ဟာ တခြား တိုင်းနဲ့ ပြည်နယ်တွေမှာလို မဟုတ်ဘဲ ရှမ်းပြည်နယ်မှာ မဲအပြတ်အသတ် အနိုင်မရခဲ့ပါဘူး။

အဲဒီ ကိုယ်စားလှယ်နေရာ ၉၈ နေရာမှာ NLD က ၂၉ နေရာနဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ၄ နေရာ ရပြီး ကျားခေါင်းပါတီလို့ လူသိများတဲ့ SNLD က ၂၆ နေရာနဲ့ ကြံ့ခိုင်ရေးပါတီက ၂၅ ‌နေရာ ရခဲ့ကြပါတယ်။

တအာင်းပလောင်အမျိုးသားပါတီ (TNP) က ၇ နေရာ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ PNO က ၇ နေရာ၊ WNP ဝအမျိုးသားပါတီက ၂ နေရာ၊ LNDP လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက ၂ နေရာ ၊ ကျားဖြူပါတီလို့ လူသိများတဲ့ SNDP က ၁ နေရာ၊ KNP ကယန်းအမျိုးသားပါတီက ၁ နေရာနဲ့ တစ်သီးပုဂ္ဂလက ၁ နေရာတို့လည်း အနိုင်ရရှိခဲ့ပါတယ်။

Shan Hluttaw

ဒါ့အပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်းတဲ့ တပ်မတော်သား ကိုယ်စားလှယ်က ၃၄ ဦးလည်း ရှိမှာ ဖြစ်ပါတယ်။ စုစုပေါင်း ရှမ်းပြည်နယ်လွှတ်တော်မှာ ကိုယ်စားလှယ် ၁၃၉ ဦးရှိပြီး၊ ၇၀ မဲ ရရှိတဲ့ဘက်က နှစ်သက်သူတစ်ဦးကို ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ခန့်အပ်နိုင်မှာ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ၈၄ ရာခိုင်နှုန်း နီးပါး အနိုင်ရရှိခဲ့တဲ့အတွက် ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ် ခန့်အပ်ရတဲ့ သမ္မတနဲ့ ဒုတိယသမ္မတကို NLD ပါတီက လိုလားသူကို ခန့်အပ်နိုင်ပါတယ်။

အလားတူ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနဲ့ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌတွေ ခန့်အပ်ရေးမှာလည်း NLD ပါတီက တင်မြှောက်သူကို ခန့်အပ်နိုင်တော့မှာပါ။

ဒါပေမဲ့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌတွေ ခန့်အပ်တဲ့နေရာမှာတော့ ရခိုင်၊ ကယားနဲ့ ရှမ်းပြည်နယ် တို့မှာ ထူးခြားမှုတွေ ရှိနေပါတယ်။

Rakhine Hluttaw

ရှမ်းပြည်နယ်လွှတ်တော်မှာ NLD ပါတီက အများဆုံး အနိုင်ရရှိထားပေမဲ့လည်း မဲခွဲဆုံးဖြတ်တဲ့အခါ အနိုင်ရဖို့ အတွက်ဆိုရင် ရှမ်းပြည်နယ်လွှတ်တော်မှာ အနိုင်ရရှိထားတဲ့ တခြားပါတီတွေနဲ့ ပေါင်းရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာလည်း ကြံ့ခိုင်ရေးပါတီက ရှမ်းပြည်နယ်လွှတ်တော် မဲဆန္ဒနယ်တွေမှာ အများဆုံးအနိုင်ရပေမဲ့ တပ်မတော်သားအစုအဖွဲ့နဲ့ ပေါင်းခဲ့လို့သာ ကြံ့ခိုင်ရေး ပါတီဝင်တစ်ဦးကို ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌအဖြစ် ခန့်အပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

NLD ပါတီအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အတွက် ၂၉ ဦးနဲ့ တိုင်းရင်းသားရေးရာ ဝန်ကြီး ၄ ဦး အနိုင်ရရှိထားတာပါ။ ပြည်နယ်လွှတ်တော်တွေမှာ တိုင်းရင်းသားရေးရာ ဝန်ကြီးတွေက မဲပေးခွင့် ရှိပါတယ်။ NLD ပါတီအနေနဲ့ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ခန့်အပ်နိုင်ရေး မဲခွဲတဲ့အခါ အနိုင်ရရှိရေး အတွက် ဆိုရင် ထောက်ခံမဲ ၇၀ ရဖို့ တခြားသော ပါတီတွေနဲ့ ပေါင်းရဖို့ ရှိလာနေပါတယ်။

NLD ပါတီနဲ့ SNLD ပါတီ နှစ်ခုပေါင်းပါက ၅၉ မဲ ရရှိမှာဖြစ်သလို ကြံ့ခိုင်ရေးပါတီနဲ့ တပ်မတော်သား အစုအဖွဲ့ ပေါင်းကလည်း ၅၉ ဦးရှိနေပါတယ်။

SNLD အနေနဲ့ NLD နဲ့လည်း မပေါင်း၊ ကြံ့ခိုင်ရေးနဲ့လည်း မပေါင်းဘဲ ကြားနေ နေလိုက်ရင်တော့ ရလဒ်က တစ်မျိုး ထွက်လာနိုင်ပါတယ်။

ရှမ်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌကို ရွေးချယ် တင်မြှောက်တဲ့အခါ NLD နဲ့ SNLD ပေါင်းပြီး မဲပေးတာမျိုး ဖြစ်ကောင်း ဖြစ်နိုင်ပေမဲ့ ( နိုဝင်ဘာလ ၂၀ ရက်အထိ ) မဆွေးနွေးရသေးဘူးလို့ SNLD ဒုတိယဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က ပြောပါတယ်။

SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဉ်

SNLD နဲ့ NLD နှစ်ပါတီပေါင်း မဲရလဒ်မှာ ကြံ့ခိုင်ရေးပါတီနဲ့ တပ်မတော်သား အစုအဖွဲ့ နှစ်ခုပေါင်း မဲရလဒ်နဲ့ တူညီနေတဲ့အတွက် ရှမ်းပြည်နယ် လွှတ်တော်မှာ အသာစီးရဖို့ဆိုရင် နှစ်ဖွဲ့စလုံးက တခြားသော အနိုင်ရပါတီတွေ နဲ့ ပေါင်းစည်းရဖို့လည်း ရှိနေပါတယ်။

အဲဒီလို အခြေအနေတွေ ရှိတဲ့ ရှမ်းပြည်နယ်လွှတ်တော် အခင်းအကျင်းနဲ့ ပတ်သက်လို့ "ကျွန်တော် ကံသေကံမ မပြောနိုင်ဘူး၊ PNO ကတော့ USDP ဘက်ကို ယိမ်းနိုင်တယ်၊ ပလောင်ကတော့ ပြောလို့မရဘူး၊ တာဘုန်းကျော်က ဆောင်းပါးတစ်ပုဒ်မှာ NLD ဘက်ကို ချီးကျူးပြီး ရေးတာတွေ ရှိတယ်၊ ဆိုရင် NLD ကိုပဲ ပေးမလား မပြောတတ်ဘူး" လို့ ဦးစိုင်းညွန့်လွင်က သူ့အမြင်ကို သုံးသပ် ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ PNO ပါတီဟာ ကြံ့ခိုင်ရေးပါတီနဲ့ မဟာမိတ်ဖြစ်ခဲ့ပါတယ်။

တကယ်လို့ တအာင်းပလောင်ပါတီက NLD ဘက်ကို မဲထည့်ပြီး၊ ပအိုဝ်းအမျိုးသားပါတီ PNO က ကြံ့ခိုင်ရေးဘက်ကို မဲထည့်ခဲ့ရင်လည်း ၇ ဦးစီ နိုင်ထားတာ တူတဲ့အတွက် ရလဒ်က တူနေဦးမှာပါ။

အဲဒီလို အခြေအနေဖြစ်နေတဲ့အချိန်မှာ နေရာအနည်းငယ်စီပဲရထားတဲ့ ပါတီတွေအားလုံး ဒါမှမဟုတ် PNO ပါတီကသာ NLD နဲ့ ပူးပေါင်းလိုက်ပါက ရှမ်းပြည်နယ်မှာ NLD ပါတီက လိုလားသူတစ်ဦး ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာဖို့ ရှိပါတယ်။

" ကိုးကန့်အနေနဲ့ ဘယ်သူနဲ့ ပေါင်းမလဲ ဆိုတာ သုံးသပ်ရ ခက်တယ်၊ ကျွန်တော်တို့ ပါတီအနေနဲ့လည်း မညှိနှိုင်းရသေးတဲ့ အတွက် လောလောဆယ် ဖြေလို့ မရသေးဘူး၊ ကျန်တဲ့ PNO အနေနဲ့ ၂၀၁၀ နဲ့ ၂၀၁၅ တုန်းက ကြံ့ခိုင်ရေးနဲ့ ပေါင်းတယ်၊ ဒီတစ်ကြိမ်က ဘယ်သူနဲ့ပေါင်းမလဲ မပြောတတ်ဘူး " လို့ တအာင်းပလောင်ပါတီ TNP ရဲ့ အတွင်းရေးမှူး ဦးမိုင်သိန်းဇော်က ပြောပါတယ်။

ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင်

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရ လက်ထက်မှာတော့ PNO ပါတီရဲ့ ဒုတိယဥက္ကဋ္ဌ ပင်လောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခွန်မောင်သောင်းကို ပြည်သူ့လွှတ်တော်ရဲ့ တိုင်းရင်းသားရေးရာနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ ဥက္ကဋ္ဌ အဖြစ် ခန့်အပ် တာဝန်ပေး ခဲ့ပါတယ်။

    ၂၀၂၀ ရွေးကောက်ပွဲရလဒ် ဘာတွေထူးခြားလဲ

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ပြည်လည် ဖော်ဆောင်ရေး ဗဟိုဌာနမှာလည်း ဦးခွန်မောင်သောင်းကို အဖွဲ့ဝင်အဖြစ် ထည့်သွင်းခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို PNO ဌာနချုပ်ရှိရာဆီ အလည်အပတ်ခရီး ဖိတ်ခေါ်ခဲ့ပြီး သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကာ ပအိုဝ်းခေါင်းဆောင် ဦးအောင်ခမ်းထီနဲ့လည်း တွေ့ဆုံခဲ့ကြပါတယ်။

PNO ပါတီအနေနဲ့ ကြံ့ခိုင်ရေးပါတီနဲ့ ဆက်ဆံရေးကောင်းသလို ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း မစိမ်းဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီနဲ့ မဟာမိတ်ဖြစ်ခဲ့ပေမဲ့ ၂၀၂၀ ရွေးကောက်ပွဲ မှာတော့ မဟာမိတ် မဟုတ်တော့ကြောင်း PNO ပါတီက ထုတ်ပြန်ခဲ့ပါတယ်။

မဟာမိတ်အဖြစ် သတ်မှတ်ထားစဉ် PNO ပါတီက ဝင်ပြိုင်တဲ့နေရာတွေမှာ ကြံ့ခိုင်ရေးပါတီက ဝင်မပြိုင်တာတွေ ရှိခဲ့ပေမဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာတော့ PNO ပါတီ ဝင်ပြိုင်တဲ့ နေရာအချို့မှာ ကြံ့ခိုင်ရေးပါတီက ဝင်ပြိုင်လာတာ တွေ့ရပါတယ်။

ရှမ်းပြည်နယ် နိုင်ငံရေး လေ့လာသူတွေရဲ့ သုံးသပ်မှုအရ ရှမ်းပြည်နယ်လွှတ်တော်မှာ NLD၊ SNLD နဲ့TNP ပါတီတို့ ပေါင်းနိုင်ပြီး PNO ပါတီလည်း NLD ဘက်ကို ပေါင်းစည်းလာနိုင်တယ်လို့ သုံးသပ်သူတွေ ရှိပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၂၅ ရက်မှာ PNO က NLD ပါတီက ဒီမိုကရေစီ ပြည်ထောင်စုအရေး ကမ်းလှမ်းထားတာကို တက်ကြွစွာ ပူးပေါင်းသွားမယ်လို့ ကြေညာလိုက်တဲ့အတွက် NLD ပါတီ ပိုအလားအလာ ကောင်းလာပါတယ်။

တကယ်လို့ NLD ၊SNLD ၊TNP နဲ့ PNO ပါတီလေးခု ပေါင်းလိုက်ရင် ရှမ်းပြည်နယ်လွှတ်တော်မှာ ၇၃ မဲ ရရှိမှာ ဖြစ်ပြီး ၅၀ ရာခိုင်နှုန်းကျော်ပြီ ဖြစ်လို့ သူတို့လေးပါတီက လိုလားသူတစ်ဦးကို လွှတ်တော် ဥက္ကဋ္ဌအဖြစ် တင်မြှောက်နိုင်မှာ ဖြစ်ပါတယ်။

ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ အနေနဲ့ ဥပဒေပြုရေး အပိုင်းမှာ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ တို့လောက် လုပ်ပိုင်ခွင့် မရှိပေမဲ့ ပြည်နယ် ဘတ်ဂျက် ခွဲဝေရေးမှာတော့ အရေးပါတဲ့သူ ဖြစ်ပါတယ်။

ဒါ့အပြင် ပြည်နယ်အစိုးရကို စောင့်ကြည့် ထိန်းကျောင်းနိုင်ပြီး ဥပဒေနဲ့မညီတဲ့ လုပ်ဆောင်မှုတွေအတွက် စွပ်စွဲ ပြစ်တင်တာတွေ လုပ်ဆောင်နိုင်ပါတယ်။

မြန်မာနိုင်ငံရဲ့ အကျယ်ဝန်းဆုံး၊ လက်နက်ကိုင် အဖွဲ့အစည်း အများဆုံး ရှိတဲ့ ပြည်နယ်မှာ ရှမ်းပြည်နယ် အစိုးရအဖွဲ့နဲ့ ရှမ်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ရာထူးဟာ တာဝန်ကြီးသလို့ လုပ်ပိုင်ခွင့်လည်း ရှိတဲ့ ရာထူးတွေပါ။

ဒီလို ရာထူးတွေအတွက် ရွေးချယ်တဲ့အခါ အများစု အနိုင်ရရှိထားတဲ့ NLD ပါတီအနေနဲ့ ဒေသခံ အနိုင်ရ ပါတီတွေ နဲ့ ညှိနှိုင်း ဆောင်ရွက်မှုတွေ လုပ်ရနိုင်ပါတယ်။

အဲဒီလို ညှိနှိုင်း ဆောင်ရွက်တဲ့အခါ တိုင်းရင်းသားပါတီတွေနဲ့ အဆင်ပြေရင် ရှမ်းပြည်နယ်လွှတ်တော်မှာလည်း NLD ပါတီက လိုလားသူတစ်ဦးကို လွှတ်တော်ဥက္ကဋ္ဌ ခန့်အပ်နိုင်မှာ ဖြစ်ပါတယ်။

အဲဒီလို ဖြစ်လာဖို့ကလည်း အပေးအယူတွေ ညှိနှိုင်းမှုတွေတော့ လုပ်ရဖို့ ရှိနေပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-55071565

ရှမ်းပြည်နယ်လွှတ်တော်ကို ဘယ်ပါတီဦးဆောင်မလဲ  ရှမ်းပြည်နယ်လွှတ်တော်ကို ဘယ်ပါတီဦးဆောင်မလဲ Reviewed by THITHTOOLWIN on 00:36 Rating: 5

No comments:

Powered by Blogger.