ဗြိတိန်နိုင်ငံဟာ ကမ္ဘာတလွှားမှာ COVID-19 ကူးစက်ခံရသူ တသန်းကျော်သွားတဲ့ နဝမမြောက်နိုင်ငံ ဖြစ်လာပါပြီ။
အမေရိကန် Johns Hopkins တက္ကသိုလ်က ကောက်ယူတဲ့ စစ်တမ်းအရ တနင်္ဂနွေနေ့ အစောပိုင်းမှာပဲ ဗြိတိန်နိုင်ငံမှာ ဒီရောဂါကူးစက်ခံရသူ ၁,၀၁၄,၇၉၄ ရှိပြီး သေဆုံးရသူက ၄ သောင်းခွဲကျော် ဖြစ်သွားခဲ့တာပါ။
ဒီရောဂါကူးစက်မှု ဒုတိယအချီ တိုးလာနေတာကြောင့် တနိုင်ငံလုံး အတိုင်းအတာနဲ့ Lockdown ချ ပိတ်ပင်ဖို့ တောင်းဆိုမှုတွေ သီတင်းပတ်နဲ့ချီ ကြာခဲ့တဲ့နောက် စနေနေ့ကတော့ ဗြိတိန်ဝန်ကြီးချုပ် Boris Johnson က ဥရောပဒေသတွင်း နိုင်ငံတွေဖြစ်တဲ့ ပြင်သစ်၊ ဂျာမနီနဲ့ ဘယ်လ်ဂျီယံတို့လိုပဲ တနိုင်ငံလုံး အတိုင်းအတာနဲ့ ပိတ်ပင်မှာဖြစ်ကြောင်း ပြောခဲ့တာပါ။
နိုဝင်ဘာ ၅ ရက် ကြာသပတေးနေ့မှာ စတင်မယ့် ဒီတားမြစ်မိန့်ဟာ တလကြာမြင့်မှာ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့မှာတော့ ဗြိတိန် ကက်ဘိနက်ရုံးဝန်ကြီး Michael Gove က အခုချမှတ်တဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ပိတ်ပင်မှုအမိန့်ဟာ အခြေနေပေါ်မူတည်ပြီး ဆက်လက်ထားရှိဖို့ ဖြစ်လာနိုင်တယ်လို့ Sky သတင်းဌာနရဲ့ မေးမြန်းခန်းမှာ ပြောပါတယ်။
“နိုင်ငံ့အကျိုးအတွက် ဆုံးဖြတ်ချက်ချတဲ့အခါမှာ ကျနော်တို့ရထားတဲ့ အကောင်းဆုံး အချက်လက် အထောက်ထား အချက်လက်တွေပေါ် မူတည်ပြီး အမြဲလုပ်ဆောင်ကြောင်းနဲ့ အခု တနိုင်ငံလုံး အတိုင်းအတာနဲ့ Lockdown ချတာအတွက် အချိန်တိုးမြှင့် ချမှတ်တာမျိုး ရှိလာနိုင်ကြောင်း” ပြောပါတယ်။
ဗြိတိန်နိုင်ငံလို ဒီရောဂါ ကူးစက်ခံရသူ တသန်းကျော်တဲ့ နိုင်ငံတွေကတော့ အမေရိကန်၊ အိန္ဒိယ၊ ဘရာဇီးလ်၊ ရုရှား၊ ပြင်သစ်၊ စပိန်၊ အာဂျင်တီးနား၊ ကိုလံဘီယာနိုင်ငံတွေ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံမှာ တနင်္ဂနွေနေ့အထိဆို ဒီရောဂါ ကူးစက်ခံရသူ ၉ သန်းကျော်ရှိပြီး သေဆုံးရသူက ၂၃၀,၀၀၀ ကျော် ရှိနေတာပါ။ တနင်္ဂနွေနေ့မှာ ကမ္ဘာတလွှား COVID-19 ကူးစက်သူ ၄၆ သန်းကျော် ရှိနေပြီး သေဆုံးရသူက ၁.၂ သန်း ရှိနေပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/britain-coronavirus/5644660.html

No comments:
Post a Comment