မြန်မာနိုင်ငံမှာ ကပ်ရောဂါကူးစက်မှု အန္တရာယ်ကို ကာကွယ်ထိန်းချုပ်နိုင်ဖို့ မလိုအပ်ပဲ ခရီးမသွားကြဖို့နဲ့ လူစုလူဝေး၊ အပျော်အပါးတွေကို ရှောင်ကြဉ်ဖို့ တာဝန်ရှိသူတွေ သတိပေးနေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက တင်ဆက်ပေးမှာပါ။
ကိုဗစ်ကူးစက်သူဦးရေ တိုးလာနေတာကြောင့် ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေရချိန်မှာ နောက်ထပ်ကူးစက်မှုတွေ ဖြစ်လာနိုင်တဲ့ အခြေအနေကို ရှောင်ရှားကြဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တိုက်တွန်းလိုက်တာပါ။ မကြာခင် ပွင့်လင်းရာသီရောက်လာတော့မှာဖြစ်သလို၊ ရုံးပိတ်ရက်ရှည် ကာလတွေမှာ မလိုအပ်ရင်ခရီးမထွက်ကြဖို့နဲ့ လူစုလူဝေးပွဲလမ်းသဘင်တွေ မလုပ်ကြဖို့လည်း သတိပေးထားပါတယ်။ ရောဂါကူးစက်မှုကို ထိန်းချုပ်ဖို့ ကြိုးစားနေချိန်မှာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ တိုက်တွန်းချက်ကို လိုက်နာကြဖို့လည်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ပြောခွင့်ရ၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက VOA ကိုပြောပါတယ်။
" မဖြစ်မနေကလွဲပြီးတော့ ခရီးမထွက်ဖို့၊ ပိတ်ရက်တွေမှာဆိုရင် ကိုယ့်မိသားစုဝင်တွေပဲ စုဝေးတာက ပြဿနာမရှိပေမယ့်၊ ရုံးပိတ်ရက်တွေ အားလပ်ရက်တွေစုံတဲ့အခါမှာဆိုရင် အနယ်နယ်အရပ်ရပ်မှာရောက်နေတဲ့ မိသားစုဝင်တွေကလည်း အိမ်လာကြတယ်၊ အဲဒီအခါ ပွဲတော်တွေလုပ်ကြတယ်၊ စုပေါင်းစားကြတယ်။ ဒါမျိုးတွေဟာဆိုရင် အသက်ကြီးတဲ့သူတွေ၊ နောက်ခံရောဂါရှိတဲ့သူတွေကို မပါဝင်စေဖို့၊ သီးခြားထားဖို့လိုတယ်။ သူတို့က ပိုအန္တရာယ်ရှိတာပါ။ အရင်တုန်းကလို နှစ်သစ်ကူး Count Down တို့၊ နှစ်သစ်ကူး One Man Show တို့၊ နှစ်သစ်ကူးပွဲတော်တွေ ဘာတွေ မလုပ်ရတော့ပါဘူး။ ဒါမျိုးတွေအစား ပြည်သူလူထုကို တခြားသောဖျော်ဖြေရေးတွေနဲ့ ရုပ်မြင်သံကြား ရုပ်သံလိုင်းတွေကနေ လုပ်မယ်ပေါ့နော်။ "
လာမယ့် ဒီဇင်ဘာလမှာကျရောက်မယ့် ခရစ္စမတ်နဲ့ နှစ်သစ်ကူးနေ့တွေမှာ ဘုရားကျောင်းတွေမှာ ဝတ်ပြုဆုတောင်းဖို့အတွက် လူ ၅၀ ထက်မပိုစေတဲ့အရေအတွက်ကို ခွင့်ပြုနိုင်ဖို့အပါအဝင်၊ ပြည်သူတွေအတွက် ဖျော်ဖြေရေးအစီအစဉ်တွေကို ရုပ်မြင်သံကြား ရုပ်သံလိုင်းတွေကနေ ထုတ်လွှင့်ပေးဖို့ကို ကိုဗစ်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှာ ဆွေးနွေးထားတာပါ။ ကပ်ရောဂါနဲ့ပတ်သက်ပြီး ချမှတ်ထားတဲ့စည်းမျဉ်းတွေကို ပြည်သူတွေအနေနဲ့ စနစ်တကျလိုက်ပါဆောင်ရွက်ပေးဖို့ကိုလည်း ဒေါက်တာခင်ခင်ကြီးက သတိပေးပါတယ်။
" ဒီကပ်ရောဂါကာကွယ် ထိန်းချုပ်တဲ့နေရာမှာ ကျမတို့သည် တဦးကောင်း တယောက်ကောင်း ဆောင်ရွက်လို့မရပါဘူး။ မိသားစုတစုမှာ အဖေနဲ့အမေရဲ့ ဦးဆောင်မှုနောက်မှာ သားသမီးတွေက အင်တိုက်အားတိုက်ထပ်ကြပ်မကွာ လိုက်ပါဆောင်ရွက်မှ ဒီမိသားစုကအောင်မြင် တိုးတက်မှာဖြစ်ပါတယ်။ လုပ်ချင်သလို လုပ်နေလို့ရှိရင် ကျမတို့နိုင်ငံရောဂါကာကွယ် ထိန်းချုပ်ရေးက တော်တော်နဲ့မရပ်ပဲနဲ့ ကြာနေမှာဖြစ်ပါတယ်။ ကြာလေလေ နိုင်ငံရဲ့စီးပွားရေးတွေ ဆုတ်ယုတ်လေလေ၊ တဦးတယောက်ချင်းစီရဲ့ ဝင်ငွေရရှိမှုအခွင့်အလမ်းတွေလည်း နည်းပါးလေလေဖြစ်ပါတယ်။ "
ကိုဗစ်ရောဂါသံသယရှိသူတွေနဲ့ တခြားနာမကျန်းဖြစ်သူတွေ ကပ်ရောဂါကာလမှာ ကျန်းမာရေးကုသမှုခံယူဖို့အတွက် ဖွင့်လှစ်ထားတဲ့ ဖျားနာကုဆေးခန်းတွေကိုလည်း ထပ်တိုးချဲ့နေပြီး ပြည်သူတွေဘက်က ကပ်ရောဂါစည်းမျဉ်းတွေကိုသာ လိုက်နာပေးဖို့ကိုလည်း ရန်ကုန်တိုင်း ဖျားနာကုအခမဲ့ဆေးခန်းတွေရဲ့ တာဝန်ခံ ဒေါက်တာကျော်မင်းထွန်းက တောင်းဆိုထားပါတယ်။
" Fever Clinic မြို့နယ်တော်တော်များများမှာ ဖွင့်ထားတယ်။ နောက်ထပ်ဖွင့်ဖို့လည်း အစီအစဉ်တွေဆွဲထားတယ်။ အခု မြောက်ဒဂုံမှာ Fever Clinic အသစ်တခု ထပ်ဖွင့်မယ်။ ဒီမြောက်ဒဂုံပြီးသွားရင် နောက်တခုလည်း Target ထားထားတာ ဒဂုံဆိပ်ကမ်းမြို့နယ်အတွက်ကို ယုဇနဥယျာဉ်မြို့နယ် Cover ဖြစ်အောင်ပေါ့နော်။ အဲလိုဖွင့်နိုင်အောင်လည်း ကျနော်တို့ကြိုးစားနေတယ်။ အဓိကတော့ ကျနော်တို့ဘက်ကနေ ပြည်သူလူထုတွေအတွက်ကို နေရာစုံ ထောင့်စုံ အဖက်ဖက်ကနေ ရန်ကုန်တိုင်းကျန်းမာရေးနဲ့ ဝန်ကြီးတို့ပူးပေါင်းပြီးတော့ အကောင်းဆုံးဆောင်ရွက်ထားတယ်။ Quarantine Center တွေလည်း တိုးချဲ့ထားတယ်။ အနံ့ပျောက်သူတွေကိုထားဖို့ နေရာလည်းတိုးချဲ့ထားတယ်ပေါ့နော်။ အဓိကတော့ ပြည်သူလူထုတွေဘက်ကနေ စည်းကမ်းလိုက်နာဖို့လေးပဲ အကြံပြုချင်ပါတယ်။
ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနရဲ့ ဒီကနေ့မွန်းလွဲပိုင်း ထုတ်ပြန်ပြီးချိန်အထိ မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၁,၆၇၆ ဦးနဲ့ ကူးစက်သူ အတည်ပြုလူနာ ၇၄,၈၈၂ ဦးရှိပါတယ်။ ဗိုင်းရပ်စ်ပိုးတွေရဲ့ သဘာဝအရ အေးခဲတဲ့အချိန်မှာ ရောဂါကူးစက်မှုအန္တရာယ် ပိုဖြစ်စေနိုင်လို့ ဆောင်းတွင်းကာလမှာလည်း ရောဂါပိုးကူးစက်မှု သတိရှိကြဖို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက သတိပေးထားပါတယ်။
စုစု/VOA (Burmese)
https://burmese.voanews.com/a/covid-prevention-dr-khin-khin-gyi/5670249.html

No comments:
Post a Comment