ကိုဗစ် ကာကွယ်ဆေး- တရုတ်ကိုဗစ်ကာကွယ်ဆေး အောင်မြင်မှုတွေ့ရ

A Covid-19 vaccine

တရုတ်နိုင်ငံမှာ ထုတ်လုပ်တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးတစ်ခုဟာ ဆေးစပ်သပ်မှု အလယ်ပိုင်းအဆင့်မှာ အောင်မြင်မှုတွေ့ရတယ်လို့ သုတေသီတွေက ပြောပါတယ်။

တရုတ်နိုင်ငံမှာ ကာကွယ်ဆေးတွေ စမ်းသပ်ထုတ်လုပ်နေပြီး အဲဒီထဲက တချို့ကို လူနာတွေမှာ သုံးစွဲနေပြီ ဖြစ်ပါတယ်။

ဆိုင်နိုဗက် ဘိုင်အိုတက် Sinovac Biotech ကာကွယ်ဆေးဟာ ကိုယ်ထဲက ခုခံအား မြန်မြန်ဆန်ဆန် ထွက်လာစေတယ်ဆိုတာကို လူ ၇၀၀ လောက် နဲ့ စမ်းသပ်မှုမှာ တွေ့ခဲ့ရတယ်လို့ သုတေသီတွေရဲ့ အဆိုအရ သိရပါတယ်။

လူအများအပြားနဲ့ စမ်းသပ်ခဲ့တဲ့ ဥရောပနဲ့ အမေရိကန် ကာကွယ်ဆေးတွေရဲ့ အောင်မြင်မှု အချက်အလက်တွေ ထွက်လာပြီးနောက် ဒီကြေညာချက် ထွက်လာတာပါ။

အမေရိကန်၊ ဂျာမနီနဲ့ ရုရှားနိုင်ငံတို့က ထုတ်လုပ်တဲ့ ကာကွယ်ဆေး သုံးခုရဲ့ ဆေးထိရောက်မှု အချက်အလက်တွေကို ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။

ဒီဆေးတွေကို လူသောင်းဂဏန်းနဲ့ စမ်းသပ်ခဲ့ပြီးနောက် ဆေးထိရောက်မှု ၉၀ ရာခိုင်နှုန်းမက ရှိတယ်ဆိုတာကို ထုတ်ပြန်ခဲ့ကြပါတယ်။

တရုတ်ကာကွယ်ဆေးအကြောင်း ဘယ်လောက်သိလဲ

တခြားကမ္ဘာ့နိုင်ငံတွေလိုပဲ တရုတ်ကလဲ ကိုဗစ်ကာကွယ်ဆေး ယှဉ်ပြိုင်ထုတ်လုပ်နေပြီး ဆေးလေးမျိုးက တတိယနဲ့ နောက်ဆုံးအဆင့် စမ်းသပ်မှုကို ရောက်နေပါပြီ။

အဲဒီထဲက တစ်ခုက ဆိုင်နိုဗက် ဘိုင်အိုတက် Sinovac Biotech က ထုတ်တဲ့ဆေးပါ။

ဒါပေမဲ့ The Lancet သိပ္ပံဂျာနယ်မှာ ဖော်ပြတဲ့ ရလဒ်တွေက အဲဒီဆေးမျိုးထဲက တစ်ခုရဲ့ ပထမနဲ့ ဒုတိယ အဆင့် စမ်းသပ်မှုတွေ ရလဒ်တွေပဲ ရှိပါသေးတယ်။

တရုတ်ကိုဗစ် ကာကွယ်ဆေး လူအများအပြားနဲ့ စမ်းသပ်မှုကို နိုင်ငံပြင်ပမှာ လုပ်ကိုင်နေ

အဲဒီဖော်ပြမှုအရ ဆိုင်နိုဗက် ဘိုင်အိုတက်ရဲ့ ကာကွယ်ဆေးဟာ ခုခံအား မြန်မြန်ထုတ်ပေးစေတယ်လို့ ဆိုပါတယ်။ အဲဒီစမ်းသပ်မှုကို ဒီနှစ် ဧပြီနဲ့ မေလမှာ စမ်းသပ်ခဲ့တာ ဖြစ်ပြီး ကာကွယ်ဆေးရဲ့ အောင်မြင်မှုနှုန်းထားကိုတော့ ဖော်ပြထားတာ မတွေ့ရပါဘူး။

အဲဒီစာစောင်ရဲ့ စာရေးသူတစ်ယောက်ဖြစ်တဲ့ ကျူဖုန်ခိုင်က ဒီရလဒ်တွေဟာ ပါဝင်စမ်းသပ်သူ ၁၄၄ ယောက် ကို ပထမအဆင့် စမ်းသပ်မှုနဲ့ လူ ၆၀၀ ကို ဒုတိယအဆင့် စမ်းသပ်မှုမှာ အခြေခံထားတဲ့ ရလဒ်တွေ ဖြစ်ပြီး အဲ ဒါက ဒီဆေးကို အရေးပေါ်သုံးဖို့ သင့်တော်တယ်လို့ ဆိုလိုတာဖြစ်တယ်လို့ ပြောပါတယ်။

လူအများအပြားနဲ့ စမ်းသပ်ဆဲ တတိယအဆင့် စမ်းသပ်မှုရဲ့ အချက်အလက်တွေကိုတော့ အခုထိ ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

တရုတ်မှာ ကိုဗစ်ကို ထိန်းချုပ်ထားနိုင်သလောက် အခြေအနေလို့ ထုတ်ပြန်ထားပြီး တရုတ်ကာကွယ်ဆေးလေးမျိုးကို လူအများအပြားနဲ့ စမ်းသပ်နေမှုကိုတော့ ပါကစ္စတန်၊ ဆော်ဒီအာရေဘီးယား၊ ရုရှား၊ အင်ဒိုနီးရှားနဲ့ ဘရာဇီး နိုင်ငံတို့မှာ စမ်းသပ်နေပါတယ်။

လူပေါင်း ခြောက်သောင်းနီးပါးကို နိုဝင်ဘာ အစောပိုင်းမှာ ကာကွယ်ဆေး ထိုးခဲ့တယ်လို့ တာဝန်ရှိသူတွေရဲ့ အဆိုအရ သိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ ဘရာဇီးမှာ ဆိုင်နိုဗက် ဘိုင်အိုတက် ကာကွယ်ဆေး စမ်းသပ်မှုကို ခဏ ရပ်ထားခဲ့ရပါတယ်။ ဒါပေမဲ့ စေတနာ့၀န်ထမ်း စမ်းသပ်ခံသူ တစ်ယောက် သေဆုံးမှုဟာ ကာကွယ်ဆေးနဲ့ ပတ်သက်မှု မရှိတဲ့အတွက် စမ်းသပ်မှုကို ပြန်စခဲ့ပါတယ်။

တရုတ်မှာ အရေးပေါ်ကာကွယ်ဆေး အစီအစဥ်အရ မဖြစ်မနေ အလုပ်လုပ်ကြရတဲ့ အလုပ်သမားတွေကို ကာကွယ်ဆေး အနည်းဆုံး သုံးခု ပေးထားပြီး ဖြစ်ပါတယ်။ တစ်ခုကိုတော့ တရုတ်စစ်တပ်အတွက် ဇွန်လမှာ ခွင့်ပြုခဲ့ပါတယ်။

တခြားကာကွယ်ဆေးတွေနဲ့ ဘာကွာလဲ

ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ အလားအလာကောင်းတဲ့ ကာကွယ်ဆေး သတင်းတွေ ကမ္ဘာတစ်ဝန်း ထွက်ပေါ်လာပါတယ်။

ပထမတစ်ခုက ဂျာမနီ-အမေရိကန်ထုတ် ဖိုင်ဇာနဲ့ဘိုင်အွန်တက် ဆေးဖြစ်ပြီး အဲဒီဆေးက ၉၀ ရာခိုင်နှုန်းကျော် ထိရောက်မှု ရှိတယ်လို့ လူ ၄၃၀၀၀ ကျော်မှာ စမ်းသပ်ထားတဲ့ နောက်ဆုံးအဆင့် ရလဒ်ကို အခြေခံပြီး ဖော်ပြပါတယ်။

အဲဒီနောက် အမေရိကန် ကုမ္ပဏီ မိုဒါးနားက နောက်ဆုံးအဆင့် စမ်းသပ်မှုအရ သူတို့ဆေးက ၉၅ ရာခိုင်နှုန်းနီးပါး ကာကွယ်နိုင်တယ်လို့ ပြောပါတယ်။

အဲဒီဆေးနှစ်ခုစလုံးရဲ့ ရလဒ်တွေဟာ စမ်းသပ်ခံသူအားလုံးကို စမ်းသပ်မှု မပြီးခင် အကြိုရရှိတဲ့ ရလဒ်တွေ ဖြစ်ပြီး ဒီဆေးနှစ်ခုစလုံး သုံးစွဲခွင့်ပြုချက်တော့ မရသေးပါဘူး။

အဲဒါအပြင် ရုရှား ကိုဗစ် ကာကွယ်ဆေးကလည်း စေတနာ့ဝန်ထမ်း စမ်းသပ်ခံသူ တစ်သောင်းခြောက်ထောင်ကို စမ်းသပ်ပြီးနောက် ၉၂ ရာခိုင်နှုန်း ထိရောက်တယ်လို့ ထုတ်ပြန်ထားပါတယ်။ အဲဒီဆေးကို ရုရှားမှာ အရေးပေါ် သုံစွဲခွင့်အတွက် သြဂုတ်လမှာ ခွင့်ပြုချက်ပေးထားပြီး ဖြစ်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/world-54988735

ကိုဗစ် ကာကွယ်ဆေး- တရုတ်ကိုဗစ်ကာကွယ်ဆေး အောင်မြင်မှုတွေ့ရ  ကိုဗစ် ကာကွယ်ဆေး- တရုတ်ကိုဗစ်ကာကွယ်ဆေး အောင်မြင်မှုတွေ့ရ Reviewed by THITHTOOLWIN on 23:52 Rating: 5

No comments:

Powered by Blogger.