ဆောင်းတွင်းမှာ ကူးစက်မှုတိုးနိုင်လို့ မလိုအပ်ဘဲ အိမ်ပြင်မထွက်ဖို့ ကျန်းမာရေးဝန်ကြီးဌာန တိုက်တွန်း

ရန်ကုန်မြို့က ကိုဗစ်-၁၉ သံသယလူနာများအား စောင့်ကြည့်ရေးစခန်းများကို ပို့ဆောင်ပေးနေကြသော PPE ကာကွယ်ရေးဝတ်စုံပြည့် ဝတ်ဆင်ထားသည့် စေတနာ့ဝန်ထမ်းများ။

Photo: AFP

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်တားဆီးနိုင်ရေးအတွက် မလိုအပ်ရင် အိမ်ပြင်မထွက်ဘဲ နေအိမ်မှာ အတတ်နိုင်ဆုံးနေကြဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့တိုက်တွန်းလိုက်ပါတယ်။ ရွေးကောက်ပွဲအပြီး လူစုလူဝေးတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် ကိုဗစ်ရောဂါကူးစက်မှုနှုန်းတွေ နေ့စဉ်ပြန်မြင့်လာနေတဲ့အချိန်မှာ အခုလိုတိုက်တွန်းလိုက်တာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်အတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ တော်တော်လေးလျှော့ကျသွားပေမယ့် အခုရက်ပိုင်း တနေ့ကို လူနာသစ် ၁၆၀၀ နီးပါးအထိ ပြန်တိုးလာတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဆောင်းရာသီကူးပြောင်းချိန် ဖြစ်တာမို့ ရောဂါပြန့်ပွားမှု ပိုဖြစ်နိုင်တယ်လို့လည်း ကျန်းမာရေးဌာနက သတိပေးပါတယ်။ မလိုအပ်ဘဲ ခရီးသွားတာ၊ လူစုလူဝေးတွေလုပ်တာ ရှောင်ကြဖို့နဲ့ မဖြစ်မနေ အပြင်ထွက်ရရင် နှာခေါင်းစည်းတပ်ဖို့လည်း ဆိုထားပါတယ်။

နောက်တစ်ပတ် နှစ်ပတ်အတွင်းမှာ ရောဂါကူးစက်မှုနှုန်းတွေ တက်လာနိုင်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၁၆ ရက်နေ့က ပြောကြားတဲ့ မိန့်ခွန်းမှာ သတိပေးထားပါတယ်။ နိုဝင်ဘာလ (၂၁)ရက်နေ့ကနေ ဒီဇင်ဘာလ(၅) ရက်နေ့အထိ နေအိမ်မထွက်ရအမိန့် ထုတ်ပြန်ဖို့ Covid-19 ကာကွယ်ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီအစည်းအဝေးမှာ ဆွေးနွေးခဲ့ကြပေမယ့် ဘယ်တိုင်းဒေသတွေမှာ ဒီအမိန့်ထုတ်ပြန်မယ်ဆိုတာကို အစိုးရကမကြေညာသေးပါဘူး။

ဒီဇင်ဘာလထဲမှာ ကျရောက်မယ့် ခရစ်စမတ်နဲ့ နှစ်သစ်ကူးပွဲတော်ရက်တွေမှာ လူ ၅၀ ထက်မပိုဘဲ ဘုရားကျောင်းတွေမှာ ဝတ်ပြု ဆုတောင်းခွင့်ရှိမယ်လို့ အဲ့ဒီအစည်းအဝေးမှာ ဆွေးနွေးခဲ့ကြပါတယ်။ ဘုရားပုထိုးစေတီတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဗလီနဲ့  ခရစ်ယာန်ဘုရားကျောင်းတွေမှာ တလလေးကြိမ် ဥပုသ်သီလဆောက်တည်နိုင်၊ ဝတ်ပြုဆုတောင်းနိုင်ပေမယ့် လူ ၃၀ ထက်မပိုရလို့ သတ်မှတ်ဖို့ရှိပါတယ်။  

မြန်မာနိုင်ငံမှာ လက်ရှိအချိန်ထိ ရောဂါကူးစက်ခံရတဲ့သူ စုစုပေါင်း (၇၄၈၈၂) ယောက် ရှိသွားပြီဖြစ်ပြီးတော့ ပြန်လည်သက်သာလာတဲ့သူက စုစုပေါင်း ၅၅၆၃၃ ယောက် ရှိပါပြီ။


RFA Burmese

https://www.rfa.org/burmese/news/coronavirus-cases-in-myanmar-11192020181823.html

ဆောင်းတွင်းမှာ ကူးစက်မှုတိုးနိုင်လို့ မလိုအပ်ဘဲ အိမ်ပြင်မထွက်ဖို့ ကျန်းမာရေးဝန်ကြီးဌာန တိုက်တွန်း ဆောင်းတွင်းမှာ ကူးစက်မှုတိုးနိုင်လို့ မလိုအပ်ဘဲ အိမ်ပြင်မထွက်ဖို့ ကျန်းမာရေးဝန်ကြီးဌာန တိုက်တွန်း Reviewed by THITHTOOLWIN on 00:02 Rating: 5

No comments:

Powered by Blogger.