နေပြည်တော် ၂၄ နိုဝင်ဘာ
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံရပ်ကွက်၊ (၂၁)ရပ်ကွက်နေ မသိင်္ဂီဝင်း (၃၉)နှစ်အား နိုဝင်ဘာ ၂၃ ရက်က ရွှေပေါက်ကံနယ်မြေရဲစခန်း (ပ)၇၀၇၀/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ လွန်ခဲ့သော ၄ လခန့်က ဦးအောင်လေး (ခ) ဦးထင်လင်းသည် ၎င်း၏သမီး မဇူးဇူး(၂)နှစ်အား သူငယ်ချင်းဖြစ်သူ မျိုးခိုင်နှင့် မသိင်္ဂီဝင်းတို့၏အိမ်တွင် အပ်နှံထားခဲ့ကြောင်း၊ နိုဝင်ဘာ ၂၂ ရက် မွန်းလွဲ ၂ နာရီ ၅၀ မိနစ်က မဇူးဇူးသည် အတက်ရောဂါဖြင့် နေအိမ်ကြမ်းပြင်၌ မှောက်လျက်လဲကျ၍ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့ကြောင်း၊ အဆိုပါသေဆုံးမှုအား ရွှေပေါက်ကံနယ်မြေရဲစခန်း၌ သေမှုသေခင်းဖြင့် ရေးဖွင့်ဆောင်ရွက်ခဲ့ရာမှ နိုဝင်ဘာ ၂၃ ရက် နံနက် ၁၀ နာရီခွဲက မဇူးဇူး၏ အလောင်းအား ရင်ခွဲစစ်ဆေးချက်အရ ဝဲဘက်နံရိုး ၅ ချောင်းကျိုး၊ ဦးခေါင်းသွေးယိုစိမ့် ဒဏ်ရာများဖြင့် သေဆုံးခြင်းဖြစ်ကြောင်း သိရှိရ၍ မသိင်္ဂီဝင်းအား စစ်မေးရာ နိုဝင်ဘာ ၂၂ ရက် နံနက် ၉ နာရီက မဇူးဇူးမှာ ငိုယိုနေသဖြင့် ဒေါသဖြစ်ကာ သနပ်ခါးတုံးဖြင့် ရိုက်နှက်ခဲ့ပြီး ဆက်လက်ငိုနေသဖြင့် ဆောင့်တွန်းစဉ် သစ်သားခုံစောင်းဖြင့် ဦးခေါင်းအား ထိခိုက်မိကာ သေဆုံးခြင်းဖြစ်ကြောင်း သိရှိရသောကြောင့် အမှုဖြင့် အရေးယူထားခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
ရဲပြန်ကြား
Myanmar Digital News

No comments:
Post a Comment