အသက် ၉၀ အရွယ် ဆာဘွဲ့ရ မင်းသားကြီး ရှောန် ကွန်နရီ ကွယ်လွန်သွားပြီ ဆိုတာကို သူ့မိသားစုက ပြောပါတယ်။
စကော့တစ်ရှ်လူမျိုး ရှောန် ကွန်နရီကို ဂျိမ်းစ်ဘွန်း မင်းသားအဖြစ် လူသိများကြပါတယ်။ သူဟာ ဂျိမ်းစ်ဘွန်းရုပ်ရှင်ရဲ့ ပထမဆုံး မင်းသားဖြစ်ပြီး ဂျိမ်းစ်ဘွန်း ရုပ်ရှင်ကားပေါင်း ၇ ကားမှာ ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။
ရုပ်ရှင်လောကမှာ ဆယ်စုနှစ်ပေါင်းများစွာ ကျင်လည်ခဲ့တဲ့ ရှောန် ကွန်နရီဟာ Oscar ဆု တစ်ဆု၊ Bafta ဆုနှစ်ဆု၊ Golden Globes ဆု ၃ ဆု အပါအဝင် ရုပ်ရှင်ထူးချွန်ဆု အများအပြား ဆွတ်ခူးခဲ့ပါတယ်။
သူဟာ 007 စုံထောက်ကားတွေမှာ အကောင်းဆုံး မင်းသားအဖြစ် အများက သတ်မှတ်ထားပါတယ်။ စစ်တမ်းတွေအရလည်း သူ့ကို အကောင်းဆုံး ဂျိမ်းစ်ဘွန်း မင်းသား အဖြစ် မဲပေးခဲ့ကြပါတယ်။
၁၉၈၈ ခုနှစ်မှာ The Untouchables ရုပ်ရှင်ကားမှာ အိုင်းရစ်ရှ်လူမျိုး ရဲတစ်ဦးအဖြစ် အကောင်းဆုံး ဇာတ်ပို့ Oscar ဆုကို ဆွတ်ခူးခဲ့ပါတယ်။
၂၀၀၀ ခုနှစ်မှာတော့ ဗြိတိသျှ ဘုရင်မကြီးက Holyrood နန်းတော်မှာ သူ့ကို ဆာဘွဲ့ ချီးမြှင့်ခဲ့ပါတယ်။
သြဂုတ်လတုန်းက ရှောန် ကွန်နရီဟာ သူ့ရဲ့ အသက် ၉၀ ပြည့်မွေးနေ့ကို ကျင်းပခဲ့ပါတယ်။
BBC Burmese

No comments:
Post a Comment