ကိုဗစ်ထိရောက်တယ်ဆိုတယ်ဆိုတဲ့ တရုတ်တိုင်းရင်းဆေးတောင့် ဆရာဝန်တွေ ဘာပြောလဲ

ဆေးတစ်ကတ်ကို စျေးကွက်မှာ ကျပ် သုံး၊လေးထောင်နဲ့ ရောင်းချနေကြ

တရုတ်တိုင်းရင်းဆေး တစ်မျိုးဖြစ်တဲ့ လီယန်ဟွာချင်းဝမ်ဆိုတဲ့ ဆေးတောင့်တစ်မျိုး အခုရက်ပိုင်း ဖေ့ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ရောင်းချတာတွေ၊ မှာယူတာတွေ လုပ်လာပြီး ရောင်းချသူတွေဘက်က ကိုဗစ်ကုသရာမှာ ပျောက်ကင်းတယ်ဆိုပြီး အဓိက ပြောဆိုနေကြပါတယ်။

ဒီလို လိုက်လံဝယ်ယူနေတဲ့ဆေးတွေဟာ တရားဝင်တယ်လို့ ညွှန်ကြားထားတာ မရှိသေးသလို အခုလက်ရှိ အခြေအနေမှာလည်း ကိုဗစ်ကုသဆေးနဲ့ ပတ်သက်လို့ WHO က တရားဝင် ထုတ်ပြန်ထားတာလည်း မရှိသေးပါဘူး။

အွန်လိုင်းမှာ ရောင်းချသူတချို့က ဒီဆေးဟာ သာမန်အဖျားရောဂါကို ကုသနိုင်ပြီး ကိုဗစ်အတွက်လည်း ထိရောက်တယ်၊ ဒါပေမဲ့ ကိုဗစ်ကူးစက်ရင် ဒီဆေးတစ်မျိုးတည်းတော့အားထားလို့ မရဘူးလို့ ကြော်ငြာ ရောင်းချတာတချို့ကိုလည်း တွေ့ရပါတယ်။

ဒီဆေးကို ကိုဗစ်ဒုတိယလှိုင်းမှာ ရောင်းချလာတာ အများဆုံးတွေ့ရသလို တခြား တရုတ်တိုင်းရင်းဆေးဆိုတဲ့ ဆေးတချို့လည်း ရောင်းချလာတာ တွေ့ရတယ်လို့ လှိုင်သာယာကျန်းမာသုခ ဆေးခန်း ပိုင်ရှင်ဒေါက်တာ မေသဇင်ဦးက ဆိုပါတယ်။

အဲဒီဆေးတစ်ကတ်ကို စျေးကွက်ထဲမှာ ကျပ် သုံး၊လေးထောင်နဲ့ ရောင်းချနေကြတယ်လို့ သူက ပြောပါတယ်။

တရုတ်တိုင်းရင်းဆေး

အဲဒီဆေးမှာ ပါဝင်တဲ့ပစ္စည်းတွေကိုလည်း သေချာ မသိရသေးကြောင်းနဲ့ အနံ့ပျောက်သူတွေ တစ်နေ့ သုံးလေးကြိမ် သောက်ရင် အနံ့ပြန်ရတယ်လို့ ကြော်ငြာပြီးရောင်းနေကြကြောင်း ဒေါက်တာ မေသဇင်ဦးက ပြောပြပါတယ်။

တကယ်တော့ အနံ့ပျောက်လူနာတွေဟာ ပုံမှန်အားဖြင့် သီတင်းတစ်ပတ်လောက်ကြာရင် အလိုအလျောက် အနံ့ပြန်ရတတ်တယ်လို့ သူက ဆိုပါတယ်။

ဒီဆေးကို အမေရိကန် ဆေးနဲ့ အစားအသောက် ကြီးကြပ်ကွပ်ရေး FDA က ပြင်းပြင်းထန်ထန် ပိတ်ပင်တားမြစ်ထားသလို ဒီဆေးဟာ ကိုဗစ်ပျောက်ဖို့ ထုတ်ထားတာ မဟုတ်ဘူးလို့လည်း တရုတ်တိုင်းရင်းဆေးဆရာတစ်ချို့က ငြင်းဆိုထားပါတယ်။

အခုလက်ရှိ အနေအထားအရ ကုသစရာဆေးမရှိသေးတဲ့ ရောဂါ တစ်ခုအနေနဲ့ အခုလို ပျောက်ကင်းတယ်ဆိုတဲ့ တိုင်းရင်းဆေးမျိုးမျိုး ပေါ်လာတတ်တယ်လို့ လူထုကျန်းမာရေးအသိပညာပေး လုပ်ဆောင်နေတဲ့ မာရီစတုပ်အင်တာနေရှင်နယ်က မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာစစ်နိုင်က ဆိုပါတယ်။

တရုတ်တိုင်းရင်းဆေး

အိတ်ခ်ျအိုင်ဗီဆေးဝါး အေအာတီ မပေါ်ထွက်ခင်ကလည်း တခြားရောဂါတွေကို ကုသတဲ့ တခြားတရုတ်တိုင်းရင်းဆေးတွေ ထွက်ပေါ်လာခဲ့တယ်၊ အဲဒီတိုင်းရင်းဆေးတွေအနက် အိတ်ခ်ျအိုင်ဗီကို မကုသနိုင်တဲ့ လင်ဇီးဆေးက အဲဒီအချိန်မှာ အတော် ပေါက်ခဲ့တယ်လို့ သူက ပြောပါတယ်။

ရောဂါနဲ့ မပတ်သက်တဲ့ ဆေးတွေကို သောက်ပြီး တကယ်ရောဂါပိုးနဲ့ ပတ်သက်လို့ ရှောင်ကြဉ်ရမယ့် နည်းလမ်းတွေကို လိုက်နာဖို့ ပျက်ကွက်မယ်ဆိုရင် ကိုဗစ်ရောဂါ ကူးစက်ဖို့ ပိုလွယ်ကူနိုင်သလို တစ်ဖက်က ရောဂါ ကာကွယ်ရေးလုပ်ငန်းတွေမှာ ထိခိုက်လာနိုင်တယ်လို့ ဒေါက်တာစစ်နိုင်က ပြောပါတယ်။

ဒီတိုင်းရင်းဆေးကို ကိုဗစ်ရောဂါ သက်လာလာချိန်မြန်တယ်၊ ထိရောက်မှုရှိတယ်လို့ တရုတ်မီဒီယာတချို့မှာ ဖော်ပြပြီး ဒီတိုင်းရင်းဆေးထုတ်လုပ်တဲ့ ကုမ္ပဏီဟာ အခုနှစ်အတွင်း ရောင်းအားတက်ကာ အမြတ်ငွေ ၅၇ ရာခိုင်နှုန်းတက်လာတယ်လို့ တရုတ် South China Morning Post သတင်းစာက ဖော်ပြထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-54763394

ကိုဗစ်ထိရောက်တယ်ဆိုတယ်ဆိုတဲ့ တရုတ်တိုင်းရင်းဆေးတောင့် ဆရာဝန်တွေ ဘာပြောလဲ  ကိုဗစ်ထိရောက်တယ်ဆိုတယ်ဆိုတဲ့ တရုတ်တိုင်းရင်းဆေးတောင့် ဆရာဝန်တွေ ဘာပြောလဲ Reviewed by THITHTOOLWIN on 00:26 Rating: 5

No comments:

Powered by Blogger.