မောင်တောနယ်စပ်တွင် မိသားစု ၃ ဦးသေဆုံးခဲ့ရသည့် ပြင်းအားမြင့်မိုင်းကို ARSAက ထောင်ထားခြင်းဟု တပ်မတော်ထုတ်ပြန်


နိရဥၥရာ၊ ႏုိဝင္ဘာ ၁၈/ ၂၀၂၀

မိသားစု ၃ ဦးသေဆုံးခဲ့ရသည့် အပြင် နောက်ထပ် ၆ ဦးဒဏ်ရာရရှိခဲ့သည့်အထိ ပေါက်ကွဲမှုပြင်းထန်သည့် မိုင်းကို ထောင်ထားသောအဖွဲ့အစည်းမှာ အာဆာရ် (ARSA) အဖွဲ့ဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့က သတင်းထုတ်ပြန်သည်။ 

နိုဝင်ဘာ ၁၇ ရက်နေ့စွဲဖြင့် ထုတ်ပြန်သော ထုတ်ပြန်ချက်အထဲတွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ သာယာကုန်းကျေးရွာမှ မောင်းနှင်လာသော NOAH အမျိုးအစား အနက်ရောင်မော်တော်ယာဉ် ၁ စီးသည်  ယနေ့ နေ့လယ် ၁ နာရီ ကျော်ခန့်တွင် လိပ်ရလမ်းဆုံ အနီးအရောက်၌ ARSA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့က ထောင်ထားသော ကားမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု ဖော်ပြသည်။

၎င်းပေါက်ကွဲမှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသူ ၉ ဦးအနက် ခရေမြိုင် ကျေးရွာနေ ကိုကျော်ရဲအောင် ၂၅ နှစ်၊ မအေးဆန်းနု ၂၀ နှစ်နှင့် မောင်ကျော်ဆန်းဦး  ၃ နှစ်တို့ ၃ ဦးမှာ မိုင်းပေါက်ကွဲမှုကြောင့် နေရာ၌ပင် သေဆုံးခဲ့ပြီး တစ်ရွာတည်းနေ ကျန် ၆ ဦးမှာ မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့ကြောင်း ဖော်ပြထားသည်။ 

မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က “မိုင်းပေါက်ကွဲတဲ့ ဖြစ်စဉ်က အဲဒီအနီးမှာ အမြဲတမ်းနီးပါး ပေါက်တယ်။ အဲဒီနားက ရဲကင်းတွေနဲ့လည်း ဝေးတယ်။ ARSA ထောင်တာပဲဖြစ်မှာပေါ့။ အခုဟာကလည်း တိုင်းရင်းသားတွေ သွားတဲ့ဟာကို ခွဲပစ်လိုက်တာဆိုတော့။ တိုက်ပွဲဖြစ်တာလည်း မရှိဘူး။ ARSA က အမြဲတမ်းချောင်းမြောင်းပစ်တယ်။ အဲလို ခဏခဏဖြစ်တယ်” ဟု နိရဥ္စရာသို့ ပြောသည်။

၎င်းကားသည် မောင်တောမြို့နယ် မြောက်ပိုင်း သာယာကုန်း ကျေးရွာ ကထိန်ပွဲမှ မြို့နယ် တောင်ပိုင်း ခရေမြိုင်ကျေးရွာသို့ အပြန်တွင် ကျွန်းပေါက်အုပ်စုနှင့် လိပ်ရအုပ်စုအကြား သဲချောင်း ကျေးရွာအနီး ကားလမ်း၌ နေ့လယ် ၁ နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 

ယမန်နေ့ အခင်းဖြစ်ပွားရာသော ရောက်ရှိနေသည့် နံ့သာတောင်ဆရာတော် ဦးစရဏက “သေသွားတာက မိသားစု ၃ ယောက်ပေါ့။ ကျော်ရဲအောင်က ကားမောင်းတာ။ သူတို့ကိုယ်ပိုင်ကားပေါ့နော်။ အဲဒီမှာ ကထိန်ပွဲက အပြန် ကားလမ်းမှာ မိုင်းပေါက်သွားတာ။ ကားတစ်စီးလုံးက ရစရာမရှိလိုက်ဘူး။ ဒဏ်ရာရသွားသူတွေကလည်း ဒဏ်ရာပြင်းကြတယ်”ဟု နိရဥ္စရာသို့ မိန့်ကြားခဲ့သည်။

ဒဏ်ရာရရှိသွားသူ ၆ ဦးမှာလည်း ခရေမြိုင်ကျေးရွာမှ ဖြစ်ကြောင်း၊ မိုင်းပေါက်ကွဲမှုဖြစ်ပွား၍ ၎င်းတို့စီးလာသည့် ကားမှာ ပြန်သုံးမရအောင် ပျက်စီးသွားကြောင်း ဆရာတော်က မိန့်သည်။

ဒဏ်ရာပြင်းထန်စွာ ရရှိသူ ၆ ဦးကို မောင်တောဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။ ယနေ့ နံနက်တွင် ယင်းအထဲမှ ၄ ဦးကို ဒဏ်ရာပြင်းထန်သဖြင့် မောင်တောမှတစ်ဆင့် စစ်တွေဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်ဟု သိရသည်။ 


ဆောင်းဇာခြည်  

Narinjara 

https://www.facebook.com/narinjara.info

မောင်တောနယ်စပ်တွင် မိသားစု ၃ ဦးသေဆုံးခဲ့ရသည့် ပြင်းအားမြင့်မိုင်းကို ARSAက ထောင်ထားခြင်းဟု တပ်မတော်ထုတ်ပြန် မောင်တောနယ်စပ်တွင် မိသားစု ၃ ဦးသေဆုံးခဲ့ရသည့် ပြင်းအားမြင့်မိုင်းကို ARSAက ထောင်ထားခြင်းဟု တပ်မတော်ထုတ်ပြန်  Reviewed by THITHTOOLWIN on 23:00 Rating: 5

No comments:

Powered by Blogger.