၂၀၂၀ နိုဝင်ဘာလ ၈ ရက်နေ့ မနက်ပိုင်းက စစ်တွေမြို့နယ် သဲချောင်းရွာ မဲရုံတွင် မဲပေးရန်စောင့်ဆိုင်းနေကြသည့် မဲဆန္ဒရှင်များ။ Photo: Min Thein Aung/RFA
ရခိုင်ပြည်နယ်က ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့တဲ့ မြို့နယ်တွေမှာ လာမယ့် ဒီဇင်ဘာလ ၃၁ ရက်နေ့ မတိုင်မီ ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးဖို့ အစိုးရနဲ့ တပ်မတော်ကို ရက္ခိုင့်တပ်တော် AA က ဒီနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့က တိုက်တွန်းလိုက်ပါတယ်။
“ဒီလို ထုတ်ပြန်ရတဲ့အဓိကအချက်ကတော့ ပြည်သူလူထုရဲ့ အသံ၊ ပြည်သူလူထုရဲ့မဲပေးပိုင်ခွင့်တွေ မဆုံးရှုံးရအောင် ကျနော်တို့က သဘောထားအမှန်နဲ့တိုက်တွန်းရတာဖြစ်တယ်။ နောက်တချက် ကတော့ နိုင်ငံရေးအခင်းအကျင်းပေါ့နော်၊ ဒီမိုကရေစီအခင်းအကျင်းတွေမရှိတော့ဘူးဆိုရင် အခြေ အနေတွေ ကပိုပြီးတော့ဆိုးဝါးသွားနိုင်တာပေါ့။ ဒါကြောင့် ဒီထက်ပြင်းတဲ့စစ်ပွဲတွေကို ရှောင်ရှားနိုင်ဖို့၊ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးအဖြေရှာရေးကအခရာကျတာပေါ့။ ဒါကြောင့်ထုတ်ပြန်တာ။ ရွေးကောက်ပွဲလုပ်မယ် ဆိုရင် ကျနော်တို့ဘက်ကပူးပေါင်းဆောင်ရွက်သွားဖို့ရှိတယ်” လို့ AA ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခက ပြောပါတယ်။
မြန်မာ့တပ်မတော်အနေနဲ့ ရခိုင်ပြည်က ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကိုရပ်ပြီး၊ တစ်နိုင်ငံလုံး လွှမ်းခြုံတဲ့ အပစ်အခတ်ရပ်စဲရေးကိုကြေညာကာ ကြားဖြတ်ရွေးကောက်ပွဲ အမြန်ဆုံးကျင်းပနိုင်ရေးအတွက် NLD အစိုးရနဲ့ ပူးပေါင်းလုပ်ဆောင်သင့်သလို၊ ရွေးကောက်ပွဲကျင်းပမယ်ဆိုရင် AA အနေနဲ့ သင့်တော်သလို ပံ့ပိုးကူညီမယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက AA အဖွဲ့ရဲ့ထုတ်ပြန်ချက်ကို ကြိုဆိုကြောင်းပြောပါတယ်။
“ကျနော်တို့သည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပ နိုင်ရေး တပ်မတော်အနေနဲ့ လိုလားတယ်ဆိုတာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မကြာခဏ ပြောခဲ့တယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့က မဲပေးခွင့်ရှိသူအားလုံး မဲပေးခွင့်ရရှိရေး လိုလားတယ်ဆိုတာလည်း မကြာခဏ ပြောခဲ့တယ်။ ဒါကြောင့်မို့လို့ AA ထုတ်ပြန် ချက်ကို ကြိုဆိုတယ်၊ လက်ခံတယ်။ ဒါ့အပြင် ရှမ်းပြည်နယ်မှာရှိတဲ့ မကျင်းပသေးတဲ့ မိုင်းကိုင်နယ်မြေမှာ လည်း ကြားဖြတ် ရွေးကောက်ပွဲ အမြန်ဆုံးကျင်းပနိုင်ဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ ပူးပေါင်းညှိနှိုင်းဆောင်ရွက် သွားဖို့ တိုက်တွန်းတဲ့ ကြေညာချက်လည်း ကျနော်တို့ ထုတ်မယ်”
အခုလို AA အဖွဲ့က ကြားဖြတ်ရွေးကောက်ပွဲတိုက်တွန်းချက်နဲ့ပတ်သက်လို့ သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးကို ဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ “ကျန်တဲ့နေရာတွေမှာ အမြန်ဆုံးကျင်းပနိုင်ဖို့ အတွက် ညှိနှိုင်းဆွေးနွေးမှုတွေ ဆောင်ရွက်သွားမှာဖြစ်ပါတယ်” လို့ စာနဲ့ အကြောင်းပြန်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့ကကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ ရခိုင်မြောက်ပိုင်းက မြို့ နယ် ၉ မြို့နယ်နဲ့ အခြားမြို့နယ်တွေက ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း ၁၀၀ ကျော်တို့မှာ ရွေးကောက်ပွဲ မကျင်းပခဲ့ပါဘူး။ ဒါကြောင့် ပြည်သူ့လွှတ်တော် ၉ နေရာနဲ့ အမျိုးသားလွှတ်တော် ၇ နေရာနဲ့ ပြည်နယ်လွှတ်တော်နေရာ ၂၀ ဆုံးရှုံးခဲ့ရသလို ရခိုင်ပြည်နယ်တစ်ခုလုံးမှာ မဲပေးခွင့်ရှိသူ ၁၆ သိန်းကျော်အနက် ဆယ့်နှစ်သိန်းကျော် မဲပေးခွင့်ဆုံးရှုံးခဲ့ရပါတယ်။
သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ရဲ့ အမှုဆောင် ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦးကတော့ လတ်တလောမှာ ရွေးကောက်ပွဲ မကျင်းပသင့်သေးဘူးလို့ ယူဆပါတယ်။
“လုံခြုံရေးသဘောတရားအရ လုံခြံုရေးဆိုင်ရာအချက်အလက်တွေအရသော်လည်းကောင်း တခြား သော အဖွဲ့အစည်းတွေရဲ့ မှတ်ချက်ကြောင့်သော်လည်းကောင်း အဓိက UEC က မကျင်းပဘူးလို့ ဆုံးဖြတ်ထားပြီးသားဖြစ်လို့ အခုချိန်မှာ ပြန်ကျင်းပမယ်ဆိုရင် မဲနဲ့ပတ်သက်ပြီး မဲစာရင်းတွေ မှန်မှန် ကန်ကန် ရှိပါ့မလား အဲဒီနေရာကလူတွေရော တကယ် ရှိတာရော ဟုတ်ပါ့မလား။ ဆိုလိုတာက ဒွိဟနဲ့ သံသယပွားစရာတွေ ဖြစ်လာမယ်၊ ကျင်းပလိုက်တော့မှ နည်းနည်းလေး အေးချမ်းနေတဲ့ အနေအထား ကနေ ရှုပ်ထွေးသွားတဲ့ အနေအထားမျိုး ဖြစ်သွားနိုင်တယ်။ မကျင်းပဘူးဆိုရင်တောင်မှ အထွေထွေ ရွေးကောက်ပွဲမှာ တချို့သော ကိုယ်စားလှယ်တွေ ၀င်ပြီးအရွေးမခံလိုက်ရတာမျိုးပဲ ရှိမယ်။ တခုတော့ ရှိတာပေါ့၊ တဘက်က တွေးရင်တော့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးဆုံးရှုံးသွားတာမျိုး ရှိနိုင်ပေမယ့် ကျင်းပလိုက်ကာမှ ဒီ့ထက်ပိုဆိုးသွားတဲ့ အခြေအနေမျိုး ဦးတည်သွားမယ်ဆိုရင် မကျင်းပတာက လက်ရှိအခြေအနေမှာ ပိုပြီး ခံသာမယ်လို့ သုံးသပ်ပါတယ်”
နိုင်ငံရေး လေ့လာသူ ဦးမောင်မောင်စိုးကတော့ ဒီထုတ်ပြန်ချက်ဟာ အေအေ အဖွဲ့နဲ့ ဆွေးနွေးဖို့ လမ်းစတစ်ခုဖြစ်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။
“အဓိကကတော့ ရခိုင်ပြည် နယ် လွှတ်တော် ဥပဒေဘောင်ကျယ်လာမှာပေါ့ဗျာ ဒါကပထမအချက်ပေါ့။ ဒုတိယအချက်အနေနဲ့ အေအေ နဲ့ဆွေးနွေးရေး လမ်းပွင့်သွားလိမ့်မယ်လို့ထင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒါကနှစ်ဘက် စလုံးအတွက် မျှတတဲ့ ထွက်ပေါက်တစ်ခုကိုရှာကြမယ်လို့ထင်ပါတယ်”
ရခိုင်အမျိုးသားပါတီ(ANP)ရဲ့ ပြောရေးဆိုခွင့်ရှိသူ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်ကတော့ လက်ရှိမှာ ကပ်ရောဂါကာလကိုဖြတ်သန်းနေရဆဲဖြစ်လို့ အချိန်တိုတိုအတွင်းမှာ ရွေးကောက်ပွဲကျင်းပ ဖို့ ခက်ခဲနိုင်တယ်လို့ ကောက်ချက်ချပါတယ်။
“ရွေးကောက်ပွဲတစ်ရပ်ဟာ အခုပဲပြီးသွားတယ်။ တစ်လခြားမှာ နောက်ရွေးကောက်ပွဲတစ်ခုအတွက် လုပ်ကြပါတော့ဆိုတာမျိုးနဲ့ကော ဒီလောက်အခင်းအကျင်းကြီးတစ်ခုကို ဆောင်ရွက်လို့ရမလား။ ပြီးရင် ကိုဗစ်အဟန့်အတားတွေကြောင့်လည်း မဲဆွယ်စည်းရုံးခြင်းဆိုင်ရာတွေမှာ တော်တော်လေးကို အဟန့်အတား အခက်အခဲတွေဖြစ်ခဲ့တာရှိတယ်။ အခုလည်းကိုဗစ် တတိယလှိုင်းဆိုတာကြီးနဲ့ ကြံုတွေ့နေရပြီ။ ဆိုတော့ ဆောင်ရွက်ပေးမယ့်ဘက်ကတော့ ဘာပြောလာမလဲဆိုတာကို နားထောင်ရမယ်”
AA ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဗဟိုအောင်နိုင်ရေး ကော်မတီ ပြောခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကတော့ ရွေးကောက်ပွဲကျင်းပမယ့်ကိစ္စဟာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ကသာ ဆုံးဖြတ်ရမယ့်ကိစ္စသာဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။
“ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကပဲ ဆုံးဖြတ်ပါလိမ့်မယ်။ ကြားဖြတ်ရွေးကောက်ပွဲက ဘယ်လောက် အကြာမှာ ကျင်းပရမယ်ဆိုတာ ဥပဒေမှာ ရှိပြီးသားပါ။ ဥပဒေအတိုင်း သွားရလိမ့်မယ် ထင်ပါတယ်။ ရွေးကောက်ပွဲဖြစ်ရုံလေးထက် ထာဝရငြိမ်းချမ်းရေးအတွက် ပိုပြီးဦးတည်စေချင်ပါတယ်။ အထူးသဖြင့် ဖမ်းဆီးထားတဲ့ NLD ပါတီကိုယ်စားလှယ်တွေကို မလွှတ်ဘဲ မိမိတို့နဲ့ လူမျိုးချင်းတူတဲ့ လူတွေ အနိုင်ရဖို့ သပ်သပ်ပဲ လုပ်တယ်ဆိုရင် ဒီရွေးကောက်ပွဲကျင်းပချင်တဲ့စိတ်က မျှတမှုရှိပါ့ရဲ့လား ဆိုတာ ကျနော်တို့က သံသယရှိပါတယ်။”
ရွေးကောက်ပွဲမတိုင်ခင် အောက်တိုဘာလ ၁၄ ရက်နေ့က တောင်ကုတ်မြို့နယ်က NLD ပါတီ ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင် မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမင်းအောင်၊ ဒေါ်နီနီမေမြင့်နဲ့ ဒေါ်ချစ်ချစ်ချော တို့ကို ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးထားပြီး သူတို့ကို ဘယ်နေ့မှာ ပြန်လွှတ်မယ် ဆိုတာနဲ့ပတ်သက်လို့ AA ဘက်က တစုံတရာ ပြောဆိုတာမရှိသေးပါဘူး။
နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်က မြို့နယ် ၉ခုအပြင် ရှမ်းပြည်နယ်က ၆ မြို့နယ် စုစုပေါင်း မဲဆန္ဒနယ် ၁၅ ခုမှာ ရွေးကောက်ပွဲ မကျင်းပခဲ့ပါဘူး။ အဲဒီနယ်တွေက မဲဆန္ဒရှင် ၁ ဒဿမ ၃သန်းကျော် မဲပေးခွင့်ဆုံးရှုံးခဲ့တာပါ။ ဒါဟာ အရင်အထွေထွေရွေးကောက်ပွဲတွေထက် ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မဲဆန္ဒနယ်ပိုများပြီး စံချိန်တင်ခဲ့တာလည်းဖြစ်ပါတယ်။ ဒီလအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပစ်ခတ်မှုတချို့ ရှိပေမယ့် AA နဲ့ တပ်မတော်တို့ကြား အကြီးအကျယ် ရင်ဆိုင်တိုက်ခိုက်မှုမရှိဘူးလို့ သိရပါတယ်။
RFA Burmese

No comments:
Post a Comment