မိုဘိုင်းဖုန်းမကိုင်နိုင်တဲ့ ဒုက္ခသည်အိမ်ထောင်စုတွေကို အခမဲ့ငှားရမ်းပေးမယ့် ဖုန်းကိုတွေ့ရစဉ်
Photo: Khaing Kaung San
ရခိုင်ပြည်နယ် မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ကျောက်တော်၊ ပေါက်တော၊ စစ်တွေ၊ အမ်း၊ ပုဏ္ဏားကျွန်း စတဲ့မြို့နယ် ရှစ်ခုမှာ စစ်ဘေးဒုက္ခသည်အိမ်ထောင်စု ၃၀၀၀ ကျော်အတွက် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က စားနပ်ရိက္ခာအတွက် ငွေကြေးထောက်ပံ့ရာမှာ အကူအညီဖြစ်စေဖို့ မိုဘိုင်းဖုန်းတွေကို အခုလကစပြီး အခမဲ့ငှားရမ်းဖို့ စီစဉ်နေတယ်လို့ WFP ကပြောပါတယ်။
WFP အနေနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလကပင် ဒုက္ခသည်အိမ်ထောင်စု ၈၅၀၀ ကျော်၊ လူဦးရေ ၃၄,၀၀၀ အတွက် တစ်ဦးချင်းစီကိုထောက်ပံ့ပေးတဲ့ စားနပ်ရိက္ခာတန်ဖိုးနဲ့ညီမျှတဲ့ ငွေကြေးကို ထောက်ပံ့ပေးနေတာပါ။
အဲဒီအထဲက ကနဦး စာရင်းရရှိထားတဲ့စာရင်းတွေအရ အိမ်ထောင်စု ၃၀၀၀ ကျော်မှာ မိုဘိုင်းဖုန်း မကိုင်နိုင်ကြတဲ့အတွက် ထောက်ပံ့ငွေပေးအပ်ရာမှာ အဆင်ပြေစေဖို့ ဖုန်းတွေကိုပါ အခမဲ့ငှားရမ်းပေးဖို့ စီစဉ်တာလို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ရဲ့ ပြန်ကြား ဆက်ဆံရေးအရာရှိ ဦးထက်ဦးလင်းက RFA ကိုပြောပါတယ်။
WFP အနေနဲ့ အရင်က စစ်ဘေးဒုက္ခသည်တွေအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ စတဲ့ စားနပ်ရိက္ခာတွေကို တိုက်ရိုက်ပေးအပ်လှူဒါန်းတာတွေရှိခဲ့ပေမယ့် ကိုရိုနာကပ်ဘေးနဲ့ကြုံလာရလို့ ပြီးခဲ့တဲ့လကစပြီး ငွေသားနဲ့တွက်ချက်ပြီး ထောက်ပံ့ကူညီခဲ့တာလို့ ဆိုပါတယ်။
ထပ်တိုးလာတဲ့ ဒုက္ခသည်တွေအတွက်လည်း WFP က ကူညီမှာဖြစ်ပြီး အခုငှားရမ်းမယ့် မိုဘိုင်းဖုန်းတွေကိုလည်း ဒုက္ခသည်တွေ အကူညီလိုအပ်နေသေးသရွေ့ ထောက်ပံ့ရေးမှာ အဆင်ပြေစေဖို့အတွက် ငှားရမ်းမှာဖြစ်တယ်လို့ သိရပါတယ်။
RFA Burmese
https://www.rfa.org/burmese/news/wfp-will-support-refugees-by-mobile-banking-10272020022803.html

No comments:
Post a Comment