သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ် နားမွန်ကျေးရွာအုပ်စုတွင်း မဲရုံသွားစစ်သည့် ခရိုင်အုပ်ချုပ်ရေးမှူး ၂ ဦး အား ပစ်ခတ်မိကြောင်း RCSS/SSA က အတည်ပြုပြောဆိုသည်။
အောက်တိုဘာ ၂၇ ရက် နေ့လည် ၁ နာရီ ဝန်းကျင်က မဲရုံဝန်ထမ်း နှင့်မဲရုံ ပစ္စည်းများ သွားပို့ဆောင်သည့် လင်းခေးခရိုင်အုပ်ချုပ်ရေးမှူး နှင့် အဖွဲ့ စီးနင်းလိုက်ပါလာသည့် မော်တော်ယာဉ်ကို သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) မှ ပစ်ခတ်ခဲ့ကြောင်း ပြောခွင့်ရ ပုဂ္ဂိုလ် ဒုဗိုလ်မှူးကြီး အုပ်ခေး က အတည်ပြုပြောဆိုသည်။
“ဟုတ်ပါတယ်။ အဲ့ဒီ အုပ်ချုပ်ရေးမှူးတို့အဖွဲ့ ကို RCSS တပ်ဖွဲ့ဝင်တွေ မတော်တဆ ပစ်ခတ်မိတာ အဲ့ဒါ မှန်ပါတယ်။ အထက်ကနေစီမံချက် ရှိရှိနဲ့ အမိန့်နဲ့ ပစ်ခတ်ခိုင်းတာတော့ လုံးဝ မဟုတ်ဘူး” ဟု RCSS/SSA ပြောခွင့်ရ က သျှမ်းသံတော်ဆင့် ကိုပြောသည်။
လင်းခေးခရိုင်အုပ်ချုပ်ရေးမှူးတို့အဖွဲ့ မိုင်းပန်မြို့နယ်သို့ ကွင်းဆင်းစစ်ဆေးမည်ကို RCSS/SSA ဆက်ဆံရေးရုံးကို အကြောင်းကြားထားသော်လည်း မတော်တဆ ဖြစ်မိသွားကြောင်း RCSS/SSA ကပြောသည်။
“ အကြောင်းကြားထားတဲ့ဟာကို RCSS/SSA တပ်ဖွဲ့ဝင် ရှေ့တန်းတွေ က မကြားသိရသေးဘူး။ ရှေ့တန်းဆိုတော့ လမ်းဖြတ်ကူးတဲ့ချိန်မှာ အဲ့ဒီ ယာဉ်တန်းက ရုတ်တရက် ရောက်ချလာတော့ သူတို့လည်း အလန့်တကြား ပစ်ခတ်မိရတာပါ” ဒုဗိုလ်မှူးကြီး အုမ်ခေး က ဆိုသည်။
RCSS/SSA အနေဖြင့် သက်ဆိုင်ရာ ရဲဘော်များကို ကြီးလေးသည့် ပြစ်ဒဏ်နှင့် အရေးယူသွားမည် ဖြစ်ကြောင်း၊ စည်းမျဉ်းစည်းကမ်း အတိုင်း အရေးယူဆောင်ရွက်သွးမည်ဖြစ်ကြောင်းလည်း ဒုဗိုလ်မှူးကြီး အုမ်ခေး က ထပ်လောင်း ပြောသည်။
“ဘယ်လိုပဲ ဖြစ်နေနေ RCSS ကတော့ အမှားရှိတယ်လို့တော့ ဝန်ခံပါတယ်။ အဲ့ဒါကြောင့်မလို့ တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ သက်ဆိုင်တဲ့ သူတွေကို ကြီးလေးတဲ့ ပြစ်ဒဏ် ပြီးတော့ အဖွဲ့အစည်းရဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း အရေးယူသွားမယ်လို့တော့ ဌာနချုပ်က ကြားသိရပါတယ်” ဒုဗိုလ်မှူးကြီး အုမ်ခေး ကပြောသည်။
နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမည့် ၂၀၂၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲနေ့မှာ ဆန္ဒမဲ လာပေးမည့် ပြည်သူလူထုများ အနေဖြင့် မကြောက်ရွံ့စေရန် RCSS/SSA က ပြောကြားခဲ့သည်။
လက်ရှိ အခြေအနေမှာ ပုံမှန် ပြန်ဖြစ်နေပြီဖြစ်ကြောင်း၊ ပါတီများလည်း ထိုနယ်မြေသို့ စည်းရုံးရေးဆင်းရန် ပြန်လည်ပြင်ဆင်နေကြပြီဖြစ်ကြောင်း သိရသည်။
“ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘာမှ မစိုးရိမ်ရပါဘူး။ အဲ့ဒီ ကျေးရွာမှာလည်း ၁ ရက်နေ့ ၂ ရက်နေ့ မှာ ပြန်လည် စည်းရုံးရေး ဆင်းဖို့ စီစဉ်ထားပါတယ်” ဟု မိုင်းပန်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း စိုင်းကျော်ခိုင် က ပြောသည်။
ဒဏ်ရာ ရသူ နှစ်ဦးကို အောက်တိုဘာ (၂၇) ရက်နေ့ကတည်းက တောင်ကြီး စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ဆေးကုပေးနေကြောင်း သိရသည်။
၂၀၂၀ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပရန် ၉ ရက်သာ ကျန်ရှိပါသည်။
SHAN News (Burmese Version)

No comments:
Post a Comment