၂၀၂၀ မြန်မာ ရွေးကောက်ပွဲ- တောင်ကုတ်မှာ မဲဆွယ်နေတဲ့ NLD အမတ်လောင်းတွေကို လက်နက်ကိုင်တွေဖမ်း

လက်နက်ကိုင်အဖွဲ့ ဖမ်းဆီးခံရတဲ့ NLD အမတ်လောင်းတွေ

ရခိုင်ပြည်နယ် တောင်ပိုင်း တောင်ကုတ်မြို့နယ်မှာ မဲဆွယ်စည်းရုံးရေးဆင်းနေတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း သုံးဦးကို အောက်တိုဘာ ၁၄ ရက် ဒီကနေ့ မနက်ပိုင်း ၁၁ နာရီကျော်လောက်မှာ အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ရဲ့ ခေါ်ဆောင်ခြင်းခံရတယ်လို့ မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးတင်သိန်းအောင်က အတည်ပြုပြောပါတယ်။

လက်နက်ကိုင်အဖွဲ့တစ်ခုရဲ့ ဖမ်းဆီးခြင်းခံလိုက်ရတဲ့သူတွေကတော့ ဒေါ်ချစ်ချစ်ချော (အမျိုးသားလွှတ်တော်ကိုယ်စားလှယ် လောင်း)၊ ဒေါ်နီနီမေမြင့် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း)နဲ့ ဦးမင်းအောင် (ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် လောင်း) အမှတ် ၂ မဲဆန္ဒနယ်မြေတို့ ဖြစ်ကြပါတယ်။

ဖမ်းဆီးခံလိုက်ရသူသုံးဦးတို့အနက် ဒေါ်နီနီမေမြင့်နဲ့ ဦးမင်းအောင်တို့ဟာ လက်ရှိလွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ယူ ထားကြသူတွေ ဖြစ်ပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့ ကိုယ်စားလှယ်လောင်းသုံးဦးနဲ့ ညနေပိုင်းအထိ ဘာအဆက်အသွယ်မှမရသေးတဲ့အတွက် စိုးရိမ်ရတဲ့အနေအထားရှိနေတယ်လို့ လည်း မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးတင်သိန်းအောင်က ပြောပါတယ်။

အဲ့ဒီလွှတ်တော်ကိုယ်စားလှယ်လောင်းသုံးဦးတို့ဟာ မကြာခင် ကျင်းပပြုလုပ်မယ့် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက် အထွေထွေရွေးကောက်ပွဲမှာ တောင်ကုတ်မြို့နယ် မဲဆန္ဒနယ်မြေကနေ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေလည်း ဖြစ်ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး တောင်ကုတ်မြို့မရဲစခန်းမှူးဆီကို ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းပြန်လည် ဖြေကြားခြင်း မရှိပါဘူး။

NLD ပါတီပြောခွင့်ရ ဒေါက်တာမျိုးညွန့်ကတော့ ကိုယ်စားလှယ်လောင်းတွေ လွတ်မြောက်ရေးကို ပါတီက ကြိုးပမ်းနေပြီး လက်နက်ကိုင်တွေနဲ့ တိုက်ရိုက်ဆက်သွယ်ပြောဆိုတဲ့လမ်းကြောင်းတော့ အန်အယ်လ်ဒီမှာ မရှိဘူးလို့ ဆိုပါတယ်။

ဘယ်လိုအဖမ်းခံရသလဲ

လွှတ်တော်ကိုယ်စားလှယ်တွေပါဝင်တဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့ဟာ ပဒင်းကျေးရွာကနေ စပိဘုတ်နဲ့ထွက်လာခဲ့ကြကာ တောင်ကုတ်မြို့နယ် အနောက်ဘက် ဖောင်းခါးကျေးရွာမှာ လက်နက်ကိုင်ဆောင်ထားတဲ့ အရပ်ဝတ်နဲ့ လူငါးယောက်လောက်က လာရောက်ခေါ်ဆောင်သွားတာ ဖြစ်တယ်လို့ ဖောင်းခါးကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်မင်းသန်းက ပြောပါတယ်။

"ဒီနေ့ NLD ပါတီကနေပြီးတော့ ဖောင်းခါးကျေးရွာမှာ ပါတီဟောပြောပွဲ စည်းရုံးရေး လာလုပ်တာပါ။ ပဒင်းကျွန်းကနေပြီး တော့လာတာ ၈ နာရီ ၅၀ လောက်မှာ ရောက်ပါတယ်။ … ၁၀ နာရီ ၄၅ လောက်မှာ ထမင်းစား တယ်။ ထမင်းစားတဲ့အချိန်မှာပဲ အမည်မသိတဲ့ လက်နက်ကိုင်ထားတဲ့လူ လေးငါးယောက်ကလာပြီး သူတို့ကိုခေါ်ဆောင် သွားတာပါ"လို့ ဖောင်းခါးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်မင်းသန်းက ပြောပါတယ်။

ဖောင်းခါး ကျေးရွာမှာထမင်းစားနေချိန်မှာ လက်နက်ကိုင်ဆောင်ထားတဲ့အဖွဲ့တစ်ဖွဲ့ရောက်ရှိလာခဲ့ပြီး ကိုယ်စားလှယ်လောင်း သုံးဦးကို ခေါ်ဆောင်သွားခဲ့တာဖြစ်ပြီး ကျန်တဲ့ပါတီဝင်တွေကိုလည်း ခြိမ်းခြောက်တာတွေ ပြုလုပ်ခဲ့တယ်လို့ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးတင်သိန်းအောင်က ပြောပါတယ်။

NLD မဲဆွယ်ပိုစတာ

ဖမ်းဆီးသွားသူတွေဟာ အရပ်ဝတ်တွေနဲ့ ဖြစ်တဲ့အတွက် ဘယ်အဖွဲ့အစည်းကဆိုတာ မသိရကြောင်းနဲ့ ဘယ်နေရာကို ခေါ်ဆောင်သွားခဲ့တယ်ဆိုတာကိုလည်း မသိရဘူးလို့ တာဝန်ရှိသူတွေကပြောဆိုကြပါတယ်။

လာမယ့်ရွေးကောက်ပွဲမှာ တောင်ကုတ်မြို့နယ်က ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် NLD ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်း လေးဦးထဲမှာ လက်ရှိရခိုင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်လည်းပါဝင်ပါတယ်။

ဒေါ်ချစ်ချစ်ချော၊ ဒေါ်နီနီမေမြင့်၊ ဦးမင်းအောင်တို့ သုံးဦးကို လက်နက်ကိုင်အဖွဲ့အစည်းက ဖမ်းဆီးခေါ်ဆောင်ခြင်း ခံလိုက်ရတဲ့အချိန်မှာ ဦးဝင်းမြင့်ဟာ အမှတ် ၁ မဲဆန္ဒနယ်မြေမှာ သွားရောက်မဲဆွယ်လျက်ရှိနေပြီး ကျန်တဲ့သုံးဦးကတော့ အမှတ် ၂ မဲဆန္ဒနယ်မြေမှာ မဲဆွယ်ဖို့ ရောက်ရှိနေတာ ဖြစ်ပါတယ်။

အဖမ်းခံရတဲ့နေရာ

ဖောင်းခါးကျေးရွာဟာ တောင်ကုတ်မြို့နယ်ရဲ့အနောက်ဘက် အစွန်ဆုံးက ကျေးရွာတစ်ရွာဖြစ်ပြီး ရမ်းဗြဲမြို့နယ် ကျောက်နီ မော်ကျေးရွာနဲ့ မနီးမဝေးမှာရှိပါတယ်။ ကုန်းလမ်းဆက်သွယ်ရေးမရှိတဲ့အတွက် ရေလမ်းတစ်ခုတည်းနဲ့သွားလာရတဲ့ နေရာလည်းဖြစ်ပြီး တောင်ကုတ်မြို့ပေါ်ကနေ ဖောင်းခါးကျေးရွာကို စက်လှေနဲ့ သုံးနာရီခွဲကြာ သွားရတယ်လို့ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်မင်းသန်းက ပြောပါတယ်။

အခုလိုမျိုး ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးနေစဉ်ကာလအတွင်းမှာ ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ လက်နက်ကိုင်အဖွဲ့ရဲ့ ဖမ်းဆီးခြင်းခံလိုက်ရတာဟာ ရွေးကောက်ပွဲအပေါ်မှာ ထိခိုက်မှုတွေ အများကြီးဖြစ်သွားနိုင် တယ်လို့ ပါတီဥက္ကဌ ဦးတင်သိန်းအောင် ပြောပါတယ်။

"ကျွန်တော်တို့ NLD ပါတီက စည်းရုံးရေးဆင်းတဲ့ကာလမှာ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုက ဖမ်းခေါ်သွားတာပေါ့။ ဒါကတော့မှန်ပါတယ်။ စိုးရိမ်ရပါတယ်။

ကျွန်တော်တို့ NLD ကို ပုံစံပြထားတာတွေ ရှိပါတယ်။ ဘူးသီးတောင်ဥက္ကဌ ဦးရဲသိန်းဆိုရင်လည်း အသတ်ခံရတယ်။ တောင်ကုတ်မြို့နယ်က ပါတီဝင်တွေဆိုရင် တချို့ထွက်ပြေးနေရတယ်။ အိမ်ကိုလာဝိုင်းတယ်။ ဖမ်းခေါ်သွားတယ်။ တချို့ဆိုရင် အခုထိပျောက်နေတယ်။ ရွေးကောက်ပွဲအတွက် ထိခိုက်မှာကတော့ သေချာတာပေါ့။

လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုရင် NLD ပါတီအတွက် ဒုက္ခရောက်ပြီပေါ့။ ဒါကတော့ ဖျက်လိုဖျက်ဆီး လုပ်တဲ့သဘောလို့ ကျွန်တော်ယူဆတယ်"လို့ မြို့နယ်ပါတီဥက္ကဌ ဦးတင်သိန်းအောင်က ပြောပါတယ်။

ကိုယ်စားလှယ်လောင်းသုံးဦးနဲ့ ညနေပိုင်းအထိ ဘာအဆက်အသွယ်မှမရသေး

လက်ရှိ မြေပြင်အခြေအနေ

ဖောင်းခါး ကျေးရွာအတွင်း အရင်က အခုလိုမျိုး ဖြစ်စဉ်တွေ ဖြစ်ပွားလေ့မရှိဖူးသလို ကိုယ်စားလှယ်လောင်းတွေကို လက်နက်ကိုင်အဖွဲ့တစ်ခုက လာရောက်ခေါ်ဆောင်တာမျိုး ဖြစ်ပွားခဲ့တဲ့အတွက် ကျေးရွာသားတချို့ ကြောက်ရွံ့ပြီး ထွက်ပြေးနေကြတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ဆိုပါတယ်။

တောင်ကုတ်မြို့နယ်ဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ NLD ပါတီ အနိုင်ရရှိခဲ့ပြီး ရခိုင်ပြည်နယ် ၁၇ မြို့နယ်မှာ NLD ပါတီအတွက် ထောက်ခံမှု အများဆုံးရရှိထားတဲ့မြို့နယ်တွေထဲက တစ်ခုဖြစ်ပါတယ်။

လက်ရှိမှာတော့ NLD ပါတီဟာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့် နှစ်စပိုင်းလောက်ကနေ တောင်ကုတ်မြို့နယ်အတွင်း ပါတီဝင်တွေကို အမည်မသိအဖွဲ့အစည်းတွေရဲ့ ဖမ်းဆီးခြင်းခံရတာတွေ၊ ရဲတပ်ဖွဲ့အယောင်ဆောင်ပြီး နေအိမ်ပေါ်ကနေ လာရောက် ခေါ်ဆောင်တာတွေဟာ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိပြီး အကျပ်အတည်းတွေနဲ့ ကြုံတွေ့နေရတာလည်း ဖြစ်ပါတယ်။

ပဒင်းကျေးရွာအုပ်စု ဖောင်းခါးကျေးရွာဟာ ရေလယ်ကျွန်းကြီးတွေပေါ်မှာရှိနေတဲ့ကျေးရွာတွေဖြစ်ပြီး အဲ့ဒီအနီးဝန်းကျင် နေရာတွေမှာ ယခင်က မိုင်းပေါက်ကွဲတာတို့ တိုက်ပွဲဖြစ်ပွားတာတို့ မရှိဖူးဘူးလို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

ရွေးကောက်ပွဲကျင်းပမယ့်ရက်နဲ့နီးကပ်နေတဲ့ကာလတွေမှာ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ဖမ်းဆီးခံလိုက်ရတာဟာ NLD ပါတီအတွက် တော်တော်လေး အကျပ်ရိုက်သွားနိုင်တယ်လို့ တောင်ကုတ်မြို့ခံတွေက ပြောဆိုကြပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-54541657

၂၀၂၀ မြန်မာ ရွေးကောက်ပွဲ- တောင်ကုတ်မှာ မဲဆွယ်နေတဲ့ NLD အမတ်လောင်းတွေကို လက်နက်ကိုင်တွေဖမ်း  ၂၀၂၀ မြန်မာ ရွေးကောက်ပွဲ- တောင်ကုတ်မှာ မဲဆွယ်နေတဲ့ NLD အမတ်လောင်းတွေကို လက်နက်ကိုင်တွေဖမ်း Reviewed by THITHTOOLWIN on 19:40 Rating: 5

No comments:

Powered by Blogger.