အမ်းမြို့နယ်တွင် ပါတီအောင်နိုင်ရေးဆိုင်းဘုတ်စိုက်ထူရန်သွားသည့် NLD လွှတ်တော်ကိုယ်စားလှယ်လောင်း ဝိုင်းဖွဲ့ရိုက်နှက်ခံရ


နိရဥၥရာ၊ ေအာက္တိုဘာ ၁ဝ/ ၂ဝ၂ဝ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)မှ အမ်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ရင်အား ပါတီအောင်နိုင်ရေးဆိုင်းဘုတ်စိုက်ထူရန်သွားစဉ် လူငယ်အချို့က ဝိုင်းဖွဲ့ရိုက်နှက်ခဲ့ကြောင်း ကာယကံရှင်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၅ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်က အမ်းမြို့နယ်၊ ဖက်ချောင်းအုပ်စု၊ ကာပူကျေးရွာသို့ NLD ပါတီအောင်နိုင်ရေးဆိုင်းဘုတ်အား စိုက်ထူရန် သွားသည့် ဦးကျော်ရင်နှင့် ဇနီးဖြစ်သူတို့နှစ်ဦးအား ကာပူကျေးရွာမှ ၁ဝ ဦးခန့်ပါသည့် လူငယ်တစ်စုက အိမ်အပြန်လမ်းတွင် ဝိုင်းဖွဲ့ရိုက်နှက်ခဲ့ကြောင်း ဦးကျော်ရင်က ပြောသည်။

“ကျွန်တော့် ဇနီးနဲ့ ကာပူမှာ ပါတီအောင်နိုင်ရေး ဆိုင်းဘုတ်စိုက်ဖို့သွားတာ။ အဲဒီမှာ ကာပူက ရာအိမ်မှူးအိမ်မှာ ထမင်းစားနေတယ်။ အဲဒီမှာ ရာအိမ်မှူးက ဖုန်းဆက်ပြီး အဲဒီကောင်လေးတွေကို ခေါ်လိုက်တယ်။ သူတို့ ရောက်လာကြတာ။ အဲဒီရွာကပါပဲ သူတို့က။ အဲဒီကောင်လေးတွေက ဒီမှာ NLD ဆိုင်းဘုတ် မစိုက်ထူရဘူး ပြောလို့ ကျွန်တော်တို့ မစိုက်ထူခဲ့ဘဲ ပြန်လာတာ။ ကျွန်တော်တို့ပြန်လာတာနဲ့ သူတို့ နောက်က ဆိုင်ကယ်တွေနဲ့ လိုက်လာကြတယ်။

အဲဒီမှာ ကျွန်တော်တို့ကို အရှေ့ကဖြတ်ပြီး ဝိုင်းလိုက်တယ်။ အသက် ၂ဝ ကျော် လောက်တွေ ၁ဝ ယောက်လောက်ပေါ့။ သူတို့မှာ ပါတဲ့ Mask တွေနဲ့ ကျွန်တော်တို့ လင်မယားနှစ်ယောက်ရဲ့ မျက်နှာကို အုပ်လိုက်တယ်။ မျက်လုံးတွေကိုရောပဲ။ အဲဒီမှာ ဘာမှ မမြင်ရတော့ဘူး။ ကျွန်တော်တို့ကို ရိုက်တယ်။ သူတို့ထဲက တစ်ယောက်နှစ်ယောက်မှာ ဓါးတွေပါပါတယ်။ အဲဒီထဲက တစ်ယောက်နှစ်ယောက်က ဓါးနဲ့ထိုးပစ်လိုက်လို့ ပြောတယ်။ ဒါပေမယ့် ဓါးနဲ့တော့ မလုပ်ပါဘူး။ လက်နဲ့ပဲ ရိုက်ပါတယ်” ဟု နိရဥ္စရာသို့ ပြောသည်။

ထိုသို့ ရိုက်ခတ်ခံရမှုကြောင့် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်ရင်နှင့် ၎င်း၏ ဇနီးဖြစ်သူတို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သူက ဆက်ပြောသည်။

ကာပူကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးမောင်ဝေသန်းအား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ “အဲဒီလူတွေကို ကျွန်တော်ခေါ်တာ မဟုတ်ပါဘူး။ ဒီဒေသမှာလည်း  ကျွန်တော်မတွေ့ဖူးဘူးသူတို့ကို။ ဦးကျော်ရင် ကျွန်တော့်အိမ်မှာ ထမင်းစားနေကြတော့ အဲဒီ လူငယ် ၆ ယောက်က ရောက်လာပြီး ဘယ်ပါတီကလဲ၊ ခွင့်ပြုချက်နဲ့ ဒီမှာ ဆိုင်းဘုတ်လာထူတာလားဆိုပြီး မေးတယ်။ ဒီမှာ ဆိုင်းဘုတ် မစိုက်ထူရဘူးပြောတယ်ပေါ့။ အဲလိုပြောပြီး ထွက်သွားတယ်။ ၁ဝ မိနစ်လောက်ကြာတော့ ဦးကျော်ရင်တို့လည်း ထွက်သွားတယ်။ ရိုက်နှက်ခံတာတွေ ကျွန်တော်တို့ မသိဘူး။ အဲဒီလူ ၆ ယောက်မှာ သုံးယောက်လောက်က ဖုန်းထည့်တဲ့ အိတ်လို ပုံစံမျိုး လွယ်ထားတယ်။ သူတို့မှာ ဘာလက်နက်မှလည်း မပါဘူး။ ပြီးတော့ ဦးကျော်ရင်ပြောတဲ့ ကျွန်တော်တို့ရွာကဆိုတာလည်း မဟုတ်ဘူး” ဟု နိရဥ္စရာသို့ ပြောသည်။

ထိုသို့ ရိုက်နှက်ခံရသည့်အတွက် သက်ဆိုင်ရာသို့ တိုင်ကြားကာ အရေးယူ အမှုဖွင့်မည်လားဟု ဦးကျော်ရင်အား နိရဥ္စရာမှ မေးမြန်းရန် ကြိုးစားသော်လည်း အနားရှိ (ဦးကျော်ရင်၏ ဇနီးဟုထင်ရသူ) အမျိုးသမီးတစ်ဦးက ဆက်မဖြေပေးနိုင်တော့ကြောင်း ပြောဆို၍ ဖုန်းချသွားသဖြင့် ကာကယံရှင်အနေဖြင့် အမှုဖွင့်/မဖွင့်အား နိရဥ္စရာအနေဖြင့် အတည်မပြုနိုင်ခဲ့ပါ။

ယင်းကိစ္စနှင့်ပတ်သက်ပြီး အမ်းမြို့နယ် အုပ်ချုပ်ရေးမှူးအား ဆက်သွယ်ခဲ့ရာ ထိုသို့ ရိုက်နှက်ခြင်းခံခဲ့ရသည်ဟု သတင်းကြား၍ တာဝန်ရှိ ရဲဝန်ထမ်းများက ဦးကျော်ရင်အား အမှုဖွင့်/မဖွင့်အား မေးရာတွင်လည်း ဦးကျော်ရင်က အမှုမဖွင့်ဟုပြောဆိုကြောင်း၊ ဦးကျော်ရင်ထံတွင်လည်း ထိခိုက်ဒဏ်ရာများ မရှိကြောင်း အမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကိုကိုမြတ်က ပြောသည်။

ဦးကိုကိုမြတ်က “သူတို့ အဲဒီနေ့က သွားတာကလည်း သူရယ်၊ သူ့မိန်းမရယ် ဆိုင်ကယ်နဲ့ အဲဒီကို သွားကြတာ။ သွားပြီးတော့ အဲဒီမှာ ဆိုင်းဘုတ်စိုက်ထူမယ့်  ကိစ္စလုပ်တယ်။ လုပ်တဲ့အချိန်မှာ ထမင်းစားတယ်။ ဒါပေမယ့် အဲဒီရွာက အဲဒီဆိုင်းဘုတ် စိုက်ထူမှာကို လက်မခံဘူး။ ရွာသားတွေက စိုက်ထူခွင့်မပေးနိုင်ဘူးတဲ့။ အဲဒီဖြစ်စဉ်ပဲ ကြားပါတယ်။ ရိုက်တယ်ပြုတယ်တော့ ကျွန်တော်တို့ မကြားဘူး။ ရိုက်တယ်ဆိုရင် သူတို့တိုင်မှာပေါ့။ အဲဒီရွာက ထမင်းတောင် ကျွေးလိုက်သေးတယ်။ ထမင်းကျွေးလိုက်တယ်ဆိုတော့ ရိုက်မလားဗျာ။ အဲဒီလူကို ရဲစခန်းက မေးတယ်လို့ သိရတယ်။ ခင်ဗျား ဒါတကယ်ဟုတ်လား/မဟုတ်လား မေးတယ်ပေါ့။ သူက ဟုတ်တယ်လို့ ပြောပေမယ့် သူ့မှာ ထိခိုက်ဒဏ်ရာလည်း မရှိဘူး။” ဟု နိရဥ္စရာသို့ ပြောသည်။

ဦးကျော်ရင်မှာ တပ်တောင်မြို့မှ ဖြစ်ပြီး ဖက်ချောင်းအုပ်စုသို့ ဆိုင်ကယ်ဖြင့် ၁၅ မိခန့်သွားရကြောင်း၊ လက်ရှိအချိန်အထိ ယင်းကိစ္စအား အမှုဖွင့်တိုင်ကြားခြင်း တစ်စုံတစ်ရာမရှိသေးကြောင်း ဦးကိုကိုမြတ်က ပြောသည်။


ဆောင်းဇာခြည်

Narinjara

https://www.facebook.com/narinjara.info

အမ်းမြို့နယ်တွင် ပါတီအောင်နိုင်ရေးဆိုင်းဘုတ်စိုက်ထူရန်သွားသည့် NLD လွှတ်တော်ကိုယ်စားလှယ်လောင်း ဝိုင်းဖွဲ့ရိုက်နှက်ခံရ အမ်းမြို့နယ်တွင် ပါတီအောင်နိုင်ရေးဆိုင်းဘုတ်စိုက်ထူရန်သွားသည့် NLD လွှတ်တော်ကိုယ်စားလှယ်လောင်း ဝိုင်းဖွဲ့ရိုက်နှက်ခံရ Reviewed by THITHTOOLWIN on 22:21 Rating: 5

No comments:

Powered by Blogger.