NLD ကိုယ်စားလှယ်လောင်း သုံးဦးကို ဖမ်းဆီးထားကြောင်း AA ထုတ်ပြန်

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှ NLD လွှတ်တော် ကိုယ်စားလှယ်လောင်းသုံးဦးကို ဖမ်းဆီးထားကြောင်း ရခိုင့်တပ်တော် AA က ထုတ်ပြန်သည့်ဓာတ်ပုံ။

Screenshot from press release by AA


ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော် ကိုယ်စားလှယ်လောင်းသုံးဦးကို ဖမ်းဆီးထားကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ်တွင်းက ဖမ်းဆီးခံထားရတဲ့  ကျောင်းသားပြည်သူတွေကို ပြန်လွှတ်ပေးမယ်ဆိုရင် ဒီအမတ်လောင်း သုံးယောက်ကိုလည်း အာဏာပိုင်တွေအနေနဲ့ ပြန်လွှတ်ပေးမယ်လို့ AA က ဒီကနေ့ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်တွင်းမှာ မြန်မာစစ်တပ်က ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို တားမြစ်ရမယ့်အစား NLD အစိုးရက အမိန့်ပေးစေခိုင်းနေတာကြောင့် ဒီအမတ်လောင်းသုံးဦးကို ဖမ်းဆီးခေါ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

တောင်ကုတ်မြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒေါ်နီနီမေမြင့်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောနဲ့ ပြည်နယ်လွှတ်တော်အတွက် ယှဉ်ပြိုင်မယ့် ဦးမင်းအောင်တို့ သုံးဦး တောင်ကုတ်မြို့နယ် ဖောင်းခါးကျေးရွာမှာ မဲဆွယ်စည်းရုံးရေးဆင်းနေချိန်  အောက်တိုဘာလ (၁၄) ရက်နေ့မှာ လက်နက်ကိုင်ထားတဲ့ AA တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားပြီးနောက်  AA က ဒီကနေ့မှာ တရားဝင် ကြေညာချက် ထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကတော့... AA ရခိုင့်တပ်တော်ရဲ့ လုပ်ရပ်ဟာ လက်နက်ကိုင် အကြမ်းဖက် ဖမ်းဆီးပြီး အကြပ်ကိုင်တဲ့လုပ်ရပ် ဖြစ်တာကြောင့် NLD ဘက်က လိုက်လျောဖို့ ခက်ခဲကြောင်း၊ နိုင်ငံရေးပြဿနာကို ဒီလိုဖြေရှင်းတာဟာ ကောင်းတဲ့ရလဒ် ရနိုင်မှာ မဟုတ်ကြောင်း၊ ထုတ်ပြန်ချက်မှာ AA အဖွဲ့က ပြောဆိုထားသလို အစိုးရအနေနဲ့ တပ်မတော်ကို အမိန့်ပေးစေခိုင်းလို့ မရဘဲ တပ်မတော်ကသာ တပ်ပိုင်းဆိုင်ရာ အားလုံးကို လွတ်လွတ်လပ်လပ် ဆောင်ရွက်နေတာလို့ တုံ့ပြန်ပြောဆိုပါတယ်။

ကပ်ဘေးကာလမှာ ရခိုင်ပြည်နယ်အတွင်း တပ်မတော်ဘက်က စစ်ရေးအမြတ်ထုတ်နေတယ် ဆိုပြီး AA အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ   စွပ်စွဲပြောဆိုထားတာတွေနဲ့ ပတ်သက်လို့ တပ်မတော်ရဲ့တုံ့ပြန်ချက်ကို သိနိုင်ဖို့ RFA က တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ကို ဆက်သွယ်နေဆဲ ဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/aa-detains-toungup-nld-10192020090901.html

NLD ကိုယ်စားလှယ်လောင်း သုံးဦးကို ဖမ်းဆီးထားကြောင်း AA ထုတ်ပြန်  NLD ကိုယ်စားလှယ်လောင်း သုံးဦးကို ဖမ်းဆီးထားကြောင်း AA ထုတ်ပြန် Reviewed by THITHTOOLWIN on 20:49 Rating: 5

No comments:

Powered by Blogger.