NLD ကိုယ်စားလှယ်တွေ ဖမ်းဆီးမှု AA အကြောင်းပြချက် NLD ပယ်ချ

ရန်ကုန်မြို့ရှိ NLD ပါတီ ဌာနချုပ်။ (ဓါတ်ပုံ - courtesy photo/NLD)

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်လောင်း ၃ ယောက်ကို ဖမ်းဆီးသွားတဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ရဲ့ အကြောင်းပြချက်ကို NLD ပါတီက ပယ်ချလိုက်တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုသက်နိုင်က ရခိုင်ကနေ သတင်းပေးပို့ထားပါတယ်။

လာမယ့် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးနေတုန်း ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဖမ်းဆီးခံခဲ့ရတဲ့ တောင်ကုတ်မြို့နယ် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ၃ ဦးကို နိုင်ငံရေးရည်ရွယ်ချက်နဲ့ ခေါ်ယူထိန်းသိမ်းထားတာဖြစ်ကြောင်း AA အဖွဲ့ရဲ့ ကြေညာချက်ကို ပါတီတာဝန်ရှိသူတွေက ပယ်ချလိုက်တာပါ။ AA အဖွဲ့ကတော့ မြန်မာအာဏာပိုင်တွေ ဖမ်းဆီးထားတဲ့ ရခိုင်ပြည်သူတွေနဲ့ နိုင်ငံရေးသမားတွေ ကျောင်းသားတွေကို ပြန်လွှတ်ပေးရင် NLD ကိုယ်စားလှယ်လောင်းတွေကိုလည်း ပြန်လွှတ်ပေးမယ့်အကြောင်း ပြောဆိုထားပေမဲ့ တောင်းဆိုချက်ဟာ ကျိုးကြောင်းဆီလျော်မှု မရှိဘူးလို့ NLD ပါတီပြောခွင့်ရ ဒေါက်တာမျိုးညွန့်ကပြောပါတယ်။

"အဓိကတော့ သူတို့က ဖမ်းဆီးထားတဲ့ ကိုယ်စားလှယ်လောင်း သုံးဦးကို စစ်သုံ့ပန်းတွေ အဖြစ်ဖော်ပြတယ်။ ပြီးတော့ သုံ့ပန်းချင်းလဲလှယ်ဖို့ တောင်းဆိုတာပေါ့နော်။ တောင်းဆိုတဲ့ လူတွေကလည်း စစ်သုံ့ပန်းမဟုတ်ပါဘူး။ ကျနော်တို့ ကိုယ်စားလှယ်လောင်း သုံးဦးကလည်း စစ်သုံ့ပန်း မဟုတ်ပါဘူး။ ဒါကြောင့် ဒီတောင်းဆိုမှုဟာ ဆီလျော်မှုမရှိဘူးလို့ ပြောချင်ပါတယ်။"

AA အဖွဲ့ရဲ့ မနေ့တုန်းက ထုတ်ပြန်ချက်မှာတော့ လက်နက်ကိုင် ပဋိပက္ခတွေ အဆုံးသတ်ရေးနဲ့ နိုင်ငံရေး အကျပ်အတည်းတွေ ပြေလည်စေရေး တွေ့ဆုံဆွေးနွေးဖို့ အသင့်ရှိကြောင်းလည်း ဖော်ပြထားပါတယ်။ ဒါပေမဲ့လည်း AA အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အစိုးရက တရားဝင်သတ်မှတ်ထားပြီး ရခိုင်ပြည်နယ်မှာလည်း တပ်မတော်နဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာပါ။ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုး ကတော့ လက်နက်ကိုင်ပဋိပက္ခတွေကို နိုင်ငံရေးအရ အဖြေမရှာနိုင်ဘဲ ဖြစ်နေတဲ့ အကျိုးဆက်အဖြစ် သုံးသပ်ပါတယ်။

"ပထမတော့ AA အနေနဲ့ တပ်နဲ့ပဲ တိုက်ပွဲဖြစ်တာပေါ့ နောက်ပိုင်းမှာတော့ NLD အစိုးရနဲ့ပါ ပြဿနာတွေ ဖြစ်လာတော့ AA ဘက်ကလည်း NLD လွှတ်တော်အမတ်တွေကို ဖမ်းဆီးတာတွေ ရှိလာသလို အစိုးရဘက်ကလည်း AAကို အကြမ်းဖက် အဖွဲ့အဖြစ်ကြေငြာတာရှိလာတဲ့ အခါကျကတော့ AA ကိုတိုက်နေတဲ့ တပ်မတော်ကို ချီးကျူးတွေ ရှိလာတယ်။ အဲဒီအခါကျတော့ တစ်ဘက်နဲ့ တစ်ဘက်က ပိုပြီးတော့ ဆက်ဆက်ထိမခံဖြစ်လာကြတယ်။ အပြန်အလှန်တိုက်ခိုက်လာတယ်။ ဆိုတာကတော့ သွားတစ်ချောင်းအတွက် သွားတစ်ချောင်း မျက်လုံးတစ်ဘက်အတွက် မျက်လုံး တစ်လုံး ပြန်လည်ပေးဆပ်ရမယ်ဆိုတဲ့ ဟာမူရာဘီ ဥပဒေမျိုး မြင်လာရတာပေါ့ အဲတာကတော့ စစ်ပွဲတွေရဲ့ အကျိုးဆက် စစ်ပွဲကို ရပ်ဆိုင်းအောင်မလုပ်နိုင်တဲ့ အကျိုးဆက်ပေါ့။ ဒါကြောင့်စစ်ပွဲ ရပ်ဖို့လိုတယ်။ လက်ရှိမှာတော့ တစ်ဘက်နဲ့ တစ်ဘက် ပြင်းပြင်းထန်ထန်တိုက်ခိုက်ကြလိမ့်မယ်လို့ မြင်ပါတယ်။"

AA အဖွဲ့ကတော့ အရင်ကလည်း NLD လွှတ်တော်ကိုယ်စားလှယ်တချို့ကို ဖမ်းဆီးထိန်းသိမ်းပြီး သင့်တော်တဲ့ အခြေအနေမျိုးမှာ ပြန်လွှတ်ပေးခဲ့ဘူးကြောင်းလည်း ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။ ဒါပေမဲ့လည်း နိုင်ငံရေးအရ လွှတ်တော်ကိုယ်စားလှယ်တွေကို ဖမ်းဆီးထိန်းသိမ်းတဲ့ လုပ်ရပ်မျိုးဟာ လက်ခံနိုင်စရာ မရှိဘူးလို့လည်း ဖန်တီးအိမ် ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့ရဲ့ ဒါရိုက်တာ ဒေါ်ခင်လေးငယ်ကပြောပါတယ်။

"ဖန်တီးအိမ်က ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးလုပ်တယ်။ အထူးသဖြင့် ရွေးကောက်ပွဲမှာ အမျိုးသမီးပါဝင်မှုတွေကို အဓိကလေ့လာစောင့်ကြည့်တာပေါ့နော်။ ဒီဟာကတော့ ရွေးကောက်ပွဲ အကြမ်းဖက်မှု မြောက်ပါတယ်။ နောက် ဖမ်းဆီးခံရတဲ့ထဲမှာ ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ၊ အမျိုးသမီး နှစ်ယောက်တောင် ပါနေတယ်။ ကျမတို့ကတော့ အပြင်းအထန်ရှုံ့ချပါတယ်။ ကျမတို့က ဒီလို ရွေးကောက်ပွဲ အကြမ်းဖက်မှုတွေကို လက်မခံနိုင်ပါဘူး။ ပြည်သူတွေရဲ့ အသံကို ငြိမ်းချမ်းတဲ့နည်းနဲ့ ကိုယ်စားပြုမှုခံယူမယ့် ရွေးကောက်ပွဲကို လက်နက်အားကိုးနဲ့ အနှောင့်အယှက်ပေးတဲ့ ဖြစ်စဉ်တွေကိုတော့ ကျမတို့ စောင့်ကြည်သူအနေနဲ့ မနှစ်သက်ပါဘူးရှင့်။"

မြန်မာနိုင်ငံမှာရှိတဲ့ အမေရိကန်နဲ့ ပြင်သစ်သံရုံးတွေကလည်း NLD လွှတ်တော် ကိုယ်စားလှယ်လောင်း ၃ ဦး ဖမ်းဆီးခံရတဲ့အပေါ် စိုးရိမ်ကြောင်း ကြေညာချက်တွေ ထုတ်ပြန်ပြောဆိုထားကြပါတယ်။ ဒီမိုကရေစီစနစ်မှာ လွှတ်တော်ကိုယ်စားလှယ်တွေအားလုံး ဘေးကင်းလုံခြုံမှုရှိရှိ မဲဆွယ်စည်းရုံးခွင့်ရှိဖို့ လိုကြောင်းလည်း အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့တာပါ။ ပြင်သစ်သံရုံးကတော့ ဖမ်းဆီးမှုအပေါ် ပြစ်တင်ရှုတ်ချကြောင်းနဲ့ ဖမ်းဆီးခံထားရသူတွေကို ဘေးကင်းလုံခြံုမှုရှိရှိ ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။


သက်နိုင်/VOA (Burmese)

https://burmese.voanews.com/a/rakhine-nld-aa-conflict/5628303.html

NLD ကိုယ်စားလှယ်တွေ ဖမ်းဆီးမှု AA အကြောင်းပြချက် NLD ပယ်ချ NLD ကိုယ်စားလှယ်တွေ ဖမ်းဆီးမှု AA အကြောင်းပြချက် NLD ပယ်ချ Reviewed by THITHTOOLWIN on 19:06 Rating: 5

No comments:

Powered by Blogger.