ICRC ရိက္ခာတင် လှေဝန်ထမ်းတွေ ပြောကြားချက်နဲ့ တပ်မတော်ထုတ်ပြန်ချက် ကွဲလွဲနေ


ရခိုင်ပြည်နယ်စစ်တွေမြို့ကနေ ဘူးသီးတောင်မြို့နယ်ထဲက ဒုက္ခသည်တွေအတွက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ ICRC ရဲ့ စားနပ်ရိက္ခာတွေ ထောက်ပံ့ဖို့သွားတဲ့ အငှားစက်လှေတစ်စီး ရသေ့တောင်မြို့နယ် ပြိန်းတောရွာအနီးမှာ အောက်တိုဘာ ၂၈ ရက် မနေ့က ပစ်ခတ်ခံရလို့ စက်လှေမီးလောင်ပြီး လူသေဆုံးတဲ့ သတင်းကို RFA က မနေ့ညက ထုတ်လွှင့်ခဲ့ရာမှာ...ဒီသတင်းထုတ်လွှင့်ချက်ဟာ မှန်ကန်မှုမရှိဘဲ တပ်မတော်ရဲ့ ဂုဏ်သိက္ခာညိုးနွမ်းအောင် RFA က ထုတ်လွှင့်ဖော်ပြခဲ့တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ကဒီနေ့ သတင်းထုတ်ပြန် စွပ်စွဲပြောဆိုလိုက်ပါတယ်။

RFA ရဲ့ သတင်းထုတ်လွှင့်ချက်ဟာ စက်လှေပေါ်မှာ လိုက်ပါသွားပြီး အသက်ရှင်ကျန်ရစ်သူ စက်လှေသမားတွေရဲ့ ပြောဆိုချက်ကို အခြေခံပြီး ရေးသားထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။ ဒီအချက်တွေမှာ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်ပါ အကြောင်းအရာတွေနဲ့ ကွဲလွဲတာတွေ ရှိနေပါတယ်။  

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ အောက်တိုဘာ ၂၈ ရက် မနေ့ညက ထုတ်ပြန်ကြေညာချက်မှာ.. ဒီစက်လှေ ပေါ်လိုက်လာတဲ့  AA အဖွဲ့က တပ်မတော်စစ်ရေယာဉ်တွေကို စတင်ပစ်ခတ်တာကြောင့် တပ်မတော်က ပြန်လည် ပစ်ခတ်ခဲ့တာလို့လည်း ဖော်ပြထားပါတယ်။

တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတဲ့... "AA အကြမ်းဖက်သောင်းကျန်းသူတွေက စက်လှေပေါ်ကနေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တယ်" ဆိုတဲ့ အချက်နဲ့ပတ်သက်လို့ အသက်ရှင်လျက် လွတ်မြောက်လာတဲ့ စက်လှေဝန်ထမ်း သုံးဦးထဲက ကိုကံအေးချမ်းကို RFA က မေးမြန်းရာမှာ... သူတို့ လေးဦးစလုံးဟာ AA အဖွဲ့နဲ့ ပတ်သက်မှုမရှိသလို စက်လှေပေါ်မှာလည်း သူတို့ လေးဦးကလွဲလို့ ဘယ်သူမှ ပါမလာကြောင်း၊ လက်နက်ဆိုလို့ သူတို့မှာ ဓားကောင်းကောင်းတစ်ချောင်းတောင် မပါကြောင်း၊ တပ်မတော်ရေယာဉ်က စစ်ဆေးရင် အဆင်သင့်ဖြစ်အောင် သူတို့ လေးဦးစလုံးဟာ စက်လှေခေါင်မိုးပေါ်မှာ ရှိနေခဲ့ကြကြောင်း RFA ကို ပြောဆိုပါတယ်။

ဒဏ်ရာရသူနှစ်ဦးထဲက တစ်ဦးဖြစ်သူ အသက် ၃၄ နှစ်အရွယ် ဦးမောင်သန်းဝေက သူတို့စက်လှေနဲ့ ပတ်သက်လို့ တပ်မတော် ရေယာဉ်ထံမှာ လုံခြုံရေးအရ စစ်ဆေးခံပြီး တရားဝင်ခွင့်ချက် စာရွက်စာတမ်းတွေကို ထုတ်ပြဖို့ ကြိုးစားနေချိန်မှာပဲ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခံခဲ့ရတာလို့ ပြောပါတယ်။

“ကျွန်တော်တို့ မနေ့က ICRC အဖွဲ့ရဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ ပေးဖို့ သွားတာပါ။ တပ်နဲ့ ပြိန်းတောရွာနားမှာ တွေ့ပါတယ်။ သူတို့က အထက်ပိုင်းကနေ ဆင်းလာတာ၊ ကျွန်တော်တို့ကတော့ အတက်ပေါ့။ သူတို့လည်း စက်အရှိန် လျှော့ထားတယ်။ ကျွန်တော်တို့လည်း စက်အရှိန် လျှော့ထားပါတယ်။ ကျွန်တော်တို့ကလည်း သူတို့ခေါ်စစ်မယ်ဆိုရင် အဆင်သင့်ဖြစ်အောင် ဆိုပြီးတော့ စာရွက်စာတမ်းတွေကိုပါ လက်မှာ အဆင်သင့် ကိုင်ထားပါတယ်။ အဲဒီအချိန်မှာပဲ သူတို့ ပြိန်းတောချောင်းထဲဘက် ဝင်သွားပြီးနောက် ပြန်လှည့်လာပါတယ်။ ပြန်လှည့်လာတော့ ကျွန်တော်တို့ကလည်း လှမ်းခေါ်မယ်ထင်လို့ လှေကို သူတို့အနီးကို သွားကပ်ဖို့ကြိုးစားတယ်။ အဲဒီမှာ သူတို့က အကပ်မခံဘဲ ပစ်တော့တာပဲ”

တပ်မတော်ရေယာဉ်နှစ်စီးကနေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ တရစပ် ပစ်ခတ်လို့ လှေပေါ်ပါလာသူ လေးဦးစလုံးဟာ လှေဝမ်းထဲ ဝင်ပြေးပြီး ပုန်းအောင်းနေခဲ့ကြရတယ်လို့ ဆိုပါတယ်။

အဲဒီအချိန်မှာပဲ လက်နက်ကြီးကျည်တစ်လုံးဟာ ဆီပေပါကို ထိမှန်ပေါက်ကွဲပြီးတော့ မီးစတင် လောင်ကျွမ်းခဲ့တာလို့ ပြောပါတယ်။

မီးလောင်ကျွမ်းနေတဲ့ စက်လှေပေါ်ကို တပ်မတော်သားတချို့ တက်လာပြီး ICRC အမှတ်တံဆိပ်ပါ ရိက္ခာပစ္စည်းတွေကို ကြည့်ပြီးတော့ ပြန်ဆင်းသွားကြတယ်လို့ အဲဒီလှေပေါ်မှာ ပုန်းအောင်းနေခဲ့ရတဲ့ လှေဝန်ထမ်း ကိုကံအေးချမ်းက ပြောပါတယ်။

“ပထမဆုံးတစ်ချက် စပစ်တော့ မထိသေးဘူး။ ကျွန်တော်လည်း လှေဝမ်းထဲကို ဆင်းပြေးလိုက်တယ်။ ကျွန်တော် လှေဝမ်းထဲမှာ ပုန်းနေချိန်မှာပဲ သူတို့က လက်နက်ကြီးတွေနဲ့ ပစ်ပါတယ်။ အဲဒီအချိန်မှာပဲ ဆီပေပါကို ထိမှန်ပြီးတော့ လှေက မီးစလောင်ပါတယ်။ ကျွန်တော်တို့လည်း တော်တော် ကြောက်နေကြတယ်။ သူတို့က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အသားကုန်ပစ်တာ။ အဲလိုပစ်ရင်း သူတို့ရဲ့ ဇက်ရေယာဉ်နဲ့ ကျွန်တော်တို့လှေကို ကမ်းနားကို တွန်းပါတယ်။ ကမ်းကိုတွန်းရင်း သူတို့က ကျွန်တော်တို့လှေပေါ်ကို တက်လာကြပါတယ်။ တက်လာတော့ လှေဝမ်းထဲပုန်းနေတဲ့ ကျွန်တော်တို့က ပြေးဖို့ အချိန်မရလိုက်ဘူး။ သူတို့က ပစ္စည်းတွေကို အုပ်ထားတဲ့ တာပေါ်လင်စကို ဖွင့်ကြည့်ပါတယ်။ စားကုန်ပစ္စည်းတွေက ICRC တံဆိပ်နဲ့ဆိုတော့ ICRC အဖွဲ့ကလို့ သူတို့ သိသွားပုံရပါတယ်။ ပြီးတော့ တာပေါ်လင်စကို ပြန်အုပ်ထားလိုက်တယ်။ သူတို့တက်လာတာ၊ ပြန်ဆင်းတာတွေကို ကျွန်တော်တို့ အတိုင်းသား ကြားနေရပါတယ်”

တပ်မတော်သားတွေက လှေပေါ်ကနေ ဆင်းသွားကြပြီးနောက် လှေပေါ်ပုန်းနေခဲ့တဲ့ လှေဝန်ထမ်းသုံးဦးဟာ ရေထဲကို ခုန်ဆင်းပြီးတော့ ထွက်ပြေးလွတ်မြောက် လာကြတာလို့ ဆိုပါတယ်။

ဒီဖြစ်စဉ်ကြောင့် စက်လှေနဲ့ စားနပ်ရိက္ခာတွေ မီးလောင် ပျက်စီးသွားသလို စက်လှေဝန်ထမ်း လေးဦးအနက် တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့တာပါ။ အသက် ၂၀ အရွယ် ကိုမောင်ချေကတော့ လှေပေါ်မှာပဲ မီးလောင်ကျွမ်း သေဆုံးသွားပြီး အသက် ၅၀ အရွယ် ဦးလှဝင်းမောင်နဲ့ အသက် ၃၄ နှစ်အရွယ် ဦးမောင်သန်းဝေတို့ နှစ်ဦးက လောင်ဒဏ်ရာတွေ အသီးသီးရရှိခဲ့ကြပါတယ်။

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)က တော့ အဲဒီစက်လှေဟာ ICRC အဖွဲ့ရဲ့ အကူအညီတွေကို သယ်ယူပို့ဆောင်ပေးနေတဲ့ အငှားမော်တော်ယာဉ်တစ်စီး ဖြစ်ပြီး မနေ့က ဖြစ်ရပ်အပေါ် လွန်စွာ ဝမ်းနည်းရကြောင်း မနေ့က ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ ICRC ရဲ့ ထုတ်ပြန်ချက်မှာ... လှေပေါ်ပါလာတဲ့ စက်လှေဝန်ထမ်း လေးဦးဟာ ICRC ဝန်ထမ်းတွေ မဟုတ်ကြောင်း၊ သူတို့ဟာ စက်လှေမောင်းဝန်ထမ်းတွေလို့ ဖော်ပြထားပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ စိစစ်မေးမြန်းနိုင်ဖို့ RFA က ICRC အဖွဲ့ ပြောခွင့်ရသူကို ဆက်သွယ်နေဆဲ ဖြစ်ပါတယ်။

တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ရဲ့ မနေ့က ထုတ်ပြန်ချက်မှာတော့ မနေ့က ရသေ့တောင်မြို့နယ် မေယုမြစ်အတွင်း အုပ်ချုပ်မှု ကိစ္စရပ်တွေဆောင်ရွက်နေတဲ့ တပ်မတော်စစ်ရေယာဉ် ၃ စီးဟာ မနေ့မနက်ပိုင်းမှာ အောင်ဇေယျကျေးရွာကနေ ရသေ့တောင်မြို့ကို ခုတ်မောင်းလာစဉ် အောင်ဇေယျ ကျေးရွာရဲ့ တောင်ဘက် မီတာ ၂၀၀၀ ခန့်အကွာ မင်းကျွန်းအနီးကိုအရောက်၊ အနောက်ဘက်ကမ်းက အရှိန်နဲ့ မောင်းနှင်လာတဲ့ စက်လှေပေါ်ကနေ AA အကြမ်းဖက် သောင်းကျန်းသူတွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ နှောက်ယှက် ပစ်ခတ်လို့ တပ်မတော် စစ်ရေယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာမှာ AA အကြမ်းဖက် သောင်းကျန်းသူတွေ စီးနင်းလာတဲ့ အဲဒီစက်လှေဟာ မီးစွဲလောင်ပြီး မေယုမြစ်အတွင်း မျောပါသွားခဲ့တယ်လို့ ပါရှိပါတယ်။

တပ်မတော်ရဲ့ ထုတ်ပြန်ပြောဆိုချက်တွေနဲ့ အခင်းဖြစ်တဲ့လှေပေါ်မှာ လိုက်ပါလာတဲ့သူတွေရဲ့ ပြောဆိုချက်တွေ ကွဲလွဲနေတာနဲ့ ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က အကြိမ်ကြိမ် ဆက်သွယ်မေးမြန်း ခဲ့ပေမယ့် ဒီညနေ ၅ နာရီထိ ဖုန်းလက်ခံဖြေကြားတာ မရှိခဲ့ပါဘူး။

AA တပ်ဖွဲ့ဝင်တွေ စီးနင်းလာတဲ့ စက်လှေဖြစ်ပြီး တပ်မတော်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်တာဆိုတဲ့ တပ်မတော်ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့  AA အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခ က... ဗုဒ္ဓဟူးနေ့မနက်က ပစ်ခတ်ခံရတဲ့ စက်လှေအနီးမှာ AA အဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာမရှိဘူးလို့ RFA ကို ပြောပါတယ်။

မနေ့က ဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရခဲ့တဲ့ စက်လှေဝန်ထမ်းနှစ်ဦးကို စေတီပြင်တိုက်နယ် ဆေးရုံကို ပို့ဆောင်ခဲ့ပြီး အဲဒီကတစ်ဆင့် စစ်တွေဆေးရုံကြီးကို ဆက်လက်ပို့ဆောင်ရာမှာ မိုးချုပ်သွားတဲ့အတွက် ရသေ့တောင်မြို့နယ် လောင်းချောင်းကျေးရွာမှာ ညအိပ် ရပ်နားခဲ့ရပါတယ်။

ဒီနေ့မနက်မှာ ICRC အဖွဲ့ရဲ့အမြန်ယာဉ်တွေနဲ့ လူနာတွေကို သွားရောက်ခေါ်ယူဖို့ စီစဉ်ရာမှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဆီက ခွင့်ပြုချက်ကို ဒီနေ့ ညနေပိုင်းမှ ရရှိခဲ့ပြီး ဒဏ်ရာရသူနှစ်ဦးကို  စစ်တွေဆေးရုံကို ဒီနေ့ညနေပိုင်းမှာ သယ်ယူပို့ဆောင်ပေးခဲ့တယ်လို့  အကူအညီ ပေးနေသူတွေက ပြောပါတယ်။

ရသေ့တောင်မြို့နယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်ကတော့ အားလုံးအတွက် အဆင်ပြေစေဖို့အတွက် လှေအဝင်အထွက်တွေကို စနစ်တကျနဲ့ စီစစ်တဲ့နည်းလမ်းနဲ့ ဆောင်ရွက်သင့်တယ်လို့ အကြံပြုပါတယ်။

“လုံခြုံရေးတင်းကျပ်စေချင်ရင်လည်း အဝင်အထွက် မြစ်ဝမှာ စစ်ဆေးရေးဂိတ်တွေဖွင့်လို့ရတယ်။ အထောက်အထားတွေ ပါလား၊ ဖြတ်သန်းသွားလာခွင့်တွေ ပါလား၊ ဘာကိစ္စသွားလဲ... အဲလိုမျိုးတွေ လုပ်ထားရင်ကောင်းမယ်။ အခုက နိုင်ငံတကာ အဖွဲ့အစည်း ဖြစ်နေတော့ တိုင်းပြည်လည်း ပုံရိပ်ဆိုးတာပေါ့။ ဆိုတော့ အဲလိုမျိုး စနစ်တကျနဲ့ သွားသင့်သွားထိုက်တဲ့ လှေတို့ သင်္ဘောတို့ကို သွားခွင့်ပေးလိုက်၊ အဲလိုမျိုးဆိုရင် အကုန်လုံးအတွက် အဆင်ပြေမယ်လို့ ယူဆပါတယ်”

ရသေ့တောင်မြို့နယ် အပါအဝင် ရခိုင်မြောက်ပိုင်းက မြို့နယ်အချို့မှာ တပ်မတော်နဲ့ AA အဖွဲ့အကြား တိုက်ပွဲတွေ ပြင်းထန်နေဆဲ ဖြစ်ပါတယ်။

RFA က စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာလကနေ မနေ့ကအထိ သေဆုံးတဲ့ အရပ်သား ၃၀၃ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူပေါင်း ၆၇၂ ဦးအထိ ရှိနေပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/icrc-boat-attack-10292020082551.html

ICRC ရိက္ခာတင် လှေဝန်ထမ်းတွေ ပြောကြားချက်နဲ့ တပ်မတော်ထုတ်ပြန်ချက် ကွဲလွဲနေ  ICRC ရိက္ခာတင် လှေဝန်ထမ်းတွေ ပြောကြားချက်နဲ့ တပ်မတော်ထုတ်ပြန်ချက် ကွဲလွဲနေ Reviewed by THITHTOOLWIN on 02:21 Rating: 5

No comments:

Powered by Blogger.