ICRC ရိက္ခာတွေတင်လာတဲ့ စက်လှေ ပစ်ခတ်ခံရလို့ အရပ်သား တစ်ဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာရ

ရသေ့တောင်မြို့နယ်မှာ ၂၀၂၀ အောက်တိုဘာ ၂၈ ရက်နေ့က (ICRC)အဖွဲ့က ပစ်ခတ်ခံရတဲ့ စက်လှေကို တွေ့ရစဉ် / Photo: CJ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ ဒီနေ့နေ့လယ်ပိုင်းက အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) အဖွဲ့က စစ်ဘေးဒုက္ခသည်တွေကို ထောက်ပံ့မယ့် ရိက္ခာတွေ တင်လာတဲ့ စက်လှေတစ်စီးဟာ မေယုမြစ်ထဲမှာ ပစ်ခတ်ခံရလို့ စက်လှေပေါ်ပါလာတဲ့ အရပ်သားတစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာ ရသွားခဲ့တယ်လို့ ဒေသခံတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေက RFA ကိုပြောပါတယ်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ ဒီနေ့နေ့လယ်က အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က စစ်ဘေးဒုက္ခသည်တွေကို ထောက်ပံ့မယ့်ရိက္ခာတွေကို သွားပို့တဲ့ စက်လှေဟာ ကံပြင်ကျေးရွာအနီး မေယုမြစ်ထဲမှာ ပစ်ခတ်ခံခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီပစ်ခတ်မှုကြောင့် စက်လှေပေါ်ပါလာတဲ့ အရပ်သားတစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရသွားခဲ့သလို စက်လှေလည်း မီးလောင်သွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

အဲဒီစက်လှေဟာ သေ့တောင်မြို့နယ်ကနေ ဘူးသီးတောင်ကိုသွားနေစဉ် မေယုမြစ်ထဲမှာ ကင်းလှည့်နေတဲ့ တပ်မတော်ရေယာဉ်က ပစ်ခတ်ခဲ့တာလို့ သေဆုံးသူနဲ့ ဒဏ်ရာရသူတွေကို သွားရောက်ကယ်ထုတ်ခဲ့တဲ့ ပြင်ဝန်းကျေးရွာက လုံခြုံရေးအရ အမည်မဖော်လို့ ရွာသားတစ်ဦးက ပြောပါတယ်။

“ICRC ဘုတ်က ဘူးသီးတောင်ဘက်ကို သွားတာပေါ့နော်။ အစိုးရဇက်ကတော့ ရသေ့တောင်ဘက်ကို အလာ။ အဲဒီမှာ သူတို့နဲ့ ရှေ့ဆိုင်ကျပြီးတော့ ဖြစ်သွားတာ။ လက်နက်ကြီးတွေနဲ့ ပစ်တယ်။ နောက်ပြီးတော့ စက်သေနတ်တွေနဲ့ ပစ်တယ်။ ဖြစ်တာကတော့ ဒီလိုပါပဲ။ အဲဒီဘုတ်က မီးထတောက်သွားတယ်။ လူသေတာက တစ်ယောက်။ သုံးယောက်က ဒဏ်ရာရတယ်။ အခုဒဏ်ရာရတဲ့သူတွေက စေတီပြင်ဆေးရုံကို ပို့လိုက်ပြီ။ လက်နက်ကြီးဆံ ဒဏ်ရာနဲ့သေတာပါ။ သူတို့ပစ်တာရပ်တာနဲ့ ကျွန်တော်တို့ အဲဒီလူတွေကို သွားကယ်ထုတ်တာ ဖြစ်ပါတယ်။ အဲဒီလူတွေရဲ့ နာမည်တွေ အသက်တွေကိုတော့ မသိရသေးပါဘူး။ အခုသေဆုံးသွားတဲ့သူကို ဘယ်နေရာကိုယူရမလဲ။ ဘယ်ကိုပို့ရမလဲဆိုတာ လုပ်နေဆဲပဲဖြစ်တယ်”

စက်လှေပေါ်ပါလာတဲ့ စားနပ်ရိက္ခာတွေလည်း စက်လှေနဲ့အတူ မီးလောင်ပျက်စီးသွားတယ်လို့ သူက ဆိုပါတယ်။

သေဆုံးသူဟာ အသက် ၂၀ အရွယ် ကိုမောင်ချေဖြစ်ပြီး ဒဏ်ရာရသူ နှစ်ဦးက အသက် ၃၄ နှစ်အရွယ် ဦးမောင်သန်းဝေနဲ့ အသက် ၅၀ အရွယ် ဦးလှဝင်းမောင်တို့ ဖြစ်ပါတယ်။

ဒီနေ့မနက်က တိုက်ခိုက်ခံရတဲ့ စက်လှေမှာ အတူလိုက်ပါသွားတဲ့ ကိုကံအေးချမ်းက သူတို့စက်လှေဟာ ဒီနေ့မနက် အစောပိုင်းက စစ်တွေမြို့ကနေ ဘူးသီးတောင်မြို့နယ် ဆင်ခုန်းတိုင်ကျေးရွာက ရခိုင်နဲ့ မွတ်စလင်ဒုက္ခသည် တွေကို ရိက္ခာဖြန့်ဝေဖို့ ထွက်ခွာလာခဲ့တာဖြစ်ကြောင်း၊ မွန်းလွဲ ၁၁ နာရီလောက်မှာ ရသေ့တောင်မြို့နယ်အတွင်း မေယုမြစ်ထဲမှာ တပ်မတော် ဇက်ရေယာဉ်နဲ့ ၄ ဖာလုံလောက်အကွာမှာ တစ်စုံတစ်ရာ ဟန့်တားခဲ့တာ မရှိဘဲ ပစ်ခတ်ခဲ့ကြကြောင်း ပြောပါတယ်။

ကနဦး ဇက်ရေယာဉ်တစ်စီးကနေ လက်နက်ငယ်တွေ စပစ်ကြောင်း၊ မကြာခင်မှာ နောက်ထပ် တပ်မတော် ဇက်ရေယာဉ်တစ်စီးကပါ ထပ်မံပစ်ခတ်ခဲ့ကြောင်း၊ တပ်မတော် ဇက်ရေယာဉ်ပေါ်ကနေ ပစ်ခတ်တဲ့ လက်နက်ငယ်တွေဟာ အချက်ပေါင်း တစ်ရာကျော်ခန့်ရှိနိုင်ကြောင်းနဲ့ လက်နက်ကြီးကတော့ ဆယ်ချက်ထက်မနည်းရှိကြောင်းနဲ့ ပစ်ခတ်ခံရချိန်အတွင်း စက်လှေပေါ်လိုက်ပါလာသူ လေးဦးစလုံးက လှေဝမ်းထဲကို ဝင်ပုန်းရာမှာ လက်နက်ကြီးတွေဟာ လှေပေါ်က ဆီပေပါကို ထိမှန်ပေါက်ကွဲရာကနေ မီးလောင်သွားတာကြောင့် လှေဝန်ထမ်းတစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့တာလို့ ကိုကံအေးချမ်းက ပြောပါတယ်။

ဒဏ်ရာရသူ နှစ်ဦးကိုတော့ စေတီပြင်တိုက်နယ် ဆေးရုံကနေတဆင့် စစ်တွေဆေးရုံကြီးကို ဒီနေ့ညနေက ပို့ဆောင်ဖို့ ပြင်ဆင်နေကြတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

ရသေ့တောင်မြို့နယ်မှာ စစ်ဘေးဒုက္ခသည်တွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ဒေါ်မိုးချေကတော့ အဲဒီစက်လှေဟာ ရသေ့တောင်မြို့နယ်က စခန်းအချို့မှာ ကယ်ဆယ်ရေးပစ္စည်းတွေပေးပြီး ဘူးသီးတောင်မြို့နယ်ဘက်ကို ဆက်သွားရာမှာ ပစ်ခတ်ခံရတာလို့ ပြောပါတယ်။

“သူတို့ပြောတာက ICRC ကနေပြီး ရေတပ်ကိုလည်း အကြောင်းကြားထားတယ်လို့ အဲဒီလိုပြောတယ်။ ပြီးတော့ ဘုတ်ငှားပြီးတော့ အဲဒီဘက်ကို ကယ်ဆယ်ရေးပစ္စည်းတွေ သွားပို့တာ။ သူတို့က ဒီမှာ ရသေ့တောင်ကို ပေးတယ်။ ဘူးသီးတောင်ကို ပေးတယ်။ ပြီးတော့ မယူကမ်း ကံပြင်ရယ်၊ စေတီပြင်ရယ် အဲဒီမှာ သွားပေးတယ်။ အခုတော့ သူတို့ဘူးသီးတောင်ကို ပေးမယ် ဘူးသီးတောင်ကိုဖြတ်မယ်ဆိုပြီး ရေတပ်ကို အကြောင်းကြားထားတယ်လို့ ပြောတယ် ICRC ကတော့။ ပစ္စည်းတွေနဲ့သွားတော့ ပြိန်တောနားကို မရောက်ခင်မှာ ဇက်ကနေပြီးတော့ပစ်တာ။ ဇက်ကပစ်တော့ ဘုတ်မှာထိသွားတယ်။ မီးလောင်သွားတယ်။ မီးခိုးတွေ ထွက်နေတာကတော့ ဒီကနေမြင်ရတယ်။ ပစ်တာကတော့ မနက်က ဇက်တက်ကတည်းက ပစ်နေတာ”

ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်ကတော့ အခုလို စစ်ဘေးဒုက္ခသည် တွေကို ကူညီပေးနေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ စက်လှေကို ပစ်ခတ်တာဟာ ဘယ်လိုမှ မဖြစ်သင့်ဘူးလို့ ပြောပါတယ်။

“ICRC ပစ္စည်းတွေတင်တဲ့ မော်တော်ယာဉ် ကံပြင်ရွာနားမှာ အပစ်ခံရတယ်။ လက်နက်ကြီးထိတယ်။ လေးဦးထိတာမှာ တစ်ဦး ဆုံးသွားတယ်။ သုံးဦးက ဒဏ်ရာရတယ်။ နှစ်ယောက်က ဒဏ်ရာပြင်းထန်တယ်။ သူတို့မှာ ကျည်ဒဏ်ရာ၊ မီးလောင်တဲ့ ဒဏ်ရာရော နှစ်ခုစလုံးပါတယ်လို့ပြောတယ်။ ဒါတွေကတော့ မဖြစ်သင့်ဘူးပေါ့။ အရပ်သား မော်တော်ဘုတ်တွေကို အထူးသဖြင့် နိုင်ငံတကာနဲ့ပတ်သက်တဲ့ ဒီ ICRCမော်တော်ယာဉ်တွေကို မထိခိုက်အောင် ရှောင်ရှားဖို့လိုတယ်။ သူတို့က အဓိကစစ်ဘေးရှောင် ဒုက္ခသည်တွေဆီကိုလိုအပ်တဲ့ ပစ္စည်းတွေ အကူအညီသွားပို့တာ။ ပိုပြီးတော့ ဂရုစိုက်ပေးရမယ်”

တပ်မတော်က ပစ်ခတ်တယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဒီနေ့ညနေ ငါးနာရီခွဲအထိ အဆက်အသွယ်မရခဲ့ပါဘူး။

တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ကတော့ မီးလောင်ပျက်စီးသွားတဲ့ စက်လှေဟာ ရက္ခိုင့်တပ်တော် AA အဖွဲ့ဝင်တွေ စီးနင်းလာတဲ့စက်လှေဖြစ်ပြီး အဲဒီကနေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာကြောင့် တပ်မတော်က ပြန်လည်ပစ်ခတ်ခဲ့တာဖြစ်ကြောင်း ဒီနေ့ညမှာ သတင်းထုတ်ပြန်ပါတယ်။ တပ်မတော်က ICRC ကို ဆက်သွယ်မေးမြန်းရာမှာလည်း မီးလောင်နစ်မြုပ်သွားတဲ့ စက်လှေဟာ ICRC စက်လှေမဟုတ်ကြောင်း ပြောတယ်လို့ ဆိုပါတယ်။

သေဆုံး ဒဏ်ရာရသူ အပါအဝင် စက်လှေပေါ်မှာပါဝင်သူ လေးဦးစလုံးဟာ လွန်ခဲ့တဲ့ ၃ လလောက်ကစလို့ ICRC အဖွဲ့ရဲ့ ကယ်ဆယ်ရေးပစ္စည်းတွေကို စက်လှေနဲ့ ဖြန့်ဝေခဲ့ရကြောင်း၊ အခုလိုသွားရာမှာလည်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်တွေပါကြောင်း စက်လှေမှာလိုက်ပါလာပြီး လွတ်မြောက်ခဲ့တဲ့ ကိုကံအေးချမ်းက RFA ကို ပြောပါတယ်။

အဲဒီစက်လှေဟာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ စားနပ်ရိက္ခာတွေကို အငှားသွားပို့တဲ့ ပြင်ပက အရပ်သားစက်လှေဖြစ်တယ်လို့ ICRC က ပြောပါတယ်။

ဒီနေ့ဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်တွေမြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရုံးကို RFA က ဆက်သွယ်မေးမြန်းရာမှာ ဖြစ်စဉ်နဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၁၉ ဇွန်လကုန်ကလည်း ကျောက်တော်မြို့နယ် ကျောက်ကြပ်ရွာနားမှာ ICRC ရဲ့ ၆ စီးပါတဲ့ ရိက္ခာပို့ယာဉ်တန်း တိုက်ခိုက်ခဲ့ရဖူးပါတယ်။ အလားတူ ဒီနှစ် ဧပြီလ ၂ဝ ရက်နေ့ကလည်း ရခိုင်ပြည်နယ်က ကိုရိုနာဗိုင်းရပ်စ်သံသယနဲ့ စောင့်ကြည့်ခံရသူတွေရဲ့ တို့ဖတ် နမူနာတွေကို ဓာတ်ခွဲစစ်ဆေးဖို့ WHO ဝန်ထမ်း ဦးပြည့်စုံဝင်းမောင်နဲ့ အစိုးရကျန်းမာရေး ဝန်ထမ်း ဦးအောင်မျိုးဦး တို့ မော်တော်ကားနဲ့ ရန်ကုန်ကိုသွားရာမှာ မင်းပြားမြို့နယ် ရာမောင်ဇက်ဆိပ်အနီးမှာ ပစ်ခတ်ခံခဲ့ရပါတယ်။ WHO ဝန်ထမ်း ဦးပြည့်စုံဝင်းမောင် ကတော့ အဲဒီနေ့ညမှာပဲ ဒဏ်ရာတွေနဲ့ မင်းပြားဆေးရုံမှာ ကွယ်လွန်ခဲ့ပါတယ်။ WHO ဝန်ထမ်း သေဆုံးမှုကို စုံစမ်းစစ်ဆေးဖို့ အစိုးရက ကော်မတီဖွဲ့ထားပေမယ့် ဘယ်အဖွဲ့ကပစ်လို့ သေဆုံးတယ်ဆိုတာကို ဒီနေ့အချိန်ထိ တိတိကျကျ ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပါဘူး။

RFA က ရရှိထားတဲ့စာရင်းတွေအရ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂၁၀၉ ခုနှစ်ဒီဇင်ဘာကနေ အခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့အထိ သေဆုံးတဲ့ အရပ်သား ၃၀၂ ဦးနဲ့ ထိခိုက်ဒဏ်ရာရတဲ့အရပ်သား ၆၇၀ ဦးအထိရှိသွားပြီဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/icrc-boat-shot-down-10282020091520.html

ICRC ရိက္ခာတွေတင်လာတဲ့ စက်လှေ ပစ်ခတ်ခံရလို့ အရပ်သား တစ်ဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာရ  ICRC ရိက္ခာတွေတင်လာတဲ့ စက်လှေ ပစ်ခတ်ခံရလို့ အရပ်သား တစ်ဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 21:16 Rating: 5

No comments:

Powered by Blogger.