မြန်မာ COVID စမ်းသပ် ကာကွယ်ရေး ပစ္စည်းတွေ ကုလကူညီ

မှတ်တမ်းဓါတ်ပုံ- မေလ ၁၀ ရက်နေ့တုန်းက WFP နှငင့် UNICEF မှလှူသော COVID စမ်းသပ် ကာကွယ်ရေး ပစ္စည်းများ

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်းမြင့်တက်လာနေချိန်မှာ ကုလသမဂ္ဂအဖွဲ့ က ဌာနေ ညှိနှိုင်းဆောင်ရွက်ရေးမှူး Ola Almgren ဦးဆောင်တဲ့အဖွဲ့က တဆင့် ကပ်ရောဂါအတွက် လိုအပ်တာတွေကို ထောက်ပံ့ကူညီပေးခဲ့တယ်လို့ ကုလသမဂ္ဂ ပြောခွင့်ရ Stephane Dujarric ကပြောပါတယ်။

မြန်မာနိုင်ငံအတွက် ရောဂါထိန်းချုပ်ရေး အကူအညီအဖြစ် ရောဂါစစ်ဆေးရေး ကရိယာ test kits ၃၀၀,၀၀၀နီးပါး နဲ့တစ်ကိုယ်ရေး ကာကွယ်ရေး ပစ္စည်း ၂၆၀,၀၀၀ ကျော်ကိုပေးအပ်ခဲ့ကြောင်းနဲ့ လတ်တလော ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF နဲ့ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ်အဖွဲ့ WFP က လူ ၁ သန်းလောက်အတွက် ငွေကြေးအကူအညီပေးနေကြောင်း ပြောပါတယ်။

ဒါ့အပြင် အခုလို ကပ်ရောဂါဖြစ်ပွါးရတဲ့ အပေါ်မှာ ပုဂ္ဂလိက ကဏ္ဍနဲ့ ကျေးလက်ဒေသတွေကို ကြီးကြီးမားမားရိုက်ခတ်မှုရှိတာကို တွေ့ရှိနေကြောင်းကိုကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (UNDP)နဲ့ ကမ္ဘာ့ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေး အဖွဲ့ (FAO)က ပြောတယ်လို့Dujarric က ပြောပါတယ်။

ကျောင်းတွေပိတ်ထားရတဲ့ အတွက်လည်း WFP က မိသားစု ၁၄၅,၀၀၀ လောက်အတွက် အစားအသောက်တွေကို ထောက်ပံ့ပေး နေ တယ်လို့ ပြောပါတယ်။ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ UNESCO နဲ့ ကုလသမဂ္ဂ ကလေးများရံပုံငွေ အဖွဲ့ UNICEF တို့ပူးပေါင်းပြီး ဆရာ၊ ဆရာမ ၉၀,၀၀၀ ကျော်၊ ကျောင်းသားတွေနဲ့ မိသားစုတွေအတွက် လမ်းညွှန်ချက်တွေ ချမှတ်ပေးခဲ့ပြီး အိမ်ကနေ စာသင်နိုင်ဖို့ သင်ကြားရေး ပစ္စည်းတွေကိုလည်း ထောက်ပံ့ပေးခဲ့တယ်လို့ ပြောပါတယ်။

ဒါ့အပြင် နိုင်ငံတကာရွှေ့ပြောင်းအလုပ်သမားများ အကူအညီပေးရေး အဖွဲ့IOM ကလည်း ကပ်ရောဂါကာလ အလုပ်အကိုင်မရှိ တာကြောင့် မြန်မာနိုင်ငံကို ပြန်ရောက်လာတဲ့ ရွှေ့ပြောင်းလုပ်သား ၁၃၀,၀၀၀ နီးပါးကို သောက်ရေနဲ့ တခြားလိုအပ်တဲ့ ပစ္စည်းတွေ ထောက်ပံ့ ပေးအပ်ခဲ့တယ်လို့ ပြောခွင့်ရ Dujarric ကပြောပါတယ် ။

လောလောဆယ် မြန်မာနိုင်ငံက တကမ္ဘာလုံးအတိုင်းအတာနဲ့COVID-19 ကူးစက်မှုနှုန်း အများဆုံး နိုင်ငံပေါင်း (၉၀)စာရင်းထဲမှာ အဆင့် (၇၅)မှာရှိတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြုစုတဲ့ စာရင်းကို ကိုးကားပြီး မြန်မာနိုင်ငံ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီး ဌာနက အောက်တိုဘာ(၂၈) ရက် ကသတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အဆင့် ၇၆ မှာရှိနေခဲ့တာပါ။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ အခုအချိန်ထိ COVID-19ကူးစက်သူပေါင်း ၅၀၀,၄၀၃ ယောက်နဲ့ နဲ့ သေဆုံးသူ ၁၁,၉၉ ယောက်ရှိနေပြီ ဖြစ်ပါတယ်။ မနေ့က လူနာသစ် ၁,၃၃၁ ဦးရှိပြီး သေဆုံးသူက ၂၇ ဦး ရှိပါတယ်။


 ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-covid-un-test-kit-/5640722.html

မြန်မာ COVID စမ်းသပ် ကာကွယ်ရေး ပစ္စည်းတွေ ကုလကူညီ မြန်မာ COVID စမ်းသပ် ကာကွယ်ရေး ပစ္စည်းတွေ ကုလကူညီ Reviewed by THITHTOOLWIN on 02:55 Rating: 5

No comments:

Powered by Blogger.