ပြန်ဖွင့်စက်ရုံတချို့မှာ coronavirus ကူးစက်ပျံ့နှံ့ဖွယ်ရှိ

မှတ်တမ်းဓါတ်ပုံ - မေလ ၂၈ ရက်နေ့က COVID ကာကွယ်ရေးလုပ်ငန်းစဉ်နှစ်အညီ ဖွင့်ထားသော ရန်ကုန်ရှိ အထည်ချုပ်စက်ရုံတခု

ကိုဗစ်ရောဂါအဖြစ်များနေတဲ့ ရန်ကုန်မှာ စက်ရုံအလုပ်ရုံတချို့ ပြန်စဖွင့်ချိန်၊ လုပ်သားတွေအကြား ကူးစက်မူအနည်းနဲ့အများ စရှိလာနေတာအတွက်၊ ဆေးစစ်မူတွေလုပ်နိုင်ဖို့ ပြင်ဆင်နေပါပြီ။

ဘယ်လိုကူးစက်မူတွေဖြစ်ခဲ့ပြီး၊ ရှေ.ဆက်ဘယ်လိုသွားဖို့ရှိနေတာကို၊ ကုန်သည်စက်မူအသင်းချုပ် ဥက္ကဌ၊ ကျန်းမာရေးပြောခွင့်ရနဲ့၊ စက်မူဇုံတာဝန်ရှိသူတို့ကို ကိုဝင်းမင်းက မေးထားပါတယ်။

UMFCCI လို့အတိုခေါက်ခေါ်တဲ့ ကုန်သည်များနှင့် စက်မူလက်မူလုပ်ငန်းရှင်းများအသင်းချုပ် ဥက္ကဌ ဦးဇော်မင်းဝင်းက ကျန်းမာရေးဝန်ကြီးဌာနနဲ့ညှိုနှိုင်းပြီး ကုန်တင်ကားတွေအတွက် ဆေးစစ်ပေးရာကနေ၊ နောက်တစ်ဆင့် ဒီအလုပ်သမားတွေအတွက်ပါ စပြင်နေပြီလို့ ခုလိုဆိုပါတယ်။

“အခုကတော့အရင်ဆုံး ကုန်တင်ကားတွေသွားဖို့အတွက်ကို ဦးစားပေးပြီးတော့ သူတို့ စစ်ပေးနေရတယ်။ နောက်တစ်ခါလည်း တချို.စက်ရုံတွေကလည်း၊ ဝန်ထမ်းတွေကိုလည်း စစ်ပေးပါလို့ ပြောလာတဲ့အတွက်၊ အခု Antigen Rapid Test (အမြန်စစ်တာ) တင်းသွင်းဖို့ အစည်းအဝေးလုပ်ကြတယ်။ အစိုးရဆီမှာတောင် ဝယ်ထားတာတော့ ရှိတာပေါ့နော်။ ဒါပေမဲ့ အစိုးရကလည်းပဲ၊ တခြားဟာတွေလည်း အများကြီးသုံးစရာရှိတဲ့အတွက်ကြောင့်၊ အဲ့ဒီစက်ရုံတွေကိုပါ အများကြီး လုပ်ပေးရမယ်ဆို ခက်မှာပေါ့နော်။”

အဲ့ဒီတော့ အလုပ်သမားတွေကို ဘယ်တော့လောက် စစစ်ပေးနိုင်ပါလဲလို့ မေးရာမှာ ဦးဇော်မင်းဝင်းကပဲ

“ကျန်းမာရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ တင်သွင်းပြီးရင်တော့၊ သူတို့လည်း အပြင်မှာ စစ်ချင်တယ်ဆိုရင် စစ်လို့ရအောင် အစီအစဉ်တွေတော့၊ ကျွန်တော်ထင်တယ်၊ နောက်အပတ်လောက်ဆို စပြီးလုပ်လို့ရလိမ့်မယ်ထင်တယ်။”

ဒီနေရာမှာ စက်ရုံတွေမှာ ဘယ်လို ကူးစက်ခဲ့တာကို ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနပြောခွင့်ရ ဒေါက်တာသန်းနိုင်စိုးကို မေးရာမှာ၊ စုံစမ်းနေဆဲဖြစ်တယ်လို့ ခုလိုရှင်းပြပါတယ်။

“လိုအပ်တဲ့ဟာတွေ၊ စုံစမ်းစစ်ဆေးမူတွေလည်းလုပ်တယ်။ တစ်ခုရှိတာကတော့ စက်ရုံတွေပြန်ဖွင့်တော့၊ လူစုတာနဲ့ ကိုဗစ်နဲ့တော့ မတဲ့ဘူးပေါ့။ ဒါပေမဲ့လည်း စီးပွားရေးလုပ်ငန်းအရ စားဝတ်နေရေးတွေလည်း ရှိတဲ့အခါကျတော့၊ ကျွန်တော်တို့က လုပ်ရမှာပေါ့နော်။ အဲ့ဒီတော့ Public Health (ပြည်သူ့ကျန်းမာရေးပညာပေးကာကွယ်ရေး) အပိုင်းကတော့ ပိုအားဖြည့်ပြီး ဆောင်ရွက်ဖို့ ဆွေးနွေးတဲ့အထဲမှာလည်း ပါပါတယ်။။”

ဦးဇော်မင်းဝင်းကလည်း ပိုးတွေတာများတဲ့ မင်္ဂလာဒုံက မှန်ဘီလူးစက်ရုံတစ်ခုကိုသာ ပိတ်ထားပြီး၊ ကျန်စက်ရုံတွေမှာ နဲနဲသာပိုးစတွေ့ကာ ဆက်ဖွင့်ထားရတယ်လို့ ဆိုပါတယ်။

“တချို.စက်ရုံတွေတော့ ပိုးကူးတာလေးတွေ ရှိလည်း ရှိနေတယ်။ ဒါပေမဲ့လည်း တချို.လည်း သူ့ဟာသူ ပိုးကူးတဲ့သူတွေ၊ အဲ့ဒီနားမှာရှိတဲ့ Contact (အနီးကပ်တိုက်ရိုက်ထိတွေ့တာ) ရှိတဲ့သူတွေကိုပဲ၊ Quarantine (အသွားအလာကန့်သတ်တာ) ဆင်းတာတို့ လုပ်တာပေါ့နော်။ စက်ရုံတစ်ခုလုံး ပိတ်တဲ့အနေအထားတော့ သူတို့ မလုပ်သေးဘူးပေါ့။”

အဲ့ဒီတော့ ရှေ.မှာရော ဘယ်လိုဖြစ်လာနိုင်ပါလဲလို့ မေးရာမှာ ဦးဇော်မင်းဝင်းကပဲ

“ပိုးကူးတဲ့သူတွေ သိပ်များလာရင်တော့လည်း တမျိုးဖြစ်မယ်။ ဒါပေမဲ့ ခက်တာကလည်း စက်ရုံတွေပိတ်ရင်လည်း၊ အလုပ်သမားတွေအနေနဲ့ ဒီလစာတွေပြဿနာနဲ့ အများကြီးရှိနေတော့၊ သူတို့ရဲ့ Guideline (လမ်းညွှန်ချက်) အတိုင်းပေါ့လေ၊ A-Grade (A အဆင့်)၊ ရထားတဲ့သူတွေဆို ဖွင့်ခွင့်ပေးထားတယ်။ အခုဆိုရင် ဘာပြောပြော၊ တော်တော်လေး၊ ဒီလ ၁၂ ရက်ထဲက စပြီးတော့ လည်ပတ်နေတဲ့ စက်ရုံတွေလည်း လုပ်နေကြပြီပေါ့နော်။”

ဒီနေရာမှာ ရှေ.ဆက်ကူးစက်မူတွေကနေ ကာကွယ်ရေး ဘယ်လို အကြံပေးချင်ပါလဲလို့ မေးတာကို ဦးဇော်မင်းဝင်းက

“ကျန်းမာရေးဝန်ကြီးဌာနရဲ့ Guideline (လမ်းညွှန်ချက်) ကို တိတိကျကျ လိုက်နာဖို့ လိုသလို၊ သူတို့ရဲ့ အဆောင်တွေမှာလည်း တော်တော်လေး ဂရုစိုက်ဖို့လိုပါတယ်။ အခုဟာဖြစ်တာက အဲ့ဒီ အပြင်အဆောင်တွေမှာ နေရင်းနဲ့ပဲ ကူးလိုက်ကြတာပေါ့။ နောက်ဖယ်ရီကားစီးတာကအစပေါ့၊ သူတို့ရဲ့ Guideline အတိုင်းသွားမှပဲ အဆင်ပြေမယ်။ ဒါပေမဲ့လည်း အလုပ်သမားများတဲ့ဟာတွေကျတော့ ဖယ်ရီစီးရတဲ့ အခါ ခက်တာပေါ့။ တချို့လည်း နီးနီးနားနား၊ ဒီ စက်ရုံထဲမှာပဲ Dormitory (အဆောင်) တွေရှိလို့ရှိရင်တော့၊ အပြင်သိပ်မထွက်ရဘူးဆိုရင်တော့ အကူးနည်း တာပေါ့။ အပြင်မှာနေတဲ့သူကျတော့လည်း၊ အဆောင်ကလည်း၊ သိတဲ့အတိုင်း၊ ဝန်ထမ်းလေးတွေက သနားဖို့ကောင်းတာ၊ ကျဉ်းကျဉ်းလေးတွေနဲ့ စုနေကြရတော့၊ ကူးကြ၊ ပြုကြ ဖြစ်တာပေါ့နော်။”

ဒါ့အပြင် ဒီစက်ရုံတွေမှာ ကိုဗစ်ကာကွယ်ရေးစည်းကမ်းတွေ သေချာအောင် ကြီးကြပ်ပေးဖို့ အနေအထားကို မေးရာမှာ၊ ဦးဇော်မင်းဝင်းကဆက်ပြီး -

“ရန်ကုန်တိုင်းမှာတော့ စီစစ်ရေးကော်မတီတွေဖွဲ့နေပြီပေါ့နော်၊ ဖွဲ့ပြီးတော့ အဲ့ဒီစက်ရုံတွေကို လိုက်စစ်နေတာပေါ့။ တကယ်ရော ကျန်းမာရေးဝန်ကြီးဌာနရဲ့ Guideline (လမ်းညွန်ချက်) အတိုင်း ဒီပြင်ဆင်ထားတာ၊ အဲ့ဒီအတိုင်းရော လိုက်နာပြီး လုပ်သလားဆိုတာ စစ်နေတာပေါ့။”

ဒီနေရာမှာ မှော်ဘီမြို့၊ မြောင်းတကာစက်မူဇုံ ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး ဦးဇော်လွင်ကလည်း၊ အရင်ကူးစက်မူရှိခဲ့ပေမဲ့ အခုဆက်ထိန်းထားနိုင်ပြီး၊ လူနေကျဲတာကလည်း အထောက်အကူပြုတယ်လို့ ဆိုပါတယ်။

“ကျန်ခဲ့တဲ့လ ၂၀ ရက်နေ့ကနေပြီးတော့၊ ဟိုနင်း၊ ဘီးလပ်ဆိုတဲ့ အစာစက်ရုံကနေပြီးတော့ Delivery (ပါဆယ်ပို့တာ) လုပ်နေတဲ့ ကောင်လေး တစ်ယောက်တွေ့တယ်။ ကျန်တဲ့ဟာကတော့ မရှိသေးပါဘူး၊ ကျွန်တော်တို့ စက်မူဇုံမှာ။ ဇုံပြင်ပထဲမှာကျတော့၊ စိုက်ပျိုးရေးခြံတွေ၊ နှင်းဆီမြိုင်တို့ဘာတို့ပေါ့၊ အဲ့ဒီဘက်ကနေပြီးတော့ ပိုးတွေ့တာပေါ့။ ကျန်းမာရေးဌာနနဲ့တော့ စကားပြောကြည့်တာကတော့၊ စျေးသွားစျေးဝယ်က ထိတွေ့ပြီး ဖြစ်လာတဲ့သဘောမျိုးပေါ့။ ဒါတွေကိုလည်း သူတို့၊ ဒီဖက်က Contact တွေကို Quarantine Center (အသွားအလာကန့်စခန်း) ထဲပို့ပြီးတော့၊ အဲ့ဒီကနေ ပြန်ရောက်တဲ့သူတွေက ရောက်လာပါပြီ။”

တကယ်တော့ ကိုဗစ်အဖြစ်များနေတဲ့ ရန်ကုန်မှာကို၊ လူနေပိုထူထပ်ပြီး စက်ရုံတွေလည်းများတဲ့ မြောက်ဥက္ကလာ၊ လှိုင်သာယာနဲ့ မင်္ဂလာဒုံမြို့တွေမှာ ကူးစက်မူထိပ်ဆုံးရောက်နေကာ စက်ရုံတွေပြန်ဖွင့်လာချိန် ခုလိုကူးစက်မူတွေ စကြုံလာရတာပါ။ 


၀င်းမင်း/VOA (Burmese)

https://burmese.voanews.com/a/myanmar-factory-reopen-and-covid-/5623325.html

ပြန်ဖွင့်စက်ရုံတချို့မှာ coronavirus ကူးစက်ပျံ့နှံ့ဖွယ်ရှိ ပြန်ဖွင့်စက်ရုံတချို့မှာ coronavirus ကူးစက်ပျံ့နှံ့ဖွယ်ရှိ Reviewed by THITHTOOLWIN on 19:59 Rating: 5

No comments:

Powered by Blogger.