ဗီယက်နမ်နိုင်ငံမှာ အားပြင်းတဲ့ တိုက်ဖွန်းမုန်တိုင်း တိုက်ခတ်ခဲ့အပြီး မိုးအဆက်မပြတ် ရွာသွန်းမှုတွေကြောင့် ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုတွေအတွင်း အနည်းဆုံး လူ ၁၉ ဦး သေဆုံးခဲ့ပါတယ်။ နောက်ထပ် လူဒါဇင်နဲ့ချီလည်း ပျောက်ဆုံးနေပါတယ်။
မိုလာဗေ့ (Molave) တိုင်ဖွန်းမုန်တိုင်းဟာ ဗုဒ္ဓဟူးနေ့မှာ ဒါနောင်းမြို့အနီးက ပင်လယ် ကမ်းရိုးတန်းကို ဝင်ရောက်ခဲ့ပြီး မိုးကြီး လေပြင်းတွေလည်း တိုက်ခတ်ခဲ့ပါတယ်။
တိုင်ဖွန်း မုန်တိုင်းဒဏ်ကို ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းက လူတစ်သန်းကျော် ရင်ဆိုင် ကြုံတွေ့ခဲ့ရပြီး ထိခိုက်ပျက်စီးမှုတွေ အကြီးအကျယ် ရှိခဲ့ပါတယ်။
တနာရီ ၁၄၅ ကီလိုမီတာနှုန်းနဲ့ တိုက်ခတ်ခဲ့တဲ့ မိုလာဗေ့ မုန်တိုင်း မကျရောက်ခင် လူ ၃၇၅၀၀၀ လောက်ကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ပါတယ်။
ဒါပေမဲ့ ကြာသပတေးနေ့မှာတော့ တိုင်ဖွန်းမုန်တိုင်းဟာ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံဘက်ကို ဦးတည်သွားပြီ ဖြစ်ပြီး မြေပြိုမှုတွေ ဖြစ်ပွားခဲ့တဲ့ ဝေးလံခေါင်ဖျားတဲ့ ဗီယက်နမ်ရွာတွေက အသက်ရှင် ကျန်ရစ်သူတွေကို ကယ်ဆယ်ရေးသမားတွေက အပူတပြင်း ရှာဖွေနေကြပါတယ်။
ကွမ်နမ်ပြည်နယ်က ရွာသုံးရွာမှာ အနည်းဆုံး လူ ၁၉ ယောက်ရဲ့ ရုပ်အလောင်းတွေကို ရွှံ့နွံတွေထဲကနေ ကယ်ဆယ်ရေးသမားတွေ ဆွဲထုတ်ခဲ့ကြတယ်လို့ နိုင်ငံပိုင် သတင်းမီဒီယာမှာ ရေးသားထားပါတယ်။
လူဘယ်နှစ်ယောက် သေဆုံးခဲ့သလဲ ဆိုတာကတော့ လက်ရှိအချိန်ထိ တိတိကျကျ မသိရသေးသလို သေဆုံးသူဦးရေ နောက်ထပ် မြင့်တက်နိုင်တယ်လို့လည်း တချို့သတင်းတွေမှာ ခန့်မှန်း ဖော်ပြနေပါတယ်။
မြေထိုးစက်တွေ အသုံးပြုပြီး စစ်သားတွေက ရွှံ့တွေ ဖယ်ရှားနေကြသေဆုံးသူ ဦးရေ အနည်းဆုံး လူ ၄၀ ထက်မနည်း ရှိတယ်လို့ တချို့သတင်းတွေမှာ ဖော်ပြကြပေမဲ့ နောက်ထပ် လူအတော်များများ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။
"ကျွန်မ သမီးနှစ်ယောက်ကို အိမ်နီးနားချင်းတွေက ရွှံ့တွေထဲကနေ ဆွဲထုတ်ခဲ့ကြတယ်။ ကျွန်မ အဖေလည်း ဆုံးပြီ။ အခု ကျွန်မနားမှာ ဘယ်သူမှ မရှိတော့ဘူး။ အားလုံး ရွှံ့ထဲမှာ အသက်ဆုံး ခဲ့ကြပြီ" လို့ ဒေသခံ ဟို သီဟက AFP သတင်းဌာနကို ပြောပါတယ်။
ရာသီဥတု ဆိုးဝါးမှုကြောင့် အဟန့်အတား ဖြစ်ခဲ့တဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အကူအညီပေးဖို့အတွက် ရာနဲ့ချီတဲ့ စစ်သားတွေကို စက်ကိရိယာပစ္စည်း အစုံအလင်နဲ့ စေလွှတ်ထားပါတယ်။
မြေထိုးစက်တွေ အသုံးပြုပြီး စစ်သားတွေ ရှင်းလင်းရေးတွေ လုပ်နေရာ မြေပြိုခဲ့တဲ့ နေရာတခုကို ဗီယက်နမ် ဒုဝန်ကြီးချုပ် ကိုယ်တိုင် သွားရောက် ကြည့်ရှုခဲ့ပါတယ်။
"မုန်တိုင်းဝင်ရောက်လာနိုင်တဲ့ လမ်းကြောင်း ဒါမှမဟုတ် မိုးရေချိန် အတိုင်းအတာကို ကျွန်တော်တို့ ခန့်မှန်း တွက်ဆနိုင်ပါတယ်။
ဒါပေမဲ့ ဘယ်အချိန် မြေပြိုမှု ဖြစ်မလဲ ဆိုတာတော့ မခန့်မှန်းနိုင်ဘူး" လို့ သူက ပြောပါတယ်။
"လမ်းတွေမှာ ရွှံ့နွှံတွေ ထူထူထပ်ထပ် ဖုံးလွှမ်းနေပြီး မိုးဆက်သည်းထန်နေဆဲပါ။ ဒါပေမဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို မြန်မြန်ဆန်ဆန် ဆောင်ရွက်ရပါမယ်"လို့လည်း ဆိုပါတယ်။
တိုင်ဖွန်းကြောင့် နိုင်ငံအလယ်ပိုင်းမှာ လူနေအိမ် ထောင်သောင်းချီ အိမ်ခေါင်မိုးတွေ လန်သွားခဲ့သီးခြားဖြစ်စဉ်အနေနဲ့ ငါးဖမ်းသမား ၁၂ ယောက်ရဲ့ ရုပ်အလောင်းကို ကြာသပတေးနေ့မှာ ရှာတွေ့ခဲ့တယ်လို့ နိုင်ငံပိုင် သတင်းမီဒီယာမှာ ရေးသားထားပါတယ်။
တိုင်ဖွန်းမုန်တိုင်း စဝင်ရောက်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ သူတို့ရဲ့လှေ နစ်မြုပ်သွားခဲ့တာ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
ဗီယက်နမ်နိုင်ငံဟာ အောက်တိုဘာလ အစောပိုင်းကတည်းက မုန်တိုင်းတွေ၊ မိုးသည်းထန်မှုတွေနဲ့ ရေကြီးမြေပြိုမှုတွေနဲ့ ကြုံတွေ့ခဲ့ရတာပါ။
တိုင်ဖွန်း မိုလာဗေ့ဟာ ဒီလအတွင်း ဗီယက်နမ်နိုင်ငံမှာ တိုက်ခတ်ခဲ့တဲ့ ၄ ကြိမ်မြောက် မုန်တိုင်းဖြစ်ပါတယ်။
သီတင်းပတ်တွေနဲ့ချီ ရေကြီးမြေပြိုမှုတွေ ဆိုးဆိုးဝါးဝါး ဖြစ်ပွားခဲ့တဲ့ နေရာတွေမှာ ဒီတိုင်ဖွန်းမုန်တိုင်းကြောင့် အခြေအနေကို ပိုဆိုးဝါးသွား စေခဲ့ပါတယ်။
မုန်တိုင်း မတိုက်ခင်ကတည်းက လူ ၃ သိန်းကျော်ကို ဘေးလွတ်ရာကို ကြိုတင်ရွှေ့ပြောင်းပေးခဲ့တိုင်ဖွန်းဒဏ်ကြောင့် အိမ်ကိုးသောင်းလောက် ခေါင်မိုးတွေ လန်သွားခဲ့ပြီး ရပ်ကွက် ၇၀၀ ကျော်မှာလည်း လျှပ်စစ်မီးတွေ ပြတ်တောက်နေကြောင်း၊ အခြေခံ အဆောက်အအုံတွေနဲ့ စိုက်ခင်းတွေ ပျက်စီးသွားခဲ့သလို သန့်ရှင်းတဲ့ သောက်သုံးရေလည်း ပြတ်လပ်နေကြောင်း နိုင်ငံတကာ ကြက်ခြေနီအဖွဲ့က ပြောပါတယ်။
"တိုင်ဖွန်းမုန်တိုင်းကြောင့် ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းမှာရှိတဲ့ ထောင်သောင်းချီတဲ့ ပြည်သူတွေ ဆင်းရဲဒုက္ခ ရောက်နေကြရချိန်မှာ အခုလို ရေကြီးမြေပြိုမှုတွေကြောင့် လူတွေ အသက်ဆုံးရှုံးခဲ့ရတဲ့ အတွက် အရမ်းကို ဝမ်းနည်း စိတ်ထိခိုက်ရပါတယ်" လို့ ဗီယက်နမ် ကြက်ခြေနီအဖွဲ့ ဥက္ကဋ္ဌက ပြောပါတယ်။
ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းက ဒေသတွေမှာ စနေနေ့အထိ မိုးဆက်လက် သည်းထန်နိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားပါတယ်။
မိုလာဗေ့ မုန်တိုင်းဟာ ဗီယက်နမ်နိုင်ငံမှာ မတိုက်ခတ်ခင် ဖိလစ်ပိုင်နိုင်ငံကို အရင်ဖြတ်ကျော် ဝင်ရောက်ခဲ့တာပါ။
ဖိလစ်ပိုင်နိုင်ငံမှာလည်း ရေကြီးရေလျှံမှု၊ မြေပြိုမှုတွေကြောင့် လူ ၁၆ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဖိလစ်ပိုင် သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ တာဝန်ရှိသူတွေက ကြာသပတေးနေ့က ပြောပါတယ်။
BBC Burmese

No comments:
Post a Comment