မင်းပြားနဲ့ ပေါက်တောမှာ လက်နက်ကြီးကျည်ကြောင့် အရပ်သား ကိုးဦးဒဏ်ရာရ

မင်းပြားမြို့နယ် စက္ကရေကျေးရွာမှာ လက်နက်ကျည်ကျလို့ ဒဏ်ရအမျိုးသမီးကို အောက်တိုဘာလ ၂၉ ရက်နေက စစ်တွေဆေးရုံသို့ ယူဆောင်လာစဥ်။

Photo: Ni Min Tun/RFA

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ရပ်ဖို့နဲ့ လက်နက်ကိုင် ပဋိပက္ခတွေ အတွင်းမှာ ကလေးတွေ သေဆုံးဒဏ်ရာရတာ ၁ဝဝ ကျော်သွားပြီလို့ ကုလသမဂ္ဂ က သတိပေးခဲ့ပြီး ရက်ပိုင်းမှာပဲ နောက်ထပ် ထိခိုက်မှုတွေ ရှိနေပါတယ်။

မနေ့ကဆိုရင် မင်းပြားနဲ့ ပေါက်တောမြို့နယ်ထဲက မြစ်ကမ်းနဘေး ရွာတချို့ဟာ လက်နက်ကြီး၊ လက်နက်ငယ် တွေနဲ့ ပစ်ခတ်ခံရလို့ အရပ်သား ကိုးယောက် ဒဏ်ရာရခဲ့တဲ့အကြောင်း မိသားစုဝင်တွေကိုယ်တိုင်က RFA ကို ပြောပါတယ်။ ဒီအထဲမှာ အရွယ်မရောက်သေးတဲ့ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေ ပါဝင်ပါတယ်။

မင်းပြားမြို့နယ်ကဆိုရင်

စက္ကရေရွာက

    ၁၄ နှစ်အရွယ် ခြောက်တန်းကျောင်းသူ မသန်းသန်းစိုးနဲ့ မဋ္ဌေးဋ္ဌေးဝေ

    အသက် ၇ဝ ကျော်အရွယ် ဦးအောင်ကျော်နု

သက်ပုန်းရွာက

    ၃၂ နှစ်အရွယ် ဦးမျိုးမင်းဇော်

ပေါက်တောမြို့နယ်ကဆိုရင်

ကျော်ရှင်ရွာက

    ၆ နှစ်အရွယ် မဦးမြတ်ဝင်း

    ၂၉ နှစ်အရွယ် ဒေါ်သန်းနုခင်

    ၂၇ နှစ်အရွယ် ဒေါ်သန်းနုဝင်း

    ၅၈ နှစ်အရွယ် ဒေါ်မထွန်းစိန်

    ၅၅ နှစ်အရွယ် ဦးအောင်သာမောင် တို့ ဖြစ်တယ်လို့ မိသားစုဝင်တွေနဲ့ ရွာသားတွေက ပြောပါတယ်။

ဒဏ်ရာရသူတွေကို ပေါက်တောနဲ့ မင်းပြားက မြို့နယ်ဆေးရုံတွေကို ပို့ဆောင်ခဲ့ပြီး၊ ဒဏ်ရာပြင်းထန်တဲ့ မသန်းသန်းစိုးကိုတော့ ပေါက်တောဆေးရုံကနေ စစ်တွေဆေးရုံကို ဒီနေ့လယ်မှာပဲ အရေးပေါ် ပို့ဆောင် လိုက်ရပါတယ်။

မသန်းသန်းစိုးရဲ့ဖခင် ဦးကျော်ဆန်းကတော့ မြန်မာရေတပ်က ပစ်တာလို့ စစ်တွေမြို့မှာ သတင်းထောက်တွေ ကို ပြောပါတယ်။

“မနက် ၉ နာရီလောက်မှာ ကျနော်တို့ရွာဘက် လှည့်ပစ်တာပါ။ ကျနော့်သမီးက အိမ်မှာပဲ ပုန်းနေတာ။ အဲဒီအချိန် ကျည်ကလာမှန်တာ။ မြန်မာစစ်သားတွေက ပစ်တာပါ။ ဇက်ရေယာဉ် နှစ်စီးနဲ့ ရေယာဉ်ငယ် တစ်စီးပါ။ သူတို့ပစ်တာက ရွာထဲကိုပဲ များသောအားဖြင့် ပစ်ပါတယ်။ လက်နက်ကြီးက လေးငါးချက် လောက် ပစ်သွားတယ်။ ရွာထဲက မောင်ဘထွန်းအိမ်မှာတောင် မပေါက်သေးတဲ့ လက်နက်ကြီးကျည်တစ်လုံး ကျန်ခဲ့တယ်။ ရွာထဲကို ကျလာတာ”

ပေါက်တောမြို့နယ် ကျော်ရှင်ရွာမှာလည်း အသက် ၆ နှစ်အရွယ် ကလေးငယ် တစ်ဦး အပါအဝင် ငါးဦး ဒဏ်ရာရ သွားတယ်လို့ ကျော်ရှင်ရွာသား ဦးဆန်းဝင်း ကလည်း RFA ကို ပြောပါတယ်။

“နေ့လယ် ၁ နာရီခွဲလောက်မှာ လက်နက်ကြီးက အိမ်ကိုကျပြီးတော့ ပွင့်ထွက်သွားတာ။ လူကတော့ ငါးယောက် ဒဏ်ရာရတယ်။ ဒဏ်ရာရသူတွေကို လူမှုကူညီရေးကားနဲ့ ပေါက်တောဆေးရုံကို ယူသွားပြီ”

တပ်မတော်ရေယာဉ်က ပစ်ခတ်တာဆိုတဲ့ ဒေသခံတွေရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ညနေစောင်းအထိ ဖုန်း ၁၇ ကြိမ်ခေါ်ဆိုခဲ့ပေမယ့် လက်ခံဖြေဆိုမှု မရှိခဲ့ပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (OHCHR) ကနေ အောက်တိုဘာ ၂၁ ရက်နေ့က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ရခိုင်ပြည်နယ်က ဆက်ဖြစ်နေတဲ့ ပဋိပက္ခတွေကြောင့် အရပ်သား သေဆုံး ဒဏ်ရာရတဲ့သတင်းတွေ ကြားသိရပြီး၊ ၂ဝ၂ဝ ပထမ သုံးလပတ်အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာအရ ဒီလို ပဋိပက္ခတွေကြောင့် ကလေးငယ် ၁ဝဝကျော် သေကြေဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် ဒီကိန်းဂဏန်းဟာ ၂ဝ၁၈ ကထက် သိသိသာသာ ပိုများနေပြီး၊ ၂ဝ၁၉ ထက်လည်း ထက်ဝက်ကျော် များနေတယ်လို့ ဖော်ပြထားပါတယ်။

မင်းပြားမြို့နယ် သက်ပုန်းရွာက ဦးစိုးထွန်းချေ ကလည်း

“ကျနော်တို့ မင်းပြားမြို့နယ် သက်ပုန်းကျေးရွာမှာလေ ပေါက်တောမြို့နယ်ကို လွန်တာနဲ့ ပစ်ခတ်ပြီးတော့ သွားတာ။ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ မျိုးမြင့်ဇော်ဆိုတဲ့ အမျိုးသားတစ်ဦးကို ထိသွားတယ်။ အခု မင်းပြား ဆေးရုံကို သွားနေပါတယ်။ ဒဏ်ရာကတော့ နားထင်မှာပါ။ လက်နက်ကြီးကျည်ထိသွားတာ။ ကျည်စဝင်နေလို့ မင်းပြားဆေးရုံကို သွားကြတာ”

အောက်တိုဘာလ ၂၇ ရက်နေ့ကတော့ ပေါက်တောမြို့နယ်ကနေ မင်းပြားမြို့နယ်ဘက်ကို ဆန်တက်လာတဲ့ တပ်မတော်ရေယာဉ်ကို ရက္ခိုင့်တပ်တော် (AA) က ခေါင်းလောင်းချောင်းရွာဘက်မှာ တိုက်ခိုက်ခဲ့ပေမယ့် မနေ့က ပစ်ခတ်မှုကတော့ တိုက်ပွဲဖြစ်တာမရှိဘဲ တပ်မတော်ရေယာဉ်တွေက ကျေးရွာတွေထဲကို ပစ်တာလို့ ဒေသခံတွေ က ပြောပါတယ်။

စက္ကရေရွာက ကျောင်းထိုင်ဆရာတော် ဦးသူရိယဝံကလည်း အရပ်သားတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တာမျိုးတွေ မလုပ်ဖို့မိန့်ကြားပါတယ်။

“ရွာသားတွေကတော့ ကြောက်ပြီး ဟိုပြေး ဒီပြေး ပြေးနေကြတယ်။ ဥပဇင်းကျောင်းကို လာသူတွေကလာ အကုန်လုံး။ ရွာသူရွာသားတွေအတွက် လုံခြုံရေးဆိုတာ အာမခံချက်မရှိဘူး။ ရွာကိုလျှောက်ပြီးတော့ ပစ်သွားတာပေါ့ သူတို့က။ လက်နက်ငယ်တွေ လက်နက်ကြီးတွေ အကုန်လုံးပါတယ်။ အဓိက ဥပဇင်းအနေနဲ့ ပြောချင်တာကတော့ ဒီလိုအပြစ်မဲ့တဲ့ပြည်သူတွေကို အဓိကရွာတွေကို ပစ်မှတ်ထားပြီးတော့ မပစ်ပါနဲ့လို့ ရွာသူ၊ ရွာသား တွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ကူညီစောင့်ရှောက်ပေးကြပါလို့ ပြောချင်တယ်”

မင်းပြားမြို့နယ်က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းအောင်ကလည်း တိုက်ပွဲမဖြစ်ဘဲ ရွာတွေကို ပစ်တာ မဖြစ်သင့်ဘူးလို့ ပြောပါတယ်။

“ကျနော်တို့ကတော့ ကိုယ့်ဟာနဲ့ကိုယ် လာတဲ့အနေအထားမှာ တစ်စုံတစ်ရာမဖြစ်ဘဲနဲ့ ဒီလိုပစ်ခတ်ပြီး တက်လာတယ်ဆိုတော့ မြစ်ကြောင်းတစ်လျှောက်မှာ ကျေးရွာတွေရှိတယ်။ အဲဒီကျေးရွာတွေမှာ လူတွေနေတာ။ တိရစ္ဆာန်တွေနေတာ မဟုတ်ဘူး။ လူတွေနေတာဖြစ်တဲ့အတွက် တစ်စုံတစ်ရာမဖြစ်ဘဲနဲ့ ရမ်းသမ်းပြီးတော့ ပစ်ခတ်တာတွေ မလုပ်သင့်ဘူး။ ရမ်းသမ်းပစ်ခတ်ပြီး ဒဏ်ရာရတဲ့အပေါ်မှာတော့ ကျနော်တို့ကတော့ ဒါမလုပ်သင့်တဲ့ အလုပ်ကို လုပ်တာလို့ပဲ မြင်တယ်”

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့  AA အဖွဲ့က ရွာတွေမှာနေပြီး ပြည်သူတွေကို အသုံးပြု တိုက်ခိုက်တာတွေကြောင့် အရပ်သားထိခိုက်မှုတွေ ရှိနိုင်ကြောင်း၊ တပ်မတော် ဘက်ကတော့ စစ်ဆင်ရေးတွေမှာ အရပ်သားတွေ မထိခိုက်အောင် လုပ်ဆောင်နေကြောင်း ဇူလိုင်လဆန်းမှာ RFA ကို ဖြေကြားထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း မင်းပြားမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်တွေအတွင်း မြစ်ထဲက တပ်မတော် ရေယာဉ်တွေကို AA အဖွဲ့က ကမ်းပေါ်ကနေ တိုက်ခိုက်တာတွေရှိပြီး၊ တပ်မတော်ဘက်ကလည်း ပြန်လည် ရှင်းလင်း ပစ်ခတ်တာတွေ ရှိပါတယ်။

မနေ့က ဖြစ်ရပ်နဲ့ပတ်သက်လို့တော့ တပ်မတော်က ဘာကြောင့် ပစ်ခတ်တယ်ဆိုတာကို RFA အနေနဲ့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

AA ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခကတော့ မင်းပြားနဲ့ ပေါက်တောမြို့နယ် အစပ်မှာ မနေ့က တိုက်ပွဲဖြစ်တာမရှိဘဲ၊ ရွာတွေကို မြန်မာစစ်တပ်က အသားလွတ် ပစ်ခတ်ခဲ့တာ ရှိတယ်လို့ပြောပါတယ်။ မြန်မာစစ်တပ်က တဖက်သတ် ပစ်တာဖြစ်ပြီး၊ မြစ်ကမ်းပါးတစ်လျှောက်က ရွာတွေကို လူမျိုးရေးမုန်းတီးစိတ်နဲ့ မြန်မာစစ်တပ်ကနေ ပစ်ခတ်လေ့ ရှိတယ်လို့လည်း ဦးခိုင်သုခက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အန်ဒရူး (Thomas Andrews) ကတော့ ရခိုင်ရွာတွေအပေါ် တိုက်ခိုက်နေတာတွေ ချက်ချင်းရပ်ဖို့နဲ့ ကလေးငယ်တွေ သေဆုံး ဒဏ်ရာရနေတဲ့ အပေါ် ဝမ်းနည်းကြောင်း စက်တင်ဘာလ ၂၂ ရက်နေ့က ပြောဆိုခဲ့ပါတယ်။

RFA က ရရှိထားတဲ့စာရင်းတွေအရ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလကနေ မနေ့က အောက်တိုဘာလ ၂၉  ရက်နေ့အထိ သေဆုံးတဲ့အရပ်သား ၃ဝ၃ ဦးနဲ့ ထိခိုက် ဒဏ်ရာရသူပေါင်း ၆၈၁ ဦးအထိ ရှိသွားပြီဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/nine-civilians-injured-rakhine-10302020085657.html

မင်းပြားနဲ့ ပေါက်တောမှာ လက်နက်ကြီးကျည်ကြောင့် အရပ်သား ကိုးဦးဒဏ်ရာရ မင်းပြားနဲ့ ပေါက်တောမှာ လက်နက်ကြီးကျည်ကြောင့် အရပ်သား ကိုးဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 20:00 Rating: 5

No comments:

Powered by Blogger.