ရွေးကောက်ပွဲကာလ ပဋိပက္ခ၊ အဓိကရုဏ်း၊ အငြင်းပွားမှုတွေ ဖြစ်လာနိုင်


နိုဝင်ဘာလ ၈ နေ့မှာ ကျင်းပမယ့် ပါတီစုံအထွေထွေ ရွေးကောက်ပွဲမှာ အဓိကရုဏ်းလိုတွေအပြင် အငြင်းပွားမှုတွေ၊ ပဋိပက္ခတွေ ဖြစ်နိုင်ချေ အလားအလာ အများကြီးရှိတယ်လို့ လေ့လာစောင့်ကြည် သူတွေက ပေးပို့ထားတယ်လို့ New Myanmar Foundation အဖွဲ့က ဒေါ်မြနန္ဒာသင်းက ပြောပါတယ်။

New Myanmar Foundation နဲ့ ရွေကောက်ပွဲ မိတ်ဖက်အဖွဲ့တွေ ပူးပေါင်းပြီး ရွေးကောက်ပွဲ အကြိုကာလ အငြင်းပွားမှု၊ ပဋိပက္ခတွေနဲ့ လုံခြုံရေး အခြေအနေအပေါ် သဘောထားစစ်တမ်းကို အောက်တို ဘာလ ၂၉ ရက် မနေ့က အွန်လိုင်းကနေ ရှင်းလင်းထုတ်ပြန်ခဲ့တာပါ။

မဲရုံတွေအနီးမှာ မမျှော်မှန်းနိုင်တဲ့ အခြေအနေမျိုးတွေ ဖြစ်သွားနိုင်တယ်လို့ New Myanmar Foundation က ဒေါ်မြနန္ဒာသင်းက ပြောပါတယ်။

“ဒီသုံးလအတွင်းမှာတော့ ရွေးကောက်ပွဲ ပဋိပက္ခကို ကြည့်ဖြစ်တဲ့အခါ အဓိကရုဏ်းလိုဟာမျိုးကလည်း ဖြစ်နိုင်တယ်ပေါ့နော်။ အဓိကရုဏ်း ဒါမှမဟုတ် ရွေးကောက်ပွဲနားနီးမှ ဥပမာ မဲပုံးတွေလုသွားတာမျိုး တွေလည်းဖြစ်နိုင်တယ်၊ မဲရုံတွေအနီးမှာ ပြဿနာတွေဖြစ်နိုင်တယ် တခြားမမျှော်မှန်းနိုင်တဲ့ အခြေအနေ တွေလည်း ဖြစ်နိုင်တယ်လို့ ကျွန်မတို့ ယူဆတယ်။ လုံခြုံရေးအသုံးပြုနိုင်မှု၊ လုံခြုံရေး အစီအစဉ်တွေ ကောင်းမွန်စွာချနိုင်မှု၊ ဒေသခံပြည်သူတွေနဲ့ ရွေးကောက်ပွဲ လုံခြုံရေးအဖွဲ့တွေ ပူးပေါင်းဆောင်ရွက်မှုတွေ ကနေ ရာခိုင်နှုန်း ကွာသွားမယ်လို့ ထင်တယ်။ ဒါပေမဲ့ ဖြစ်နိုင်ခြေ အလားအလာ အများကြီးရှိတယ်လို့ စောင့်ကြည့်လေ့လာသူတွေက သတင်းပေးပို့ထားပါတယ်။”

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲထက် အခု ၂၀၂၀ ရွေးကောက်ပွဲဟာ အငြင်းပွားမှုတွေ၊ ပဋိပက္ခတွေ ပိုများနိုင်သလို လက်နက်ကိုင်ပဋိပက္ခများတဲ့ ဒေသတွေ၊ လူဦးရေထူးထပ်ပြီး မဲဆွဲစည်းရုံးမှု ပြင်းထန်တဲ့ နေရာဒေသတွေမှာ ထိခိုက်နစ်နာမှုတွေအတွက် ပိုပြီးကုစားမှုတွေလုပ်ဖို့ လိုတယ်လို့လည်း ဖော်ပြထားပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအပြီး ဖြစ်လာမယ့် အငြင်းပွားမှုပဋိပက္ခတွေကို လျော့နည်းအောင် ကြိုတင်ပြင်ဆင်မှုတွေ လုပ်သင့်တယ်လို့လည်း ဒေါ်မြနန္ဒာသင်းက ပြောပါတယ်။

“အထူးသဖြင့်က ရွေးကောက်ပွဲအပြီးမှာ ဖြစ်လာမယ့် အငြင်းပွားမှု ပဋိပက္ခတွေကို ပိုပြီးတော့ စိတ်ဝင်စား ပါတယ်။ ဘာလို့လည်းဆိုတော့ ဒီဟာက ကိုဗစ်လည်း ဖြစ်နေတဲ့အချိန်ဆိုတော့ ဥပမာ ရွေးကောက်ပွဲ ရလာဒ်အပေါ်မှာ ကန့်ကွက်တဲ့ကိစ္စတွေ ဒါမျိုးတွေလည်း ဖြစ်လာနိုင်တယ်ဆိုတော့ ကျွန်မ တို့တွေက ကြိုတင်ပြင်ဆင်ပြီးတော့ တတ်နိုင်သမျှ ပဋိပက္ခအငြင်းပွားမှုကို အနည်းဆုံးဖြစ်အောင် ကြိုတင်ပြင်မှုတွေ လုပ်သင့်ပါတယ်။”

ဒီအချက်အလက်တွေဟာ သြဂုတ်၊ စက်တင်ဘာနဲ့ အောက်တိုဘာ သုံးလအတွင်း ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေအပါအဝင် ပြည်နယ်နဲတိုင်းအချို့က မဲဆန္ဒနယ် ၁၀၀ လောက်ကို လေ့လာပြီး နိုင်ငံရေးပါတီတွေ၊ ကိုယ်စားလှယ်လောင်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံမေးမြန်းစစ်တမ်းရယူခဲ့ပြီး အစီရင်ခံစာပေါင်း ၄၅၀ကို အခြေခံကာ ထုတ်ပြန်တာဖြစ်တယ်လို့လည်း ပြောပါတယ်။

ရွေးကောက်ပွဲလို အင်မတန် ရှုပ်ထွေးတဲ့ဖြစ်စဉ်မှာ ပဋိပက္ခမဖြစ်အောင် အကြမ်းမဖက်ရေးမူကို တိတိကျကျ လိုက်နာသလို ထောက်ခံသူတွေလည်း တိတိကျကျ လိုက်နာဖို့ ကြိုးစားနေတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အောင်နိုင်ရေးကော်မတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

“ရွေးကောက်ပွဲမှ မစရသေးဘူး၊ ဒီရွေးကောက်ပွဲဟာ မသမာခဲ့မှုဖြစ်ခဲ့ရင်ဆိုပြီး နိုင်ငံရေးပါတီ ၃၄ ခုက တပ်မတော်ကို သွားရောက်ပြီးတော့ အကူအညီပေးဖို့ တောင်းဆိုခဲ့တာလည်းရှိပါတယ်။ မဖြစ်ခင်ကတောင် ဒီလိုစွပ်စွဲနေတယ်ဆိုတော့ ရွေးကောက်ပွဲလို အင်မတန်ရှုပ်ထွေးတဲ့ ဖြစ်စဉ်တစ်ခုမှာ ဒီလိုစွပ်စွဲချက်တွေ ဖြစ်လာနိုင်တယ်ဆိုတာ ဖြစ်နိုင်ခြေ တစ်ခုပါပဲ။ ကျွန်တော်တို့ကတော့ ပဋိပက္ခမဖြစ်အောင် အကြမ်းမဖက်ရေးမူကို တိတိကျကျလိုက်နာတယ်။ ကျွန်တော်တို့ ထောက်ခံသူတွေလည်း တိတိကျကျ လိုက်နာဖို့ အစွမ်းကုန်ကြိုးစားနေပါတယ်။”

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကတော့ လက်ရှိအချိန်မှာ အဓိကရုဏ်းလိုဖြစ်နိုင်တာ မတွေ့ရသေးပေမယ့် အကြီးအကျယ် အငြင်းပွားမှုတော့ သေချာပေါက်ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

“တပ်ကပေးတဲ့ ကြိုတင်မဲဟာ မဲအိတ်တွေပွင့်နေလို့ ပယ်မဲလုပ်မယ့်အချိန်မှာ တပ်က သတင်းစာရှင်းလင်း လုပ်ပြီးပြောထားတာ မဲအိတ်တွေက သူဟာသူ ပွင့်နေတာ ဆိုတာဖြစ်နေတာ။ အခု မနေ့က ကြိုတင်မဲ ပေးတော့လည်း မဲအိတ်တွေ ကော်နဲ့ပိတ်ရပြုရနဲ့ လိုအပ်ချက်တွေတော့ များတယ်ဗျ။ ဒါတွေက အငြင်းပွား ဖွယ်ရာတွေ ဖြစ်တာပေါ့။ အငြင်းပွားဖွယ်ရာရှိရင်တော့ ပြဿနာက အနည်းနဲ့အများတော့ ဖြစ်နိုင်တာပဲ။ ဒါပေမဲ့ အဓိကရုဏ်းတွေ ဘာတွေ ကြီးကြီးမားမား ဖြစ်လာနိုင်သလားဆိုရင်တော့ လောလောဆယ်မှာ ဒါမျိုးဖြစ်နိုင်တဲ့ အခြေအနေ မတွေ့သေးပါဘူး။ သေချာပေါက်ဖြစ်နိုင်တာတစ်ခုကတော့ အကြီးအကျယ် အငြင်းပွားမှုတော့ ဖြစ်ပွားနိုင်မယ်ထင်ပါတယ်။”

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးကတော့ အခု၂၀၂၀ မှာ မဲဆွယ်စည်းရုံးရေး အနှောင့်အယှက် အပေးခံတာတွေရှိပြီး မြေပြင်ရဲ့ လက်ရှိအနေအထားတွေအရ ရွေးကောက်ပွဲနေ့ မဲရေ တွက်တဲ့အချိန်အထိ စိုးရိမ်တယ်လို့ သူရဲ့ အမြင်ကို ပြောပါတယ်။

“ကျွန်တော် အင်မတန် စိုးရိမ်နေတဲ့ ကိစ္စပဲဗျ။ မြေပြင်အခုဖြစ်နေတဲ့ ဘယ်တုန်းကမှ မကြုံဖူးတဲ့ ကျွန်တော်တို့ အပေါ်မှာ အနှောင့်အယှက်ပေးခံရမှုက ဒီ ၂၀၂၀ မှာ တအားထူးခြားတယ်။ မဲဆွယ်စည်းရုံးရေး အသံချဲ့စက် မပါဘဲ သွားတာတောင် ရပ်ထဲ၊ ရွာထဲမှာ လမ်းပိတ်ဆို့ပြီး ကကြတယ်၊ ခုန်ကြတယ်၊ သီချင်းတွေဖွင့်ပြီးတော့ အနှောက်အယှက်တွေ ပေးကြတယ်။ ဒီမြေပြင်ရဲ့ လက်ရှိအနေထားတွေ ကြည့်ပြီးတော့ ရွေးကောက်ပွဲနေ့ နောက် မဲရေတဲ့အချိန်အထိ ကျွန်တော် စိုးရိမ်ပါတယ်လို့ ကျွန်တော်ရဲ့ ကိုယ်ပိုင်အမြင် တစ်ခုဖြစ်ပါတယ်ဗျ။”

ရွေးကောက်ပွဲ အကြိုကာလမှာ လက်ရှိ ပါတီထောက်ခံသူတွေ အချင်းချင်း ပဋိပက္ခတွေ တွေ့နေရပြီ ဖြစ်သလို ရွေးကောက်ပွဲနေ့နဲ့ ရွေးကောက်ပွဲ အပြီးမှာလည်း ၂၀၁၅ထက် အငြင်းပွားမှုတွေ၊ ကန့်ကွက်မှုတွေ ဖြစ်လာနိုင်တယ်လို့ ပွင့်လင်းမြန်မာရှေ့ဆောင်အဖွဲ့က ဦးအေးကျော်က ပြောပါတယ်။

“ရွေးကောက်ပွဲအကြိုကာလပေါ့၊ ဒီကာလမှာတော့ ၂၀၁၅ နဲ့  နှိုင်းယှဉ်မယ်ဆိုရင် မဲဆွဲစည်းရုံးရေး ကာလထဲမှာ ပါတီထောက်ခံသူ အချင်းချင်း ပဋိပက္ခဖြစ်တာတွေ တွေ့နေရပြီပေါ့နော်။ ရွေးကောက်ပွဲ နေ့မှာလည်း မလိုလားအပ်တဲ့ ပြဿနာလေးတွေ ၂၀၁၅ထက် ပိုတွေ့နိုင်တယ်လို့ ထင်တယ်ဗျ။ အဲဒီလိုပဲ ရွေးကောက်ပွဲအပြီး ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတွေ၊ ကန့်ကွက်မှုတွေကလည်း ၂၀၁၅ ထက် ပိုပြီးတော့ ဆိုးဆိုးဝါးဝါး ပေါ်ပေါက်လာနိုင်တယ်လို့ ကျွန်တော်တော့ ခန့်မှန်းမိတယ်ဗျ။”

ရွေး‌ကောက်ပွဲနေ့မှာ ပဋိပက္ခတွေကို တားဆီးနိုင်ဖို့ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ အရပ်ဘက်အဖွဲ့ အစည်းတွေ၊ စေတနာ့ဝန်ထမ်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လည်း ဒီအစီရင်ခံစာက အကြံပြု တိုက်တွန်းထားပါတယ်။

သက်ဆိုင်ရာ မြို့နယ်အသီးသီးမှာ ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးနဲ့ စီမံခန့်ခွဲရေးကော်မတီအဖွဲ့တွေမှာ Call Center လိုမျိုး ဖွင့်လှစ်ချိတ်ဆက်ဆောင်ရွက်ဖို့လည်း တိုက်တွန်းထားပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးနဲ့ စီမံခန့်ခွဲရေးကော်မတီတွေ ဖွဲ့စည်းထားပေမယ့် နိုင်ငံရေးပါတီတွေ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့ ပြည်သူတွေက သိရှိမှုနည်းနေသေးတယ်လို့လည်း ဆိုပါတယ်။

ရွေးကောက်ပွဲကာလအတွင်းမှာ ရပ်ရွာအေးချမ်းသာယာရေး ပျက်ပြားအောင် ဆူပူလှုံ့ဆော်နေသူတွေကို ထိထိရောက်ရောက် အရေးယူဖို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က အောက်တိုဘာ ၁၆ ရက် နေ့က ‌ကြေညာချက် ထုတ်ပြန် အမိန့်ပေးထားပါတယ်။

မဲဆွယ်ကာလအတွင်းမှာ အကြမ်းဖက်တာ၊ ခြိမ်းခြောက်နှောင့်ယှက်တာတွေနဲ့ ဘာသာရေး၊ လူမျိုးရေးအကြောင်း ပြပြီး ဆူပူအောင်လှုံ့ဆော်နေသူတွေကို တွေ့နေရတယ်လို့ နိုင်ငံတော်သမ္မတ အမိန့်ကြေညာချက်မှာ ဖော်ပြထားပါတယ်။


RFA Burmese

https://www.rfa.org/burmese/program_2/conflicts-during-2020-election-10302020051734.html

ရွေးကောက်ပွဲကာလ ပဋိပက္ခ၊ အဓိကရုဏ်း၊ အငြင်းပွားမှုတွေ ဖြစ်လာနိုင် ရွေးကောက်ပွဲကာလ ပဋိပက္ခ၊ အဓိကရုဏ်း၊ အငြင်းပွားမှုတွေ ဖြစ်လာနိုင် Reviewed by THITHTOOLWIN on 19:52 Rating: 5

No comments:

Powered by Blogger.