အိန္ဒိယရွှေမှောင်ခိုမှု မြန်မာနိုင်ငံတွင်း အဆက်အသွယ်ရှိနိုင်

 

အိန္ဒိယနိုင်ငံထဲ ရွှေချောင်းမှောင်ခို တင်သွင်းမှုနဲ့ ဆက်စပ်နေတဲ့ မြန်မာ၊ နီပေါနဲ့ ဘူတန်နိုင်ငံက လူတွေနဲ့ ပတ်သက်တဲ့ သဲလွန်စ တွေ ကို ရှာဖွေ တွေ့ရှိထားပြီလို့ အိန္ဒိယ အမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီ (NIA)က ပြောကြောင်း အိန္ဒိယ သတင်းဌာနတွေက ကြာသပတေးနေ့က ပြောပါတယ်။

ဩဂုတ်လတုန်းက အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ ရထားဘူတာတစ်ခုမှာ အလေးချိန် ၈၃.၆၂၁ ကီလို (၅၁.၂ ပိဿာ) ရှိတဲ့ ရွှေချောင်းတွေ သိမ်းဆည်းရရှိခဲ့တဲ့ အမှုရဲ့ နောက်ဆက်တွဲအဖြစ် ကြာသပတေးနေ့က အိန္ဒိယ အမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီ (NIA)က Guwahti၊ Sangli နဲ့ Maharashtra ဒေသက နေရာ ၄ ခုမှာ ရှာဖွေ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ NIA ကို ကိုးကားပြီး The Times of India သတင်းစာမှာ ဖော်ပြထားတာပါ။

အဲဒီလိုရှာဖွေရာမှာ သိမ်းဆည်း ရမိတဲ့ စာရွက်စာတမ်းတွေနဲ့ အီလက်ထရွန်းနစ် ပစ္စည်း ကိရိယာတွေထဲမှာ ရွှေချောင်းတွေလွှဲပြောင်း ပေးပို့တဲ့ သတင်းအချက်အလက် အသေးစိတ် ပါရှိပြီး ဒီ ရာဇဝတ်မှုထဲ ပါဝင်တဲ့ သူတွေရဲ့ အထောက်အထားတွေကိုလည်း တွေ့ရှိခဲ့ ရတယ်လို့ ပြောပါတယ်။

တရားခံအဖြစ် စွပ်စွဲခံထားရသူတွေကို စစ်ဆေးမေးမြန်းချက်အရ အာသံပြည်နယ် Guwahati မြို့ကနေ ရွှေချာင်း တွေကို နယူးဒေလီ မြို့ကို ပို့ဖို့ ရွှေချောင်း သယ်ဆောင်လာသူတွေက ညွှန်ကြားခဲ့တာ ဖြစ်ကြောင်း၊ အဲဒီလို ညွှန်ကြား ခဲ့သူတွေဟာ မြန်မာ၊ နီပေါနဲ့ ဘူတန်နိုင်ငံတွေမှာ ရှိတဲ့ အဆက်အသွယ်တွေကတဆင့် ရွှေမှောင်ခိုသွင်းလာတဲ့ သံသယရှိစဖွယ် အချက်အလက် တွေကို ရှာဖွေ တွေ့ရှိခဲ့ရတယ်လို့လည်း NIA က ပြောပါတယ်။

ဩဂုတ်လ ၂၈ ရက်နေ့က လူ ၄ ဦးဆီက ရူပီး ကုဋေ ၄၂.၈၉ (အမေရိကန်ဒေါ်လာ ၅ သိန်း ရ သောင်းကျော်) တန်ဖိုးရှိတဲ့ ရွှေချောင်း တွေ ရှာဖွေသိမ်းဆည်းရမိတဲ့အမှုကို နယူးဒေလီ က NIA ရုံးက စက်တင်ဘာလ ၁၆ ရက်နေ့က မှတ်တမ်းတင်ပြီး အမှုဖွင့်ထားတာ ဖြစ်ပါတယ်။

အာသံပြည်နယ်က NIA အဖွဲ့နဲ့ အကောက်ခွန်အဖွဲ့တွေဆီက သတင်းတွေအရ အိန္ဒိယ အရှေ့မြောက်ပိုင်းဒေသက ရွှေမှောင်ခို တင်သွင်းတဲ့ အကြီးဆုံး လမ်းကြောင်း ဖြစ်လာကြောင်း Deccan Herald သတင်းဌာနက ပြောပါတယ်။ ရွှေတွေကို မြန်မာနယ်စပ် ကတဆင့် မဏိပူရ၊ မီဇိုရမ်၊ Nagaland၊ နဲ့ Arunachal Predeshပြည်နယ်တွေကို ဖြတ်သယ်တာဖြစ်တယ်လို့လည်း ပြောပါတယ်။ တရုတ်ပြည်က မှောင်ခိုရွှေ အများစုက အိန္ဒိယမြန်မာ နယ်စပ်တစ်လျှောက်က အများဆုံး ဝင်ရောက်တာ ဖြစ်ပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/india-gold-smuggling-case-/5641314.html

အိန္ဒိယရွှေမှောင်ခိုမှု မြန်မာနိုင်ငံတွင်း အဆက်အသွယ်ရှိနိုင် အိန္ဒိယရွှေမှောင်ခိုမှု မြန်မာနိုင်ငံတွင်း အဆက်အသွယ်ရှိနိုင် Reviewed by THITHTOOLWIN on 19:38 Rating: 5

No comments:

Powered by Blogger.