ကိုဗစ်လူနာသစ်တွေတိုးနေပေမဲ့ အထည်ချုပ်စက်ရုံတွေပြန်ဖွင့်


တင်းကျပ်စွာ ချမှတ်ထားတဲ့ ကိုဗစ်ဆိုင်ရာ စည်းမျဉ်းတွေနဲ့ ကိုက်ညီမယ်ဆိုရင် အထည်ချုပ်လုပ်ငန်းနဲ့ အသေးစား အလတ်စားလုပ်ငန်းတွေ အောက်တိုဘာလ ၁၂ ရက်နေ့မှာ ပြန်ဖွင့်နိုင်ပြီလို့ မြန်မာနိုင်ငံ အစိုးရက အောက်တိုဘာလ ၁၀ ရက်နေ့ ညနေပိုင်းက ကြေညာခဲ့ပါတယ်။

ရန်ကုန်တိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှု ထိန်းချုပ်ရေးအတွက် တိုင်းအတွင်း ကိုကိုးကျွန်းမှ အပ ကျန်မြို့နယ်အားလုံးမှာ လူတွေ အိမ်မှာပဲနေဖို့ (Stay Home) သတ်မှတ်ထားသလို အောက်တိုဘာလ ၂၁ ရက်အထိ ဒီလုပ်ငန်းခွင်တွေကို ပိတ်ထားဖို့ ညွှန်ကြားထားခဲ့တဲ့ အစိုးရက ရုတ်တရက် အခုလို ပြောင်းလဲ လိုက်တာပါ။

ရန်ကုန်မှာ ကိုဗစ်ပိုးတွေ့ရှိရတဲ့ လူအရေအတွက်က ကျဆင်းသွားတာမျိုးမရှိသေးဘဲ တစ်နေ့ကို ပိုးတွေ့ရသူ အသစ် ၂၀၀၀ လောက်နဲ့ စံချိန်တင်တိုးနေတဲ့ ဒီလိုကာလမှာ စက်ရုံ အလုပ်ရုံတွေ ပြန်ဖွင့်ဖို့ ညွှန်ကြားချက် ထွက်လာတာလည်းဖြစ်ပါတယ်။

ရန်ကုန်မှာ အထည်ချုပ် စက်ရုံလုပ်သား ၅သိန်းလောက် ရှိပြီးဗိုင်းရပ်စ်ပိုး မပြန့်ပွားရေး ထိန်းချုပ်ဖို့ အလုပ်သမားတွေကို လုပ်ငန်းခွင်တွေဆီ မသွားဖို့ အမိန့်ထုတ်ခဲ့တာ သီတင်းပတ် သုံးပတ်ပြည့်လာချိန်မှာ အခြေခံလူတန်းစားအများစုဟာ စားဝတ်နေရေးအခက်အခဲကို ဆက်တောင့်မခံနိုင်ကြတော့ဘူးလို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

အထည်ချုပ် စက်ရုံလုပ်သား ၅သိန်းလောက် အလုပ်လုပ်နေကြ

ဖြစ်နေတဲ့အခြေအနေတွေကို ကျန်းမာရေးဆိုင်ရာစိုးရိမ်မှု၊ စားဝတ်နေရေး အခက်အခဲပြဿနာ စတာတွေအပေါ်စဉ်းစားပြီး အစိုးရက အသင့်တော်ဆုံး ဆုံးဖြတ်ခဲ့ရတယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

လက်လုပ်လက်စား လုပ်ကိုင်ကြရသူတွေ နဲ့ အထည်ချုပ် စက်ရုံလုပ်သား အများအပြားနေထိုင်တဲ့ လှိုင်သာယာမြို့နယ်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးမြတ်မင်းခန့်က "သာမန်လူတန်းစားတွေက ဒီအခြေအနေတွေကို တောင့်ခံထားနိုင်ပေမဲ့ အခြေခံ လက်လုပ်လက်စား လူတန်းစားတွေကတော့ တောင့်ခံဖို့ တော်တော်လေး ခက်ခဲလာတဲ့ပြဿနာတွေဖြစ်လာတယ်။ တကယ်လို့ ရက်တွေကြာသွားရင် စားဝတ်နေရေးက အစဒီထက်ပိုပြီး ဆိုးလာနိုင်တဲ့အခြေအနေတွေ ရှိလာနိုင်တယ်၊ ဒါကြောင့် ကျန်းမာရေးဝန်ကြီးဌာနက အခြေအနေတွေကို ခြုံငုံသုံးသပ်ပြီး ခွင့်ပြုဆောင်ရွက်လိုက်တယ်လို့ မြင်ပါတယ်" လို့ ဘီဘီစီကို ပြောပါတယ်။

အိမ်မှာပဲနေဖို့ အမိန့်ထုတ်ထားတဲ့ကာလအတွင်း စားဝတ်နေရေးအခက်အခဲကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေတာမျိုးအထိ ရန်ကုန်မှာ ဖြစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အထည်ချုပ်အလုပ်သမား ၅ သိန်းကျော်ရှိပြီး အများစုက ရန်ကုန်တိုင်းအတွင်းက စက်ရုံတွေမှာ အလုပ်လုပ်ကြတာပါ။

ကိုဗစ် ၁၉ ကာကွယ်ရေးညွှန်ကြားချက်တွေကို အတိအကျ လိုက်နာမှသာ စက်ရုံအလုပ်ရုံ လုပ်ငန်းခွင်တွေ ပြန်ဖွင့်ခွင့်ရမှာဖြစ်

အစိုးရဌာနတွေက ထုတ်ပြန်ထားတဲ့ ကိုဗစ် ၁၉ ကာကွယ်ရေး ညွှန်ကြားချက်တွေကို အတိအကျ လိုက်နာမှသာ စက်ရုံအလုပ်ရုံ လုပ်ငန်းခွင်တွေ ပြန်ဖွင့်ခွင့်ရမှာဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရက သတ်မှတ်ချက် A အဆင့်ရမှာသာ ပြန်ဖွင့်ခွင့်ရမှာ ဖြစ်ကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးမြင့်စိုးက ဘီဘီစီကို ပြောပါတယ်။

စက်ရုံတွေလိုက်နာရမယ့် စည်းကမ်းတွေ၊ နည်းလမ်းတွေ၊ ညွှန်ကြားချက်တွေကို ကျန်းမာရေးဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များ အသင်း စတာတွေက ထုတ်ပေးထားတယ်လို့လည်း သူက ပြောပါတယ်။

ဒီစည်းမျဉ်းတွေအရ လုပ်ငန်းခွင်ထဲမှာ လူတွေ မထူထပ်စေဖို့၊ အလုပ်သမားတိုင်း စက်ရုံထဲမဝင်ခင် လက်ဆေးဖို့၊ လုပ်ငန်းခွင်ထဲမှာ နှာခေါင်းစည်းကို အမြဲတမ်းတပ်ဖို့၊ မျက်နှာအကာတွေ ဝတ်ဆင်ဖို့၊ (နှာခေါင်းစည်း ဖြုတ်ထားတဲ့) ထမင်းစားချိန်မှာ တစ်ယောက် နဲ့ တစ်ယောက် စကားမပြောဖို့၊ စက်ရုံက အဆင်း ဖယ်ရီနဲ့ သွားလာချိန်မှာ ဖယ်ရီပေါ်မှာ လူမကျပ်စေဖို့၊ နှာခေါင်းစည်းကို ဆက်တပ်ထားဖို့၊ ဖယ်ရီပေါ်မှာလည်း စကားမပြောဖို့ စတာတွေကို အသေးစိတ် လိုက်နာကြဖို့ လိုတယ်လို့လည်း ဦးမြင့်စိုးက ပြောပါတယ်။

ကျန်းမာရေးအတွက် ဒါတွေနဲ့ပတ်သက်ပြီး စက်ရုံတွေက ကြပ်မတ် ဆောင်ရွက်ဖို့လိုတယ်လို့လည်းသူက ပြောပါတယ်။


"အစိုးရက ကြီးကြပ်မှုနဲ့ စစ်ဆေးမှုပဲလုပ်မှာ၊ အသက်အန္တရာယ်ရှိတာက စက်ရုံတွေမှာပဲ အန္တရာယ်ရှိတယ်၊ စက်ရုံတွေက တင်းကျပ်ပြီးတော့ စနစ်တကျလိုက်နာဖို့ လိုအပ်တယ်၊ အခုလောလောဆယ်မှာ အလုပ်သမားတွေလည်း စားဝတ်နေရေး အဆင်မပြေဘူး၊ အလုပ်လုပ်ချင်ကြတယ်၊ သူတို့အလုပ်လုပ်ချင်တဲ့ စိတ်ကို စနစ်တကျဖြစ်အောင် ကြီးကြပ်ဖို့ရာ အင်မတန်မှ အရေးကြီးတယ်။"

ဒီအမိန့်ဟာ ရန်ကုန်တိုင်းဒေသကြီးအစိုးရက တင်ပြလာတဲ့အပေါ် ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ခွင့်ပြုလိုက်တာဖြစ်တယ်လို့ ရန်ကုန်ဆေးရုံအုပ်ကြီး ပါမောက္ခ ဒေါက်တာမော်မော်ဦးကပြောပါတယ်။

စီးပွားရေးနဲ့ စားဝတ်နေရေးအခြေအနေအရ အခုလိုဖြေလျော့ပေးလိုက်ရပေမဲ့ ကျန်းမာရေးရှုထောင့်ကပဲကြည့်ရမယ်ဆိုရင် ဒီကာလဟာ ရန်ကုန်ကို "လုံးဝ လော့ခ်ဒေါင်း ချထားရမဲ့ကာလ"လို့ သူကပြောပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/burma-54500430

ကိုဗစ်လူနာသစ်တွေတိုးနေပေမဲ့ အထည်ချုပ်စက်ရုံတွေပြန်ဖွင့်  ကိုဗစ်လူနာသစ်တွေတိုးနေပေမဲ့ အထည်ချုပ်စက်ရုံတွေပြန်ဖွင့် Reviewed by THITHTOOLWIN on 23:49 Rating: 5

No comments:

Powered by Blogger.