နေပြည်တော်မှာ အခုနောက်ပိုင်း ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိတဲ့ လူနာအများစုဟာ ရန်ကုန်ကနေ ပြန်လာပြီး ကွာရန်တင်းစင်တာတွေမှာ အသွားအလာကန့်သတ်ထားတဲ့ သူတွေဖြစ်တယ်လို့ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုးက RFA ကို ပြောပါတယ်။
မနေ့က ပိုးတွေ့လူနာစာရင်းအရ ရန်ကုန်ကနေပြန်လာတဲ့အတွက် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ရွာတော်တည်းခိုရေးစခန်းမှာ အသွားအလာကန့်သတ်ထားသူ ခုနှစ်ဦးမှာ ပိုးတွေ့ခဲ့တာဖြစ်ပါတယ်။
နေပြည်တော်မှာ ကိုရိုနာဗိုင်းရပ်စ် တွေ့လူနာအရေအတွက်က အောက်တိုဘာ ၂၆ ရက်နေ့ မနေ့ကထိ ၃၀၁ ဦး ရှိလာပြီး ဝန်ထမ်းတွေထဲက ပိုးတွေ့တာက ၄၀ ရာခိုင်နှုန်းသာရှိပြီး အရပ်သားတွေထဲက ပိုးတွေ့ရှိတာက ၆၀ ရာခိုင်နှုန်းရှိတယ်လို့ ဒေါက်တာ မြတ်ဝဏ္ဏစိုးက ပြောပါတယ်။
အရပ်သား ပိုးတွေ့လူနာ အများစုကလည်း ရန်ကုန်မြို့၊ မန္တလေးမြို့ကနေ နေပြည်တော်ကို လာရောက်တဲ့သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
နေပြည်တော်ကို လာရောက်တဲ့ သူမည်သူမဆို နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်ယူပြီး ကွာရန်တင်းစင်တာတွေမှာ အသွားအလာကန့်သတ် စောင့်ကြည်ခံရတာဖြစ်ပါတယ်။
ရန်ကုန်ကနေ နေပြည်တော်ကို လာရောက်သူက တစ်နေ့ကို လူဦးရေ ၅၀ နဲ့ ၁၀၀ ကြားမှာ ရှိနေတယ်လို့ ဒေါက်တာ မြတ်ဝဏ္ဏစိုးက ပြောပါတယ်။
ဒါ့အပြင် ရန်ကုန်ကနေ နေပြည်တော်ကို အမြန်လမ်းကနေတဆင့် တောလမ်းတွေကနေ ဆိုင်ကယ်ကယ်ရီတွေနဲ့ ခိုးဝင်လာတာတွေလည်းရှိနေတာကြောင့် အဲလိုဝင်လာသူတွေ၊ လိုက်ပို့တဲ့ ဆိုင်ကယ် ကယ်ရီသမားတွေနဲ့ အဲ့ဒီဧည့်သည်ကို လက်ခံတဲ့ နေအိမ်ကသူတွေကိုပါ ထိတွေ့သူအဖြစ် သတ်မှတ်ပြီး ကွာရန်တင်းစင်တာတွေမှာ အသွားအလာ ကန့်သတ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ အဲလိုဝင်လာသူက အယောက် ၆၀ လောက်ရှိတယ်လို့ ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။
နေပြည်တော်မှာ အောက်တိုဘာ ၂၆ ရက်နေ့ထိ အတည်ပြုလူနာ ၃၀၁ ဦးရှိပြီး ပိုးကင်းသွားတာကြောင့် ဆေးရုံဆင်းခွင့်ရသူ ၂၃၄ ဦးနဲ့ သေဆုံးသူ လေးဦး ရှိပါတယ်။ ပိုးတွေ့လူနာတွေထဲက ဆေးရုံမှာ ဆေးကုသမှု ခံယူနေရသူ ၆၃ ဦး ရှိပါတယ်။
RFA Burmese

No comments:
Post a Comment