မယ်စဲ့မြို့နယ်မှာ ကြိုတင်မဲပုံးလုံခြုံရေး ချိတ်ပိတ်ဆောင်ရွက်နေတာကို ၂၀၂၀ အောက်တိုဘာ ၁၃ ရက်နေ့က တွေ့ရစဉ်
Photo: National League for Democracy - Kayah State
ကယားပြည်နယ် မယ်စဲ့မြို့နယ်က ကြိုတင်ဆန္ဒမဲပုံး လုံခြုံရေး ကြိုးတွေ ပြတ်တောက်မှု ဝေဖန်ခံနေရပါတယ်။ မြို့နယ် ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေကတော့ ကြိုတင်ဆန္ဒမဲတွေ မရောက်လာသေးတာကြောင့် ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး ဖြေရှင်းစရာမရှိကြောင်း ပြောပါတယ်။
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်က ကြိုတင်ဆန္ဒမဲပုံးတစ်ခုမှာ လုံခြုံရေးအတွက် ချိတ်ပိတ်ထားတဲ့ ကြိုးတွေ မနေ့ အောက်တိုဘာ ၂၆ ရက်နေ့ မွန်းတည့်ချိန်လောက်မှာ အလိုအလျောက် ပြတ်တောက်သွားခဲ့တယ်လို့ မယ်စဲ့မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးက အသိပေးထုတ်ပြန်ထားပါတယ်။
အခုလို အရေးကြီးတဲ့ကာလအတွင်း ဒီလိုဖြစ်သွားတဲ့အပေါ်မှာ လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ချို့ရဲ့ ဝေဖန်မှုတွေလည်း ထွက်ပေါ်နေပါတယ်။
မယ်စဲ့မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ကယန်းအမျိုးသားပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မယ့် ခရစ္စတီးနား (ခ) မူဂလိုရီယာက ကြိုတင်ဆန္ဒမဲပုံး ချိတ်ပိတ်ထားတာတွေ ပြတ်သွားပေမယ့် မဲပြားတွေ မရှိသေးတာကြောင့် ခံသာသွားတယ်လို့ ပြောပါတယ်။
“အလိုအလျောက်လို့ ပြောတဲ့စကားလုံးတစ်လုံးပေါ့နော်။ ၄ ချောင်းထဲက ၃ ချောင်းလုံးလုံး ပြတ်တယ်ဆိုတော့ ဒါက ဖွင့်လို့ရတဲ့ အခြေအနေလေ။ ကျမ အထင်ပြောရရင်တော့ ဒါက လုပ်ဆောင်မှု တစ်ခုခုပဲပေါ့နော်။ မသမာမှုဆိုတဲ့ အဆင့်အထိကိုတော့ ဆွဲမတွေးချင်ဘူး။ ဒါကတော့ လူကနေလုပ်တဲ့ ဟာတော့ မြင်တယ်။ ဒါပေမဲ့ တစ်ခုပဲရှိတာက မဲပြားမရောက်သေးဘူးဆိုတဲ့ဟာတော့ နည်းနည်းတော့ ခံသာတယ်”
ဒါ့အပြင် အခုလို ထုတ်ပြန်ချက်ဟာ ရာနှုန်းပြည့် ခိုင်လုံမှုမရှိတဲ့အတွက် မြို့နယ် ရွေးကောက်ပွဲကော်မရှင်က ကျင်းပမယ့် အစည်းအဝေးကို တက်ရောက်တဲ့အခါ ဒီကိစ္စအပေါ်မှာ မေးခွန်းထုတ်သွားမယ်လို့ ဆိုပါတယ်။
ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးသဲရယ်ကတော့ အခုလိုဖြစ်တာဟာ ရွေးကောက်ပွဲအပေါ် အယုံအကြည် ပျက်သွားစေနိုင်ကြောင်း ပြောပါတယ်။
“ဒီချိန်မှာ ဒါလောက် အရေးကြီးတဲ့အချိန်မှာ ဒီလိုဖြစ်သွားတယ် ဆိုတာကတော့ ဒါက မဖြစ်သင့်တဲ့ ကိစ္စပဲ။ ဆိုတော့ ဒီလိုဖြစ်သွားခြင်းအားဖြင့်၊ လုပ်ခြင်းအားဖြင့် ဒါ ကျနော်တို့ ရွေးကောက်ပွဲအပေါ်မှာ ကျနော်တို့က သိပ်အယုံအကြည်မရှိဘူးတဲ့ ပုံစံမျိုး ဖြစ်သွားနိုင်တာပေါ့”
မယ်စဲ့မြို့နယ်၊ အမှတ် (၁) မဲဆန္ဒနယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးသန့်ဆွေကလည်း ကြိုတင်ဆန္ဒမဲပုံး ချိတ်ပိတ်ထားတာတွေ ပြတ်တောက်ကုန်တာဟာ လက်မခံနိုင်စရာဖြစ်ကြောင်း ပြောပါတယ်။
“ဒါကတော့ အဆင်မပြေတဲ့ အပြုအမှုတစ်ခုလို့ ကျနော် ယူဆပါတယ်။ အဆင်မပြေအောင် တစ်ခုခု ဖြစ်သွားပြီဆိုတဲ့ ပုံစံမျိုး ကျနော်တို့ ယူဆတယ်”
လုံခြုံရေးကြိုးတွေ ပြတ်တောက်သွားတဲ့ ကြိုတင်မဲပုံးဟာ မယ်စဲ့မြို့နယ်က သက်ဆိုင်ရာ မဲဆန္ဒနယ်ပြင်ရောက် မဲဆန္ဒရှင်တွေ၊ မဲဆန္ဒနယ်ပြင်ပရောက် တပ်မတော်သားတွေနဲ့ အတူနေ အိမ်ထောင်စု ဝင်တွေကနေ ပြန်လည်ပေးပို့တဲ့ ကြိုတင်မဲ လက်မှတ်တွေကို ထည့်သွင်းဖို့အတွက် ပြင်ဆင်ထားတဲ့ ကြိုတင်မဲပုံး ဖြစ်ပါတယ်။
မယ်စဲ့မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးအရာရှိ ကျော်မြင့်ဦးကတော့ ဝေဖန်မှုတွေ ရှိနေပေမယ့် မဲပုံးထဲမှာ မဲလက်မှတ်တွေ မရှိသေးတာကြောင့် အထူးတလည် ဖြေရှင်းချက်ပေးစရာ မလိုဘူးလို့ ပြောပါတယ်။
“ကျနော်တို့ ဘာမှ ဖြေရှင်းချက်ပေးစရာမရှိဘူး။ ကျနော်ပြောပြီးပြီကော။ အထဲမှာ ဆန္ဒမဲလက်မှတ် တစ်ခုမှ မရောက်သေးဘူးလို့။ အဲဒီကြိုးပြတ်တဲ့ အချိန်မှာ မဲလက်မှတ်တွေရှိတယ် ဆိုရင်တော့ တစ်စုံတစ်ခုဖြစ်မှာပေါ့။ အခုက မဲလက်မှတ်တစ်စောင်မှ မရောက်သေးတော့ ဘာမှမဖြစ်ဘူး”
လုံခြုံရေးကြိုးတွေ ပြတ်တောက်သွားခဲ့တဲ့နေ့မှာပဲ မယ်စဲ့မြို့နယ်ရွေး ကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှာ အစားထိုး လုံခြုံရေးကြိုးနဲ့ ချိတ်ပိတ်ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီဒေသဟာ ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှို ဝင်ရောက်ယှဉ်ပြိုင်တဲ့ နေရာလည်း ဖြစ်ပါတယ်။ သူ့ရဲ့ နယ်မြေက မယ်စဲမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၂) ဖြစ်ပါတယ်။
ကယားပြည်နယ် မယ်စဲ့မြို့နယ်မှာ နိုင်ငံရေးပါတီ (၉) ပါတီနဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း နှစ်ဦး အပါအဝင် လွှတ်တော်ကိုယ်စားလှယ်လောင်း စုစုပေါင်း (၃၃) ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။
တစ်မြို့နယ်လုံး အတိုင်းအတာအရ ဆန္ဒမဲ ပေးခွင့်ရှိသူ ဦးရေ ၅၀၀၀ ဝန်းကျင်သာ ရှိပါတယ်။
RFA Burmese
https://www.rfa.org/burmese/news/kayah-state-advance-security-cable-break-10272020094205.html

No comments:
Post a Comment