ဖာပွန်မှာ ၁၈ နှစ် ပြည့်ပြီး မဲပေးခွင့်မရသူ တစ်ထောင်ကျော်ရှိနေ

ကရင်ပြည်နယ် ဖာပွန်မြို့နယ် ကမမောင်းမြို့ ရပ်ကွက် (၃) က ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးကို မြင်တွေ့ရစဉ်

Photo: Saw Win Nay

ကရင်ပြည်နယ် ဖာပွန်မြို့နယ် ကမမောင်းမြို့မှာ ၁၉၅၈ ခုနှစ် နောက်ပိုင်း ထုတ်ပေးတဲ့ သုံးခေါက်ချိုး မှတ်ပုံတင် ကိုင်ဆောင်ထားသူတွေက သူတို့မှာ အိမ်ထောင်စုစာရင်းလည်း ရှိပေမယ့် ဘာသာခြား ဖြစ်နေတဲ့အတွက် မဲထည့်ခွင့် မရကြသလို အသက် ၁၈ နှစ်ပြည့်တဲ့ သူတို့ရဲ့ သားသမီးတွေလည်း ဒီအခွင့်အရေးကို မရကြဘူးလို့ ပြောပါတယ်။

မဲထည့်ခွင့်မရှိဘူးဆိုပြီး ဖာပွန်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်က မှတ်ချက်ပေးတယ်လို့ ကမာမောင်းမြို့ အမှတ် (၂) ရပ်ကွက်က သုံးခေါက်ချိုးမှတ်ပုံတင်ကိုင်ဆောင်သူ ဦးဝင်းနွယ်က ပြောပါတယ်။

“မဲထည့်လို့မရဘူးဆိုပြီးတော့ ကမမောင်းမြို့ လဝက ကလည်းပြောတယ်။ မြို့နယ်ကော်မရှင်လည်း ပြောတယ်။ ကျွန်တော်တို့ သုံးခေါက်ချိုးတွေနဲ့ ဒီမှာပဲ နေထိုင်တယ်၊ ဒီမှာပဲ မွေးဖွားတယ် ကျွန်တော်တို့ သန်းခေါင်စာရင်းလည်း ရှိတယ်၊ တရားဝင် မှတ်ပုံတင်လည်း ရှိတယ်။ အဲဒါ မဲပေးလို့မရဘူးလို့ ပြောတယ်။”

ဒါတွေဟာ လူဝင်မှုကြီးကြပ်ရေးဌာနက တရားဝင် ထုတ်ပေးထားတဲ့ ကတ်တွေ ဖြစ်တယ်လို့ သူက ပြောပါတယ်။

သုံးခေါက်ချိုးမှတ်ပုံတင် ကိုင်ဆောင်ထားသူ၊ အိမ်ထောင်စုစာရင်းလည်းရှိပြီး မဲပေးခွင့်မရသူ၊ မှတ်ပုံတင် မရှိသေးပေမယ့် အိမ်ထောင်စုစာရင်းလည်းရှိသလို အသက် ၁၈ နှစ်ပြည့်သူတွေလည်း သွေးနှောဆိုတဲ့အတွက် မဲပေးခွင့်မရတဲ့သူ စုစုပေါင်း ၁၀၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။

ဒီအရေအတွက်ဟာ ပုံစံ ၃ (က) လျှောက်ထားဖို့ လက်လှမ်းမီသလောက် စာရင်းကောက်ယူထားတာလို့လည်း ဦးဝင်းနွယ်က ပြောပါတယ်။

အဲဒီထဲက တချို့ဟာ ၂၀၁၀ နဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေမှာ မဲပေးခွင့်ရရှိခဲ့သူတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

အသက် ၁၈ နှစ်ပြည့်လို့ မဲပေးနိုင်တဲ့ အသက်အရွယ်ရှိပေမယ့် သွေးနှောဆိုပြီး အကြောင်းပြကာ မဲပေးခွင့်ဆုံးရှုံးနေသူတွေ အများအပြားရှိတယ်လို့ ကမမောင်းမြို့ အမှတ် (၃) ရပ်ကွက်က မနွေနွဲ့နှောင်းက ပြောပါတယ်။

“ကျွန်မလို အလားတူပဲ အများကြီး ကျန်သေးတယ်။ ကျွန်မတို့က သွေးနှောဆိုပြီးတော့ အဲ့လို ပယ်ထားခြင်းခံရတာ၊ သူတို့က တချို့ကျတော့ ဘင်္ဂလီ-မွန်၊ ဘင်္ဂလီ-ကရင်ရှိတယ်၊ တချို့ကျတော့ ဘင်္ဂလီ-ဗမာ ရှိတာပေါ့နော်။”

အိမ်ထောင်စုစာရင်းရှိပြီး သုံးခေါက်ချိုးမှတ်ပုံတင်ရှိသူတွေက မွေးဖွားလာတဲ့ အသက် ၁၈ နှစ်ပြည့်ပြီး မဲစာရင်း မပါသူတွေကို ပုံစံ (က)နဲ့ လျှောက်ထားခဲ့ပေမယ့် မဲပေးခွင့်ရဖို့ ငြင်းဆိုခံရတယ်လို့ ကမမောင်းမြို့ခံ ဦးစောဝင်းနေက ပြောပါတယ်။

“သူတို့ပြောတဲ့ သွေးနှောလိုပဲဆိုဆိုပေါ့၊ သုံးခေါက်ချိုးမှတ်ပုံတင်ကိုင်တဲ့ မိဘနှစ်ပါးက မွေးဖွားလာတဲ့ သားသမီးတွေပဲ ပြောရမှာပေါ့နော်။ အဲ့ဒါ ကျွန်တော်တို့က သူတို့ရဲ့ အိမ်ထောင်စုစာရင်းကို ပူးတွဲပြီးတော့ သူတို့အသက် ၁၈ နှစ်ပြည့်ကြောင်း၊ မဲထည့်ခွင့် ရနိုင်ဖို့ကို ပုံစံ (၃) နဲ့ ကျွန်တော်တို့ တင်တယ်။ တင်တဲ့အခါ သူတို့ကနေ ချက်ချင်းပဲ မဲထည့်ပိုင်ခွင့်မရှိပါ ဆိုတဲ့ ဖြတ်ပိုင်းလေးကို ပေးတယ်။”

ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းကြေညာတာ အောက်တိုဘာလ ၁၄ ရက်နေ့က  နောက်ဆုံးနေ့ ဖြစ်တာကြောင့် အခုလို မဲပေးခွင့်ငြင်းပယ်ခံရတာနဲ့ ပတ်သက်ပြီး ၃ ရက်အတွင်း အထောက်အထားနဲ့တကွ အယူခံ တက်နိုင်တယ်လို့ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်က အကြောင်းပြန်ကြောင်း ဦးစောဝင်းနေက ပြောပါတယ်။

သုံးခေါက်ချိုးမှတ်ပုံတင်ကို နိုင်ငံသားစိစစ်ရေးကတ်နဲ့ လဲလှယ်ဖို့ ခက်ခဲနေရတာဟာ ကိုးကွယ် ယုံကြည်မှုနဲ့ သက်ဆိုင်လိမ့်မယ်လို့ ကမမောင်းမြို့ အမှတ် ၂ ရပ်ကွက်၊ သံလွင်လမ်းမှာနေတဲ့ ဦးရွှေပန်း ပြောပါတယ်။

“ကမမောင်းမှာ သုံးခေါက်ချိုးနဲ့ မဲထည့်လို့ မရဘူး။ တကယ်တော့ ဦးနေဝင်း လက်ထက်ကတည်းက ထုတ်ထားပေးတဲ့ ကတ်၊ အဲဒါတွေ အများကြီး ကိုင်ဆောင်ထားတာရှိတယ်။ ဒါပေမဲ့ တစ်ခုရှိတာက ဒီကတ်ကို တော်ရုံနဲ့ နိုင်ငံသားစိစစ်ရေးကတ် လဲလို့မရဘူး၊ ရတဲ့အခြေအနေလည်း ရှိတယ်၊ မရတဲ့ အခြေအနေလည်း ရှိတယ်။ ဘာအကြောင်းပြချက်ရယ်လို့တော့ မပြောဘူး။ ဒါပေမဲ့ ကျွန်တော်တို့က များသောအားဖြင့် ဘာသာခြားတွေ ဖြစ်နေတော့ ဘာသာခြားကိုပဲ အကြောင်းပြုပြီး ခက်ခဲတယ်လို့ ထင်တယ်။”

ဖာပွန်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစောဝင်းထိန်ကတော့  ဥပဒေနဲ့အညီ အခွင့်အရေးရရှိရေး တောင်းဆိုဖို့ တိုက်တွန်းထားတယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့လည်း ကြားနေပါတယ်၊ စုံးစမ်းနေပါတယ်၊ လိုက်မေးကြည့်နေတာ၊ အသေအချာတော့ မသိသေးပါဘူး ကျွန်တော်တို့လည်း စည်းရုံးရေးကိစ္စတွေ လုပ်နေတော့လေ။ ကျွန်တော်တို့က အကြံပေးတာကတော့ သက်ဆိုင်ရာ ကော်မရှင်ဆီမှာ ဥပဒေနဲ့အညီ အခွင့်အရေးတောင်းဆိုကြပါလို့ပဲ အဲလိုပဲ ကျွန်တော်ပြောထားပါတယ်။”

ရိုဟင်ဂျာမွတ်စလင်တွေဟာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက်ပိုင်း ထုတ်ပေးခဲ့တဲ့  သုံးခေါက်ချိုး အမျိုးသားမှတ်ပုံတင်နဲ့ သမိုင်းဝင် ၁၉၉၀ ရွေးကောက်ပွဲတွေမှာလည်း မဲပေးဖူးကြပါတယ်။ အထင်ရှားဆုံးအနေနဲ့ လက်ရှိ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ DHRP ကို ထူထောင်ထားတဲ့ ဦးကျော်ဝင်းဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ CRPP လို့ခေါ်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီဝင် ဖြစ်ခဲ့ဖူးသူပါ။

၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်းမှာ White Card နဲ့ မဲပေးခွင့်ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဦးသိန်းစိန်အစိုးရက ပြန်သိမ်းပြီး NVC လို့ ခေါ်တဲ့ စိစစ်ဆဲနိုင်ငံသားကတ်တွေနဲ့ လဲလှယ်ခဲ့ပြီးနောက် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကစလို့ NVC ကတ်ကိုင်တဲ့သူတွေရော၊ သုံးခေါက်ချိုး ကတ်ကိုင်တဲ့သူတွေပါ  မဲပေးခွင့်ဆုံးရှုံးခဲ့ကြပါတယ်။

တခြားမြို့တွေမှာလည်း သုံးခေါက်ချိုး မှတ်ပုံတင် ကိုင်ဆောင်သူ အများအပြား ရှိပါတယ်။ အရေအတွက် ဘယ်လောက်ရှိမယ်ဆိုတာတော့ မသိရသေးပါဘူး။

ကရင်ပြည်နယ်နဲ့ အနီးစပ်ဆုံး မွန်ပြည်နယ်မှာတော့ နိုင်ငံသားစိစစ်ရေးကတ် မရှိပေမယ့် အသက် ၁၈ နှစ်ပြည့်ပြီးသူတွေနဲ့ အိမ်ထောင်စုစာရင်းမရှိသူတွေပါ မဲပေးခွင့်ရရှိတယ်လို့ သိရကြောင်း ကမမောင်းမြို့ခံ ဦးစောဝင်းနေက ပြောပါတယ်။

နိုင်ငံသားမှန်ရင် မဲပေးခွင့်ရှိတယ်လို့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာထားပါတယ်။ နိုင်ငံသား၊ ဧည့်နိုင်ငံသားနဲ့ နိုင်ငံသားပြုခွင့်ရသူတွေ မဲပေးခွင့်ရှိ၊ မရှိကို ရွေးကောက်ပွဲ ကော်မရှင်ဥပဒေနဲ့ ဆုံးဖြတ်ထားတာပါ။

ရွေးကောက်ပွဲကော်မရှင် ဥပဒေ ပုဒ်မ (၆) အရ မဲပေးခွင့်လျှောက်ထားလာသူကို ဆန္ဒမဲပေးခွင့်ရှိသူ ဟုတ်၊ မဟုတ် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲက စိစစ်ပြီး လက်ခံဖို့၊ ငြင်းပယ်ဖို့ ဆုံးဖြတ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။

ဖာပွန်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ့ ဥက္ကဋ္ဌ ဦးကြည်ထွန်းကတော့ မဲပေးခွင့်ရှိသူတွေကို ဥပဒေနဲ့အညီ စစ်ဆေးပြီး ရွေးကောက်ပွဲကော်ရှင်ဥပဒေရဲ့ သတ်မှတ်ထားတာအညီ အားလုံးကို ခွင့်ပြုပေးတယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့ကတော့ ဥပဒေအတိုင်း လုပ်တာပါပဲခင်ဗျ။ ကျွန်တော်တို့ စစ်ဆေးတယ်ပေါ့နော်၊ စစ်ဆေးလို့ ဥပဒေက ပြဌာန်းသတ်မှတ်ထားတာနဲ့ ညီတယ်ဆိုရင် အားလုံးရပါတယ်ခင်ဗျ။"

အသေးစိတ် မေးမြန်းလိုရင် ရုံးကို လာရောက်မေးမြန်းဖို့ ဦးကြည်ထွန်းက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကရင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲနဲ့ ဖာပွန်ခရိုင် ကော်မရှင်အဖွဲ့ခွဲ တို့ကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

သွေးနှောတာ၊ မနှောတာ ဥပဒေထဲမှာမရှိကြောင်းနဲ့ အသက် ၁၈ နှစ်ပြည့်ပြီး နိုင်ငံသား၊ ဧည့်နိုင်ငံသားနဲ့ နိုင်ငံသားပြုခွင့်ရသူတွေဆိုရင် မဲပေးခွင့်ရရှိမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးမြင့်နိုင်က RFA ကိုပြောပါတယ်။

“သွေးနှောရယ်၊ မနှောရယ်လို့ ဥပဒေထဲမှာ မရှိဘူး။ အသက် ၁၈ နှစ်ပြည့်ရမယ်၊ နိုင်ငံသား၊ ဧည့်နိုင်ငံသားနဲ့ နိုင်ငံသားပြုခွင့်ရသူဖြစ်ရမယ်ဆိုရင် ကျွန်တော်တို့က ပြီးပြီ၊ မဲစာရင်းထဲပါပြီ။ ဒါလေးကို ပြောပြနိုင်ရင် ရပြီလေ။ မှတ်ပုံတင်မရှိရင်လည်းပဲ သူ့မိဘတွေကို ဘယ်လိုလဲ၊ သက်ဆိုင်ရာ ရပ်ကျေး၊ အုပ်ချုပ်ရေးမှူးတွေအနေနဲ့လည်း ဘယ်လိုထည့်ပါဆိုတာ နည်းမျိုးစုံနဲ့ ပြောပြီးပြီ။ ကျွန်တော်တို့ကတော့ သေသေချာချာ နည်းလမ်းမျိုးစုံနဲ့ အခြေနေအရပ်ရပ်ကနေပြီးတော့ ပြည့်စုံအောင် အခွင့်အရေးတွေ ပေးထားပြီးပြီ။”

New Myanmar ဖောင်းဒေးရှင်းရဲ့ ရွေးကောက်ပွဲဆိုင်ရာအကြံပေး ဒေါ်မြနန္ဒာသင်းကတော့ သူ့အနေနဲ့ သုံးခေါက်ချိုးမှတ်ပုံတင် ကိုင်ဆောင်သူတွေ မဲထည့်ခွင့်မရှိဘူးလို့ ဥပဒေ ပြဌာန်းထားရင်တောင် ဒီဥပဒေကို နောက်အစိုးရသက်တမ်း လွှတ်တော်တွင်းမှာ ပြင်ဆင်နိုင်ဖို့ လုပ်ဆောင်သင့်တယ်လို့ ပြောပါတယ်။

“သုံးခေါက်ချိုးမှတ်ပုံတင်ကိုင်တာဟာလည်း ကျွန်မတစ်ယောက်ထဲအမြင်အရဆိုရင် နိုင်ငံသားလို့ပဲ ယူဆတယ်။ မြန်မာနိုင်ငံတွင်းမှာနေထိုင်တယ်၊ တကယ်လည်း ကာလရှည်ကြာမှာ ဒီနိုင်ငံမှာပဲ မွေးခဲ့တယ်။ အခြေအနေ တစ်ခုကြောင့် နိုင်ငံသားမှတ်ပုံတင် မရဘူးပေါ့နော်၊ အဲဒီလိုအခြေအနေဆိုရင် မဲပေးခွင့် ရှိသင့်တယ်လို့ ထင်တယ်။ တကယ်လို့ ဥပဒေထဲမှာ အဲ့လိုမျိုးရှိနေတယ်ဆိုရင် နောက်အစိုးရ သက်တမ်းတွေမှာ လွှတ်တော်တွင်းမှာ ပြင်ဆင်နိုင်ဖို့ သုံးသပ်ချက်တွေလည်း လုပ်ဆောင်သင့်ပြီလို့ ထင်ပါတယ်။”

တခြားပြည်နယ်နဲ့ တိုင်းတွေမှာလည်း သုံးခေါက်ချိုးမှတ်ပုံတင်ပဲ ကိုင်ဆောင်လို့ မဲပေးခွင့်ဆုံးရှုံးသူ အများစုဟာ အစ္စလာမ်ဘာသာဝင်တွေနဲ့ ဟိန္ဒူဘာသာဝင်တွေဖြစ်သလို အမတ်လောင်းအဖြစ်ကနေ ပယ်ချခံရသူတွေထဲမှာ အစ္စလာမ်ဘာသာဝင်အများစုဖြစ်ပြီး တခြားကတော့ တရုတ် အပါအဝင် သွေးနှောဆိုတဲ့ အချက်ကြောင့် ပယ်ချခံရတာတွေလည်း ရှိပါတယ်။

ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၈ (ခ) အရ ကိုယ်စားလှယ်လောင်းဟာ နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသူ ဖြစ်ရမယ်ဆိုတဲ့ အချက်ပါဝင်သလို ပုဒ်မ ၁၀ (င) မှာတော့ မွေးဖွားစဉ်က နိုင်ငံသားမဖြစ်သေးတဲ့ မိဘ တစ်ပါးပါးမှဖြစ်စေ၊ နှစ်ပါးလုံးမှဖြစ်စေ မွေးဖွားတဲ့နိုင်ငံသားဟာ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင် ခွင့်မရဘူးလို့ ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/1000ppl-cannot-vote-in-hpapun-10162020043608.html

ဖာပွန်မှာ ၁၈ နှစ် ပြည့်ပြီး မဲပေးခွင့်မရသူ တစ်ထောင်ကျော်ရှိနေ  ဖာပွန်မှာ ၁၈ နှစ် ပြည့်ပြီး မဲပေးခွင့်မရသူ တစ်ထောင်ကျော်ရှိနေ Reviewed by THITHTOOLWIN on 19:41 Rating: 5

No comments:

Powered by Blogger.