မန္တလေးမြို့အလှပြင်ဆိုင်မီးလောင် လူ ၅ ဦးသေဆုံး

မီးလောင်မှုအတွင်း ကူညီပေးနေတဲ့ မီးသတ်တပ်ဖွဲ့ဝင်များ။ (အောက်တိုဘာ ၁၄၊ ၂၀၂၀)

မန္တလေးမြို့မှာ အလှပြင်ဆိုင် မီးလောင်ရာက ကလေးငယ်တဦးပါအဝင် လူ ၅ ဦးသေဆုံးခဲ့တဲ့ အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်ခန့်က ပြောပြပါမယ်။

မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ်မှာ ဒီကနေ့ မနက်အစောပိုင်းက ၈၆x၈၇ လမ်းကြားက လင်းလဲ့ဖြူ အလှပြင်ဆိုင်မီးလောင်ခဲ့တာပါ။

မီးလောင်မှုဖြစ်စဉ်နဲ့ ပတ်သက်လို့ မန္တလေးတိုင်း မီးသတ်တပ်ဖွဲ့ ဒုတိယတိုင်းဦးစီးမှူး ဦးဌေးဝင်းက အခုလို ရှင်းပြပါတယ်။

“အထဲက မီးတွေသုံးထားတာ အဲကွန်းတို့ ဆိုင်းဘုတ်မီးတို့ သုံးထားတဲ့ဟာ ရှိတာပေါ့။ ခလုတ်ကနေပြီးတော့ မီးအားဆောင့်ပြီးတော့ မီးပြန်လာတာကို မသိဘဲ အပေါ်မှာ သူတို့အိပ်ပျော်နေတယ်ထင်တယ်။ အဲ့ကနေ မီးပွားကျပြီးတော့ ဆိုဖာပေါ်ကူးတယ်။ ဆိုဖာက တငွေ့ငွေ့လောင်ပြီးတော့ ဆိုဖာနဲ့ အတူကပ်ပြီး ရပ်ထားတဲ့ ဆိုင်ကယ်ရှိတယ်။ ဆိုင်ကယ်ရဲ့ ပိုက်တွေပါ လောင်ထားတဲ့ အခါကျတော့ ဆိုင်ကယ်ထဲက ဓာတ်ဆီကလည်း အောက်ကျပြီး အောက်မှာ ပြန့်ကျဲပြီး မီးက ကူးစက်သွားတာပေါ့။"

မီးလောင်ကျွမ်းမှုဟာ မိနစ် ၂၀ သာကြာမြင့်ပြီး အချိန်မီ ငြိမ်းသတ်နိုင်ပေမဲ့ အိပ်ချိန်ဖြစ်နေတာကြောင့် မီးခိုးမွှန်ပြီး ကလေးငယ်တစ်ဦး အပါအဝင် အမျိုးသမီး ၅ ဦး သေဆုံးခဲ့တယ်လို့ ဒုတိယတိုင်း ဦးစီးမှူး ဦးဌေးဝင်းကပြောပါတယ်။

“မီးခိုးငွေ့က အပေါ်ထပ်ကို တက်သွားပြီးတော့ သူတို့လည်း မီးခိုးမွှန်လို့ မီးခိုးနံ့ရလို့ နိုးတဲ့အချိန်မှာ ပြေးတော့ ပြေးလိုက်သေးတယ်။ အလယ်လောက်မှာ မီးခိုးမွှန်ပြီး လဲကုန်တာပေါ့။ အခန်းက လုံတဲ့အခါကျတော့ မီးခိုးက အထဲမှာ လှိုက်လောင်နေတော့ မီးခိုးမွှန်ပြီး သူတို့ကသေတယ်။ သူတို့ကထွက်ပြေးရမယ့် အပေါက်တွေကို သံပန်းတွေနဲ့ အသေပိတ်ထားတော့ ပြေးစရာလမ်းမရှိဘူးပေါ့။ မီးကတော့ ခန္ဓာကိုယ်တွေ လောင်ထားတာတော့ မရှိပါဘူး။”

၂၀၁၃ ခုနှစ်ကလည်း အခုလိုမီးခိုးမွှန်ပြီး ရန်ကုန်မြို့ ၄၈ လမ်း အစ္စလာမ် စာသင်ကျောင်းမှာ မီးအားမြှင့်စက် အပူလွန်ကဲပြီး စာသင်ကြားတဲ့ ကလေးငယ် ၁၃ ဦးသေဆုံးခဲ့တာလည်းရှိပါတယ်။ အခုနှစ် ဖေဖော်ဝါရီလမှာတော့ မန္တလေး ဂေါဝန်ဆိပ်အနီးမှာ အလုပ်သမား တန်းလျားမီးလောင်ပြီး ကလေးငယ် ၂ ဦး သေဆုံးခဲ့ပါသေးတယ်။


ထက်အောင်ခန့်/VOA (Burmese)

https://burmese.voanews.com/a/mdy-beauty-salon-caungt-on-fire/5620984.html

မန္တလေးမြို့အလှပြင်ဆိုင်မီးလောင် လူ ၅ ဦးသေဆုံး မန္တလေးမြို့အလှပြင်ဆိုင်မီးလောင် လူ ၅ ဦးသေဆုံး Reviewed by THITHTOOLWIN on 19:36 Rating: 5

No comments:

Powered by Blogger.