နာကူအသင်းဥက္ကဋ္ဌ ဦးကျော်သူ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ


ရန်ကုန်နာရေးကူညီမှုအသင်းဥက္ကဋ္ဌလည်းဖြစ် နိုင်ငံကျော် ရုပ်ရှင်မင်းသားတစ်ဦးလည်းဖြစ်တဲ့ ဦးကျော်သူမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပါတယ်။

ဦးကျော်သူကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့သူတွေထားတဲ့ ရန်ကုန် ဝေဘာဂီဆေးရုံကို ဒီနေ့ ပို့ဆောင်လိုက်ပြီဖြစ်ပြီးတော့ အခုအချိန်ထိတော့ ဘာရောဂါလက္ခဏာမှ ခံစားရတာမရှိသေးဘူးလို့ ဦးကျော်သူရဲ့ ဇနီးဖြစ်သူ ဒေါ်ရွှေဇီးကွက်က ပြောပါတယ်။

"အနံ့လည်းမပျောက် အစားလည်းမပျက် ခေါင်းကိုက်တာတွေ ဘာတွေလဲ မရှိ။ ချောင်းလဲမဆိုး။ လည်ပင်းလဲမယား။ အောက်ဆီဂျင်တွေ ဘာတွေ တိုင်းနေတာလဲ အကောင်း။ ဘာလက္ခဏာမှ မပြပေမယ့် သူက နှလုံးခွဲထားတာတို့ ဆီးချိုနည်းနည်း ရှိချင်တာတို့ ဆေးလိပ်သောက်ထားတာတို့ ရှိတဲ့အတွက် ကျမတို့ အခုပဲ ဝေဘာဂီသွားခိုင်းလိုက်ပြီ"

ပြီးခဲ့တဲ့ ရက်ပိုင်းက နာရေးကူညီမှုအသင်း (ရန်ကုန်)ရဲ့  ပြန်ကြားရေးဌာနက အသင်းဝင်တစ်ဦးမှာ ပိုးတွေ့ခဲ့တဲ့အတွက် သူနဲ့ ထိတွေ့ခဲ့တဲ့ ဦးကျော်သူအပါအဝင် စေတနာ့ဝန်ထမ်းခုနှစ်ဦးမှာ ရောဂါကူးစက်ခံရမှုရှိ၊ မရှိ ဒီနေ့ စစ်ဆေးခဲ့တာပါ။

အဲဒီလိုစစ်ဆေးခဲ့ရာမှာတော့ ဦးကျော်သူ အပါအဝင် သုံးဦးမှာ ပိုးတွေ့ရှိခဲ့တာလို့ အသင်းရဲ့ ကြီးကြပ်ရေးမှူးဖြစ်တဲ့ ကိုအောင်လေးက RFA ကို ပြောပါတယ်။

“ပြီးခဲ့တဲ့ တပတ်လောက်က ပြန်ကြားရေးဌာနက တစ်ယောက်မှာ ပိုးတွေ့ခဲ့တာပါ။ သူနဲ့ ထိတွေ့ခဲ့တဲ့လူတွေကို ဒီနေ့စစ်တာပါ။ သုံးယောက်မှာ တွေ့ပါတယ်။ ခုနှစ်ယောက်မှာ။ ကျနော်တို့ ဥက္ကဋ္ဌကြီးက ကျန်းမာရေး ဒေါင်ဒေါင်မြည်ပါပဲ။ ဥက္ကဋ္ဌကြီးမှ မဟုတ်ပါဘူး။ ပိုးတွေ့တဲ့ သုံးယောက်လုံးက ဖျားခြင်း၊ နာခြင်း လုံးဝမရှိပါဘူး။ လူကောင်းအတိုင်းပါပဲ”

ပိုးတွေ့သူ သုံးဦးနဲ့ ထိတွေ့ခဲ့တဲ့ လူစာရင်းကို ရန်ကုန်နာရေးကူညီမှုအသင်းအနေနဲ့ ကောက်ယူနေပြီး အားလုံးကိုလည်း ကိုရိုနာဗိုင်းရပ်စ် ရှိ၊ မရှိ စစ်ဆေးသွားမယ်လို့ ဒေါ်ရွှေဇီးကွက်က ပြောပါတယ်။

အခုလို နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးကျော်သူအပါအဝင် သုံးဦးမှာ ရောဂါပိုးတွေ့ခဲ့ပေမယ့်လည်း အသင်းအနေနဲ့ လူမှုကူညီရေးတွေကိုတော့ ရပ်ဆိုင်းထားမှာ မဟုတ်ဘဲ ဆက်လက်လုပ်သွားမယ်လို့လည်း အသင်းတာဝန်ရှိသူတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးတဲ့သူဟာ ပျမ်းမျှအားဖြင့် တစ်နေ့ကို အယောက် ၃၀ ကျော်လောက်ရှိပြီးတော့ ရောဂါကူးစက်ခံရတဲ့သူက တစ်နေ့ကို ပျမ်းမျှတစ်ထောင်ကျော်လောက် ရှိပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ဒီကနေ့အထိ ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ခံရတဲ့သူ  လေးသောင်းပြည့်လုနီးပါး ရှိသွားပြီဖြစ်ပြီးတော့ သေဆုံးတဲ့သူက တစ်ထောင်နီးပါး ရှိပါတယ်။

အဲဒီထဲမှာ နေပြည်တော် ပျဉ်းမနားမြို့နယ် ရဲစခန်းက အချုပ်သားနဲ့ ရဲဝန်ထမ်း စုစုပေါင်း ၃၃ ဦးလည်း ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၄ ရက်နေ့က ပျဉ်းမနားမြို့၊ ရဲစခန်းအချုပ်မှာ အချုပ်သား ပိုးတွေ့လူနာတစ်ဦးကို စတွေ့ရှိခဲ့ပြီးနောက် သူနဲ့ ထိတွေ့ခဲ့တဲ့ အချုပ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အသွားအလာကန့်သတ်ခဲ့ပြီး အောက်တိုဘာ ၁၉ ရက်နေ့က ဆေးစစ်ခဲ့ရာမှာ ပျဉ်းမနားမြို့နယ် ရဲစခန်းမှာရှိတဲ့ အချုပ်သားတွေထဲက တစ်ဦးကလွဲပြီး ကျန်တဲ့သူ အကုန်လုံးမှာ ပိုးတွေ့ရှိခဲ့တာလို့ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုးက ပြောပါတယ်။

“အချုပ်သားမှာ အရင်တွေ့တာပါ။ ၁၄ ရက်နေ့က တစ်ယောက်ဖြစ်တာနဲ့ ထိတွေ့သူတွေကို စစ်လိုက်တော့ Positive တွေ့တာပါ။”

အချုပ်သား၊ အချုပ်သူ ၂၃ ဦးနဲ့ ရဲတပ်ဖွဲ့ဝင် ၃ ဦး၊ အချုပ်ရက် ပြည့်သွားပြီး အာမခံပေးထားသူ ၇ ဦးတို့မှာ ပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။

သူတို့အကုန်လုံး လက်ရှိ နေပြည်တော် ကုတင် ၃၀၀ ဆေးရုံနဲ့ ဒက္ခိဏသီရိဆေးရုံတွေမှာ ဆေးကုသမှုခံယူနေပြီး ကျန်းမာရေးကောင်းမွန်းတယ်လို့ ဒေါက်တာ မြတ်ဝဏ္ဏစိုးက ဆိုပါတယ်။

အောက်တိုဘာ ၂၀ ရက်နေ့ထိ စာရင်းအရ နေပြည်တော်မှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကူးစက်လူနာ စုစုပေါင်း ၂၈၄ ယောက်ရှိလာပါတယ်။ နေပြည်တော်မှာ ပိုးတွေ့လူနာ ၂၈၄ ဦးထဲက ကျန်းမာလို့ ဆေးရုံဆင်းခွင့်ရသူက ၂၁၁ ယောက်ရှိပြီး ဆေးရုံတက်လူနာက ၆၉ ယောက်ရှိကာ ပိုးတွေ့လူနာထဲက  ၄ ဦး သေဆုံးခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ နေ့စဉ် တစ်ထောင်ကျော် စစ်ဆေးတွေ့ရှိနေပြီး သေဆုံးသူလည်း ၃၀ ကျော် ရှိနေပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/kyawthu-infected-coronavirus-10212020053712.html

နာကူအသင်းဥက္ကဋ္ဌ ဦးကျော်သူ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ နာကူအသင်းဥက္ကဋ္ဌ ဦးကျော်သူ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ Reviewed by THITHTOOLWIN on 19:33 Rating: 5

No comments:

Powered by Blogger.