ရန်ကုန်အပြင် အခြားဒေသတွေမှာ ကိုဗစ်ကူးစက်မှု တိုးလာ

နှာခါင်းစည်းတပ် လူတချို့ကို ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် စက်မှုဇုန်မှာ တွေ့ရ။ (အောက်တိုဘာ ၁၂၊ ၂၀၂၀)

ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ အဓိကကြုံနေရတဲ့ ရန်ကုန်တိုင်းမှာ အခြေအနေကို ထိန်းချုပ်နိုင်အောင် တာဝန်ရှိသူတွေ ကြိုးပမ်းနေချိန်မှာပဲ တခြားဒေသတွေမှာ ကူးစက်မှုတွေ တိုးလာနေတဲ့အတွက် စိုးရိမ်မှုတွေ ထွက်ပေါ်လာနေတဲ့အကြောင်း ပြောပြပါမယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက တင်ဆက်ပေးမှာပါ။

COVID - 19 အတည်ပြုလူနာတွေထဲက ကူးစက်ခံရသူ ထက်ဝက်ကျော်မက ရှိနေတဲ့ ရန်ကုန်တိုင်းမှာတော့ ကူးစက်ခံရသူ လူနာသစ် အရေအတွက် တဖြည်းဖြည်းချင်း ကျဆင်းလာနေပေမဲ့ စိတ်ချရတဲ့ အခြေအနေရောက်အောင် ကြိုးစားနေရဆဲဖြစ်ကြောင်း ကျန်းမာရေး ပညာရှင်တွေက ပြောပါတယ်။ ကူးစက်မှုတွေ အများဆုံးဖြစ်နေတဲ့ ရန်ကုန်တိုင်းမှာ ရောဂါအန္တရာယ် ထိန်းချုပ်ဖို့ တာဝန်ရှိသူတွေ ကြိုးစားနေရချိန်မှာပဲ တခြားနယ်မြို့တွေမှာ ကူးစက်သူအရေအတွက်လည်း တိုးလာနေတာပါ။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ ပြည်တွင်းကူးစက်ခံရသူဟာ မန္တလေးတိုင်းအတွင်း မနေ့က တနင်္ဂနွေနေ့ တရက်တည်းမှာတင် ၄၄ ဦး ရှိခဲ့ပြီး၊ ဒီမတိုင်ခင် စနေနေ့မှာလည်း ၆၆ ယောက်ထိ ရှိခဲ့ပါတယ်။ သီတင်းပတ်ကုန်ရက်တွေက စလို့ ကူးစက်မှုတွေ တိုးလာနေတာကြောင့် ကြိုတင်ကာကွယ်ဖို့ လိုအပ်လာနေပြီလို့လည်း မန္တလေးတိုင်း၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့က ကိုစွမ်းပြည့်အောင်က ပြောပါတယ်။

“မနေ့ကတရက်တည်း ၁၀၀ နီးပါးတက်လာတယ်ဆိုတာ ဒါကျနော်တို့ မန္တလေးမြို့ရဲ့ အနေအထားနဲ့ပြောမယ်ဆိုရင် များတယ်ပေါ့။ ရောဂါပိုးရှိနေတယ်၊ ရှိမနေဘူးက မသိရတော့ အကောင်းဆုံးကတော့ ကိုယ့်အိမ်ထဲမှာနေတာကတော့ အကောင်းဆုံပေါ့။ ဒါမှလည်း ရောဂါကူးစက်မှုနှုန်းက ကျမှာပေါ့။ အခုဟာက အပြင်ထွက်ရင် လူစည်နေတဲ့နှုန်းကျမသွားဘူး။ လမ်းပေါ်မှာ လူကအမြဲပြည့်မြဲ ပြည့်နေတာပဲ။ ပိုးတွေ့လူနာသာ များနေတာ အဲလိုလေးတွေတော့ ရှိတယ်ဗျ။”

မန္တလေးတိုင်းအတွင်း ကိုဗစ်ပိုးတွေ့လူနာကတော့ မနေ့က ထုတ်ပြန်ပြီးချိန် အထိဆို စုစုပေါင်းဦးရေ ၉၀၀ နီးပါးထိ ရှိနေတာပါ။ မန္တလေးတိုင်းမှာ ကူးစက်ခံရသူတွေနဲ့ ထိတွေ့မှုရှိခဲ့သူတွေကို ခြေရာခံလိုက်ရတဲ့အခါမှာ အခက်အခဲ တချို့ရှိနေပြီး၊ ရောဂါလက္ခဏာ တခုဖြစ်တဲ့ အနံ့အာရုံမရတဲ့ လူနာတွေကိုလည်း ကိုဗစ်စင်တာတွေဆီ နေ့တိုင်းပို့ပေးနေရတယ်လို့ ကိုစွမ်းပြည့်အောင်က ပြောပါတယ်။

ကိုဗစ်အတည်ပြုလူနာပေါင်း ၅၀၀ ဝန်းကျင်ရှိနေတဲ့ မွန်ပြည်နယ်မှာတော့ ရောဂါထိန်းချုပ်ရေးနဲ့ ပတ်သက်ပြီး ဆောင်ရွက်မှုတွေကို ပုံမှန်လုပ်ဆောင်နေပြီး၊ ပိုးတွေ့လူနာ အယောက် ၅၀၀ လောက်အထိကို ကုသပေးနိုင်ဖို့ ပြင်ဆင်ထားတယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။ ရောဂါအတည်ပြု လူနာနဲ့ ထိတွေ့မှုရှိခဲ့သူတွေ အပါအဝင်၊ နယ်စပ်ဂိတ်တွေကနေတဆင့် ပြန်ဝင်လာသူတွေအတွက်ကိုပါ သီးခြားထားပြီး အသွားအလာကန့်သတ်ဖို့က လူဦးရေ ၅,၀၀၀ လောက်အတွက် နေရာပြင်ဆင်ထားတယ်လို့ မွန်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါက်တာဝတ်မှုံက ပြောပါတယ်။

“ပုံမှန်ကတော့ ပြည်သူ့ကျန်းမာရေးဝန်ထမ်းတွေကတော့ Contact လိုက်တယ်၊ Quarantine မှာ စောင့်ရှောက်မှု ပေးတာပေါ့။ ဒီကုသမှုပိုင်းကတော့ ရောဂါဝေဒနာပေါ်လိုက်ပြီးတော့ လုပ်ပေးနေတယ်။ တချို့နေရာမှာ (ပိုးကူးစက်သူ) အများကြီးတွေ့လာရတယ် ဆိုရင်တော့ ပြည်နယ်အစိုးရအဖွဲ့ရဲ့အုပ်ချုပ်ရေးပိုင်းနဲ့ ဆက်သွယ်ပြီးတော့ Lockdown လုပ်တာတို့၊ Stay Home လုပ်နေရတာတွေတော့ ရှိတယ်။ အခုမဲဆွယ်ပွဲတွေလည်း လုပ်နေကြတယ်ဆိုတော့လေ ဒါတွေကတော့ တယောက်နဲ့တယောက် ရောဂါကူးစက်ဖို့ကို ပိုပြီးတော့ အခွင့်အလမ်းများစေတဲ့ အလုပ်တွေဖြစ်နေတာပေါ့နော်။ အဲဒါလေးတွေကိုတော့ အစ်မတို့ကတော့ ဆင်ဆင်ခြင်ခြင်နဲ့ လုပ်စေချင်တာပေါ့။”

မြန်မာနိုင်ငံ ကိုဗစ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ဥက္ကဋ္ဌဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း မဲလာပေးမယ့်ပြည်သူတွေ လူစုလူဝေးမဖြစ်အောင် ပြင်ဆင်ဆောင်ရွက်ထားတယ်လို့ အွန်လိုင်းကနေတဆင့် အသိပေးထားပါတယ်။ အဲဒါအပြင် ရောဂါကူးစက်မှုကို ကာကွယ်နိုင်ဖို့ ပြည်သူတယောက်ချင်းစီတိုင်းမှာ ကျန်းမာရေးအသိရှိဖို့ကိုလည်း သတိပေးလိုက်ပါတယ်။

“အခုအချိန်မှာဆိုရင် ဒီလိုနည်းနည်း ထိန်းလာနိုင်ပြီဆိုလို့ မပေါ့သွားစေချင်ပါဘူး။ ဒီနည်းနည်းထိန်းလာနိုင်တဲ့ အခြေအနေကနေပြီးတော့လုံးဝထိန်းနိုင်တဲ့အခြေအနေ ရောက်ဖို့ဆိုတာဟာ ကျမတို့တော်တော်လုပ်ယူရပါဦးမယ်။ ကုသမှုတွေနဲ့ ပတ်သက်လို့ ကျမတို့က နိုင်ငံတကာမှာသုံးနေတဲ့ အကောင်းဆုံးဆိုတဲ့ နည်းပညာတွေကိုလည်း သုံးပါတယ်၊ ဆေးတွေကိုလည်း သုံးပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲဆေးတွေ သုံးသုံး၊ နည်းပညာတွေသုံးသုံး နောက်ဆုံးကျတော့ အထိရောက်ဆုံးကတော့ ပြည်သူတွေတယောက်ချင်း၊ တယောက်ချင်း ကိုယ့်ကျန်းမာရေးအတွက် ကိုယ်ဂရုစိုက်ဖို့ပဲ ဖြစ်ပါတယ်။”

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ဒီကနေ့မွန်းလွဲပိုင်း ထုတ်ပြန်ပြီးချိန်အထိ ပြည်တွင်းမှာကိုဗစ်အတည်ပြု လူနာပေါင်း ၃၆,၀၂၅ ဦး ရှိနေပြီး၊ သေဆုံးသူကတော့ ၈၈၀ ဦး ရှိနေပါတယ်။ ရောဂါပြင်းထန်တဲ့ လူနာတွေကိုကုသပေးနိုင်ဖို့ လိုအပ်တဲ့သွေးရည်ကြည်ကိုလည်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက အလှူခံထားပါတယ်။ ကိုယ့်ဆီမှာ ကိုဗစ်ရောဂါပိုး ပျောက်ကင်းသွားတာ ၂၈ ရက်ပြည့်ပြီးသူတွေထဲက အသက် ၁၈ နှစ်နဲ့ ၆၀ ကြားရှိသူတွေကို ရွေးချယ်ပြီး သွေးရည်ကြည်အလှူခံသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ 


စုစု/VOA (Burmese)

https://burmese.voanews.com/a/covid-myanmar-cases/5626954.html

ရန်ကုန်အပြင် အခြားဒေသတွေမှာ ကိုဗစ်ကူးစက်မှု တိုးလာ ရန်ကုန်အပြင် အခြားဒေသတွေမှာ ကိုဗစ်ကူးစက်မှု တိုးလာ Reviewed by THITHTOOLWIN on 20:52 Rating: 5

No comments:

Powered by Blogger.